မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

“စစ်မက်သတင်းတွေ” ကြားက ကယ်ဆယ်ရေးလုပ်ငန်း

“စစ်မက်သတင်းတွေ” ကြားက ကယ်ဆယ်ရေးလုပ်ငန်း

၂၀၂၂ ခုနှစ်၊ မေ ၂၇ ရက်

 ဒီနောက်ဆုံးကာလမှာ “စစ်မက်သတင်းတွေကို . . . ကြားရ” ဖို့ မျှော်လင့်ထားကြပါတယ်။ (မဿဲ ၂၄:၆) ဒါပေမဲ့ စစ်ဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေဟာ အခက်အခဲတွေကြား လိုအပ်တဲ့အကူအညီ ရရှိနေကြတယ်။ ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်သူတွေအတွက် ဥရောပအရှေ့ပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆက်မပြတ်လုပ်နေတဲ့အကြောင်း အားရှိစရာအချက်အလက်တွေကို ၂၀၂၂ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်း #၃ မှာ တင်ဆက်ထားပါတယ်။ အပစ်အခတ်တွေကြား ကယ်ဆယ်ရေးလုပ်ငန်းကို ဘယ်လိုဆောင်ရွက်နေသလဲ။ ယူကရိန်းက ညီအစ်ကို၊ ညီအစ်မတွေကို ကယ်ဆယ်ရေးလုပ်ငန်းက ဘယ်လိုအထောက်အကူပြုသလဲ။

ဘာတွေ လိုအပ်သလဲ။ ဘယ်လိုပို့ကြမလဲ။

 ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ ယူကရိန်းမှာ စစ်စဖြစ်တယ်။ အဲဒီနေ့မှာပဲ ညှိနှိုင်းရေးမှူးများကော်မတီက ကယ်ဆယ်ရေးမှာသုံးမယ့် ငွေပမာဏကို ခွင့်ပြုပေးခဲ့တယ်။ ယူကရိန်းဌာနခွဲကလည်း သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ ၂၇ ခု ရဲ့အကူအညီနဲ့ ပစ္စည်းတွေဝယ်ပြီး ညီအစ်ကို၊ ညီအစ်မတွေဆီ ပို့ပေးခဲ့ကြတယ်။

 ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကလည်း ဘယ်လိုလက်တွေ့ကျတဲ့ အကူအညီတွေ ပေးရမလဲဆိုတာ ဝိုင်းစဉ်းစားကြတယ်။ ကမ္ဘာချီအဝယ်တော်ဌာနကို ယူကရိန်းနဲ့ ပိုလန် ဌာနခွဲက ကိုယ်စားလှယ်တွေနဲ့ တွဲလုပ်ဖို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးများကော်မတီနဲ့ ပုံနှိပ်ထုတ်ဝေရေးကော်မတီက တောင်းဆိုခဲ့တယ်။ ဘာလိုအပ်သလဲဆိုတာ သိအောင်လုပ်ဖို့နဲ့ လိုအပ်ချက်ကို ချက်ချင်းဖြည့်ဆည်းပေးနိုင်ဖို့ပါ။ ပိုလန်နဲ့ ယူကရိန်းဌာနခွဲရဲ့ အဝယ်တော်ဌာန၊ ထုပ်ပို့ရေးဌာနနဲ့ ဥပဒေရေးရာဌာနက ညီအစ်ကိုတွေ၊ ကမ္ဘာချီအဝယ်တော်ဌာနက ညီအစ်ကိုတွေ၊ ယူကရိန်းဌာနခွဲကော်မတီဝင်တစ်ဦး နေ့တိုင်း တွေ့ဆုံဆွေးနွေးကြတယ်။

အစားအစာ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းနဲ့ အားပေးစာတွေ ပါဝင်

 ကမ္ဘာချီအဝယ်တော်ဌာနက ညီအစ်ကို ဂျေး ဆွင်နီ အခုလိုပြောပြတယ်– “ဦးဆုံး၊ ညီအစ်ကို၊ ညီအစ်မတွေ ဘာလိုအပ်သလဲဆိုတာ သိအောင်လုပ်ကြတယ်။ ဒေသခံညီအစ်ကို၊ ညီအစ်မတွေ သုံးလေ့ရှိတဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေနဲ့ အစားအစာတွေ ပို့ပေးချင်တယ်။ ဒါပေမဲ့ ဘာလိုအပ်သလဲဆိုတာကို စဉ်းစားရတာက ပြဿနာတစ်ခုပဲ ရှိပါသေးတယ်။ အဲဒီပစ္စည်းတွေကို စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံထဲ ဘယ်လိုပို့ရင် အမြန်ဆုံးနဲ့ ဘေးအကင်းဆုံးဖြစ်မလဲ ဆိုတာကိုလည်း စဉ်းစားရတယ်။”

 စစ်ဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေ လိုအပ်တဲ့ပစ္စည်းတွေကို ၂၀၂၂ ခုနှစ်၊ မတ် ၉ ရက်မှာ သိလာတယ်။ အသား/ငါး စည်သွတ်ဗူး၊ ဂျုံ၊ ပြောင်း၊ ပဲ၊ ဆန် စတဲ့ အခြေခံအစားအစာတွေနဲ့ ဆပ်ပြာ၊ အိမ်သာသုံးစက္ကူ စတဲ့ အခြေခံ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေကို ပြင်ဆင်ပေးကြတယ်။ အဲဒီအစားအစာနဲ့ ပစ္စည်းတွေကို လူတစ်ယောက် လေးပတ်စာ သုံးဖို့ဆိုရင် အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာလောက် ကုန်ကျမယ်လို့ ခန့်မှန်းခဲ့တယ်။ ညီအစ်ကို၊ ညီအစ်မ သောင်းနဲ့ချီ လိုအပ်ကြမှာမို့ ပိုက်ဆံအများကြီးထပ်ကုန်မယ်။ ဒါကြောင့် ညှိနှိုင်းရေးမှူးများကော်မတီက ကယ်ဆယ်ရေးမှာသုံးမယ့် ငွေပမာဏကို ထပ်တိုးပေးခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကိုတွေ ဘေးကင်းကင်းနဲ့ အဲဒီပစ္စည်းတွေကို ဘယ်လို ပို့ကြမလဲ။

 မတ်လ ၁၃ ရက်မှာ ပိုလန်က ညီအစ်ကိုနှစ်ယောက်က ပိုလန်ဌာနခွဲက ပစ္စည်းတွေကို ယူကရိန်းနိုင်ငံ၊ လဗိဗ်မြို့အနီးက ဂိုဒေါင်ဆီ အစမ်းသယ်သွားတယ်။ ပိုလန်နဲ့ ယူကရိန်းဌာနခွဲက ညီအစ်ကိုတွေဟာ ရက်နဲ့ချီကြိုပြီး ညီအစ်ကိုနှစ်ယောက်ရဲ့ သွားရေးလာရေးအတွက် ဝိုင်းကူညီပြင်ဆင်ပေးကြတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးဖို့ နယ်စပ်ကိုဖြတ်တဲ့အခါ လိုအပ်မယ့် စာရွက်စာတမ်းတွေကို ဌာနခွဲရုံးက ပြင်ဆင်ပေးတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးပစ္စည်းပို့တဲ့ကားတွေဖြစ်ကြောင်း ထင်သာမြင်သာအောင် အမှတ်အသားတွေ လုပ်ပေးတယ်။ ယူကရိန်းနိုင်ငံထဲဝင်လာတဲ့အခါ ဘယ်လမ်းကသွားရင် အမြန်ဆုံးဖြစ်မလဲဆိုတာကိုလည်း ယူကရိန်းဒေသခံညီအစ်ကိုတွေက ပြောပြပေးကြတယ်။ ကောင်းကောင်းပြင်ဆင်ထားမှုနဲ့ ယေဟောဝါရဲ့ကောင်းချီးကြောင့် ၂၄ နာရီအတွင်း လဗိဗ်မြို့ကို ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်သွားပြီး ကယ်ဆယ်ရေးကော်မတီတွေ လက်ခံရရှိခဲ့ကြတယ်။ ညီအစ်ကိုနှစ်ယောက်လည်း ပိုလန်ကို ဘေးကင်းစွာ ပြန်ရောက်လာကြတယ်။

 ပထမအကြိမ် အစမ်းပို့တာတော့ အောင်မြင်သွားပြီ။ ဒါပေမဲ့ ကယ်ဆယ်ရေးပစ္စည်း ၁ တန်လောက်ကိုပဲ ပို့နိုင်ခဲ့တာ။ နောက်ထပ် တန် ၂၀၀ လောက်ကို ပို့ရဦးမယ်။ အဲဒီလောက်များတဲ့ပစ္စည်းတွေကို အမြန်ဆုံးနည်းနဲ့ ဘယ်လိုပို့ဆောင် ဝေငှကြမလဲ။

“လူတွေဟာ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်”

 ယူကရိန်းကညီအစ်ကိုတွေ စစ်ကြောင့် ထိခိုက်နေတဲ့အကြောင်း jw.org ဝက်ဆိုက်မှာ ဖတ်ရတဲ့အခါ ကမ္ဘာတစ်ဝန်းက ညီအစ်ကို၊ ညီအစ်မတွေ အကူအညီပေးချင်ကြတယ်။ အလှူငွေတွေကို အကျိုးရှိရှိအသုံးပြုမယ်ဆိုတာ သိထားကြတဲ့အတွက် ရပ်ဝေးမှာနေတဲ့သူတွေက ယေဟောဝါသက်သေတွေရဲ့ကမ္ဘာချီလုပ်ငန်းမှာ အလှူငွေထည့်ဝင်ကြတယ်။ အိမ်နီးချင်းနိုင်ငံတွေက ညီအစ်ကို၊ ညီအစ်မတွေက သူတို့ရဲ့အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေကိုသုံးပြီး ကူညီပေးကြတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

 ပိုလန်မှာ စေတနာ့ဝန်ထမ်းတွေက သိန်းနဲ့ချီတဲ့ လက်ဆောင်ထုပ်တွေ ပြင်ဆင်ကြတယ်။ ကလေးတွေက ကတ်တွေပေါ် မှာ ပုံတွေဆွဲပေးတယ်။ ပိုလန်ဌာနခွဲ၊ အဝယ်တော်ဌာနက ညီအစ်ကို ဘာတို့ရှ် ကော့ရှဲညက် အခုလိုပြောပြတယ်- “ယေဟောဝါရဲ့ ‘လူတွေဟာ စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြလိမ့်မယ်’ လို့ ဆာလံ ၁၁၀:၃ မှာ ခဏခဏ ဖတ်ဖူးတယ်။ ဒါပေမဲ့ အဲဒီစကားတွေ တကယ်မှန်တယ်ဆိုတာ အခုတော့ ကိုယ်တွေ့ကြုံလိုက်ရတယ်။ စေတနာ့ဝန်ထမ်း ရာနဲ့ချီ တဖွဲဖွဲရောက်လာကြတယ်။ သူတို့အားလုံးက စေတနာအပြည့်နဲ့ အလုပ်စလုပ်ဖို့၊ ကူညီပေးဖို့ အဆင်သင့်ပဲ။”

 နိုင်ငံတကာသယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင် ညီအစ်ကိုတစ်ယောက်က ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဖို့ ထရပ်ကားတွေ ပေးသုံးတယ်၊ ဓာတ်ဆီလည်း လှူတယ်။ ဓာတ်ဆီ ၂,၀၃၄ ဂါလံလောက် ရှိနိုင်တယ်။ သူ အခုလိုပြောပြတယ်- “ညီအစ်ကို၊ ညီအစ်မတွေနဲ့ ယေဟောဝါဘုရားကို ချစ်ကြောင်း ပြခွင့်ရလိုက်တာပါ။ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်လို့ ကျွန်တော် သိပ်ဝမ်းသာတယ်။” တခြားညီအစ်ကိုတွေကလည်း ပစ္စည်းတွေပို့ဖို့ အချိန်၊ ခွန်အားတွေသုံးပြီး မိုင် ၃၀,၀၀၀ ကျော် ကားမောင်းပေးကြတယ်။

 ညီအစ်ကို၊ ညီအစ်မတွေရဲ့ စေတနာမေတ္တာနဲ့ အားစိုက်လုပ်ဆောင်မှုကြောင့် ပထမအစမ်းပို့ပြီး ၁၅ ရက် အတွင်းဖြစ်တဲ့ မတ်လ ၂၈ ရက်နေ့မှာပဲ စားစရာ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်း၊ ဆေးဝါး တန် ၁၀၀ ယူကရိန်းကို ရောက်သွားတယ်။ ညီအစ်ကိုတွေနဲ့ ပစ္စည်းရောင်းသူတွေရဲ့ ရက်ရက်ရောရော လှူဒါန်းမှုကြောင့် ကယ်ဆယ်ရေးအတွက် ကုန်ကျမယ့် ငွေ အတော်တော်များများကို ချွေတာနိုင်ခဲ့တယ်။ ဒီနေ့အချိန်အထိဆိုရင် ယေဟောဝါသက်သေတွေဟာ ယူကရိန်းကို ကယ်ဆယ်ရေးပစ္စည်း တန် ၁၉၀ ကျော် ပို့ပေးနိုင်ခဲ့ပြီ။ အဲဒါတွေက ညီအစ်ကို၊ ညီအစ်မတွေကို ဘယ်လိုအထောက်အကူပြုသလဲ။

“မေတ္တာတွေကိုပါ တွေ့လိုက်ရတယ်”

 လဗိဗ်မြို့ကို ပစ္စည်းတွေ ရောက်လာတာနဲ့ ယူကရိန်း တစ်ခွင်မှာရှိတဲ့ ကယ်ဆယ်ရေးကော်မတီတွေက လိုအပ်သူတွေကို ဝေပေးကြတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ မြို့ပေါင်းစုံကို ရောက်သွားတယ်။ တချို့မြို့တွေဆိုရင် လဗိဗ်မြို့ကနေ မိုင် ၈၀၀ ကျော်ဝေးတယ်။ တတ်နိုင်သလောက် အမြန်ဆုံး လုပ်ပေးခဲ့ပေမဲ့ အချိန်တော့ ယူခဲ့ရတယ်။ a

 ယူကရိန်းဌာနခွဲကော်မတီဝင် ညီအစ်ကို မားကပ် ရိန်းဟာ့ဒ် ဒီလိုပြောတယ်– “ဒီအရေးအခင်းကာလထဲမှာ ညီအစ်ကို၊ ညီအစ်မ များစွာဟာ ယေဟောဝါရဲ့ မေတ္တာကို ကိုယ်တွေ့ခံစားခဲ့ရတယ်။ အန္တရာယ် မကြုံခင် ကတည်းက ဘုရားအဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်ကို အသေအချာလိုက်နာဖို့ အရေးကြီးမှန်းလည်း သိခဲ့ကြတယ်။ ဥပမာ၊ အပတ်အနည်းငယ်စာ အစားအစာနဲ့ ရေ ကြိုတင်စုဆောင်းထားဖို့ ယောက်တိုင်းကို အားပေးခဲ့တယ်။ အဲဒီလမ်းညွှန်ချက်နဲ့ပတ်သက်ပြီး ကိဗ်မြို့မှာနေတဲ့ အကြီးအကဲ ညီအစ်ကို အန်တန်က ‘ခက်ခဲတဲ့ အခြေအနေအတွက် ယေဟောဝါအဖွဲ့အစည်း ကြိုတင်ပြင်ဆင်ပေးထားလို့ ကျေးဇူးတင်တယ်။ အစားအစာနဲ့ ရေအပြင် ရေဒီယိုကို ကြိုတင်ပြင်ဆင်ထားလို့ အသက်ရှင်နိုင်ခဲ့တာ’ လို့ ပြောပြတယ်။ ဒီလမ်းညွှန်ချက်ကို ညီအစ်ကိုတွေ လိုက်နာကြလို့ ကျွန်တော်တို့ သိပ်ဝမ်းသာတယ်။ အဲဒါကြောင့် ကယ်ဆယ်ရေးပစ္စည်းတွေ မရောက်လာခင် အသက်ဆက်နိုင်ခဲ့ကြတာ။”

 ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်လာတဲ့အခါ ညီအစ်ကိုတွေ ဘယ်လို ခံစားရသလဲ။ ခါကိဗ်မြို့က မီကိုလာနဲ့ ဇင်နေဒါ အခုလို ပြောပြတယ်– “ကျွန်တော်တို့ကို ဂရုစိုက်ပေးလို့ တကယ့်ကို စိတ်ထိမိသွားတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေအတွက် ကျေးဇူးတင်ပါတယ်။ ဘုရားရဲ့လက်တော်ကို အထင်အရှား မြင်တွေ့ရတယ်။” အဲဒီမြို့မှာနေတဲ့ ဗလင်တီနာလည်း ဒီလို ပြောပြတယ်– “စစ်စဖြစ်တာနဲ့ လူတွေက ဈေးဝယ်ဖို့ အကြာကြီး တန်းစီစောင့်နေရတယ်။ လိုအပ်တဲ့ပစ္စည်းတွေ အမြဲတော့ ဝယ်လို့မရနိုင်ဘူး။ ဒီပြဿနာကို ယေဟောဝါ သိလို့ ကျွန်မတို့ဆီ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးနိုင်အောင် ညီအစ်ကိုတွေကို တာဝန်ပေးခဲ့တာ။ ကယ်ဆယ်ရေးပစ္စည်းထဲမှာ ကျွန်မတို့လိုအပ်ရာတွေ ကွက်တိပါတယ်။ ဒီလိုခက်ခဲတဲ့ အချိန်တွေမှာ မျှော်လင့်ချက်မဲ့ပုံပေါက်နေပေမဲ့ ယေဟောဝါဘုရားနဲ့ အဖွဲ့အစည်းရဲ့ ဂရုစိုက်မှုကို အထူးတလည် ခံစားရတယ်။ . . . အကူအညီနဲ့ ထောက်မမှု တအားလိုအပ်နေချိန်မှာ ဘုရားသခင်ဆီကနေ အချိန်ကိုက်ကူညီမှုရလို့ အားရှိလိုက်တာ။”

 မာရီယူပိုလ်မြို့ကနေ ထွက်ပြေးခဲ့ရတဲ့ ယယ်ဟန်၊ အီရီနာနဲ့ မိုက်ကီတာတို့ ဒီလိုပြောတယ်– “ကျွန်တော်တို့ မိသားစုကို ဂရုစိုက်ပေးလို့၊ ထောက်မပေးလို့ သိပ်ကျေးဇူးတင်တယ်။ တကယ်ပြောတာ၊ လုံးဝ အချိန်ကိုက်ပဲ။ အစပိုင်းမှာတော့ အထုပ်ထဲမှာ ပစ္စည်းတွေပဲ ပါတယ်လို့ ထင်ခဲ့တာ။ တကယ်တမ်း ဖွင့်ကြည့်လိုက်တော့ ညီအစ်ကို၊ ညီအစ်မတွေရဲ့ မေတ္တာတွေကိုပါ တွေ့လိုက်ရတယ်။”

ယယ်ဟန်၊ အီရီနာနဲ့ မိုက်ကီတာ

 “စစ်မက်သတင်းတွေ” ကြားမှာ မေတ္တာပါ အစီအစဉ်ဖြစ်တဲ့ ကယ်ဆယ်ရေးပစ္စည်း ပေးပို့ခြင်းကို စွမ်းအားတော်နဲ့ ယေဟောဝါ လမ်းညွှန်နေတာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ကမ္ဘာချီလုပ်ငန်းအတွက် ညီအစ်ကို၊ ညီအစ်မတို့ရဲ့ မေတ္တာပါ အလှူငွေတွေ၊ များသောအားဖြင့် donate.mr1310.com ကနေတစ်ဆင့် ပေးလှူမှုတွေကြောင့် ဒီလိုလုပ်နိုင်တာပါ။ ညီအစ်ကို၊ ညီအစ်မတို့ရဲ့ ရက်ရက်ရောရော လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေကို အတတ်နိုင်ဆုံး အန္တရာယ်ကင်းကင်း အမြန်ဆုံး ပို့ပေးခဲ့ကြ

  1. ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂– ကယ်ဆယ်ရေးပစ္စည်းတွေကို ယူကရိန်းဌာနခွဲ စတင်ပြင်ဆင်နိုင်အောင် ညှိနှိုင်းရေးမှူးများ ကော်မတီက ကယ်ဆယ်ရေးမှာသုံးဖို့ ငွေပမာဏကို ခွင့်ပြုပေးခဲ့တယ်။

  2. ဖေဖော်ဝါရီ ၂၄-မတ် ၈၊ ၂၀၂၂– ယူကရိန်း ဌာနခွဲက ဒေသတွင်းကနေ ပစ္စည်းတွေ ဝယ်ယူပြီး သဘာဝဘေးကယ်ဆယ်ရေး ကော်မတီတွေကတစ်ဆင့် စတင်ဖြန့်ဝေပေးခဲ့တယ်။ ပိုလန်ကနေပို့တဲ့ ပစ္စည်းတွေကို လက်ခံဖို့၊ ဖြန့်ဝေဖို့လည်း ပြင်ဆင်တယ်။

  3. မတ် ၉၊ ၂၀၂၂– ညှိနှိုင်းရေးမှူးများ ကော်မတီက ယူကရိန်းဆီ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ဖို့ ခွင့်ပြုတယ်။

  4. မတ် ၁၀–၁၂၊ ၂၀၂၂– ပိုလန်ကနေ ယူကရိန်းနိုင်ငံ လဗိဗ်မြို့ကို အစားအစာနဲ့ ထောက်ပံ့ပစ္စည်းတွေ အစမ်းပို့ဖို့ စီစဉ်တယ်။

  5. မတ် ၁၃၊ ၂၀၂၂– ပိုလန်ကနေ ယူကရိန်းနိုင်ငံ လဗိဗ်မြို့ကို အစားအစာနဲ့ ထောက်ပံ့ပစ္စည်းတွေ အစမ်းပို့တယ်။

  6. မတ် ၁၄–၁၆၊ ၂၀၂၂– ပိုလန်နိုင်ငံ၊ ပိုဇ်နန်မြို့နားက စည်းဝေးပွဲခန်းမမှာ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနရဲ့ စေတနာ့ဝန်ထမ်းတွေက အစားအစာနဲ့ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေ ထည့်ထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ထုပ်ပိုးကြတယ်။

  7. မတ် ၁၇၊ ၂၀၂၂– အစမ်းပို့တာ အောင်မြင်ပြီးနောက် လေးရက်အကြာမှာ ကယ်ဆယ်ရေးပစ္စည်း ၁၃ တန်ကို ယူကရိန်းနယ်စပ်ကို စတင်ပို့ဆောင်တယ်။

  8. မတ် ၂၁–၂၇၊ ၂၀၂၂– ကျန်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း အဲဒီအတိုင်း ပိုလန်ကနေ ယူကရိန်းကို ပို့ဆောင်တယ်။ အဲဒီနောက် ၂၄ နာရီအတွင်း လိုအပ်တဲ့ ဒေသတွေဆီ ဝေငှတယ်။

  9. မတ် ၂၈၊ ၂၀၂၂– ခွင့်ပြုချက်ရပြီး ရက် ၂၀ အတွင်း တန် ၁၀၀ ရှိတဲ့ အစားအစာ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းတွေ၊ ဆေးဝါးတွေကို ယူကရိန်းကို ပို့နိုင်ခဲ့တယ်။

 ဒီနေ့အချိန်အထိဆိုရင် ယေဟောဝါသက်သေတွေဟာ ယူကရိန်းကို ကယ်ဆယ်ရေးပစ္စည်း တန် ၁၉၀ ကျော် ပို့ပေးနိုင်ခဲ့ပြီ။

a ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ပုံအကြောင်း ပိုသိချင်ရင် “ယူကရိန်း စစ်ဖြစ်တဲ့ ဒေသတွေဆီ အထောက်အပံ့ပစ္စည်းတွေကို ညီအစ်ကိုတွေ သတ္တိရှိရှိ သယ်ဆောင်ပေးကြ၊ ကယ်ထုတ်ပေးကြ” ဆောင်းပါးကို ဖတ်ပါ။