မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

ကျမ်းစာ​ခေတ်​က ဘဏ္ဍာစိုးတွေ​ရဲ့ တာဝန်​ဟာ ဘာလဲ

ကျမ်းစာ​ခေတ်​မှာ ဘဏ္ဍာစိုး​ဟာ လူ​တစ်ဦး​ရဲ့ အိမ်မှု​ကိစ္စတွေ၊ ပိုင်ဆိုင်ရာတွေ​ကို စီမံ​ခန့်ခွဲ​ပေး​ရ​တယ်။ “ဘဏ္ဍာစိုး” လို့ ပြန်ဆို​ထား​တဲ့ ဟီဘရူး​နဲ့ ဂရိ​စကားလုံး​ဟာ ကြီးကြပ်မှူး ဒါမှ​မဟုတ် အလုပ်ကြပ်​ကို ရည်ညွှန်း​လေ့​ရှိ​တယ်။

ယာကုပ်​ရဲ့​သား ယောသပ်​ဟာ အီဂျစ်​ပြည်​မှာ ကျွန်​ဘဝ ရောက်​နေ​တုန်းက သခင့်​အိမ်​ကို ကြီးကြပ်​ပေး​ရ​တဲ့ ဘဏ္ဍာစိုး ဖြစ်​လာ​တယ်။ သခင်​က “ပိုင်ဆိုင်​သမျှ​ကို ယောသပ်​လက်​ထဲ အပ်” ထား​တယ်။ (က. ၃၉:၂-၆) နောက်ပိုင်း ယောသပ်​ကိုယ်တိုင် အီဂျစ်​ပြည်​မှာ သြဇာ​အာဏာ​ရှိ​သူ ဖြစ်​လာ​တော့ သူ့​အိမ်​မှာ ဘဏ္ဍာစိုး ဒါမှ​မဟုတ် အိမ်တော်ထိန်း ခန့်​ထား​တယ်။—က. ၄၄:၄

ယေရှု​ခေတ်​က လယ်​ပိုင်ရှင်တွေ​ဟာ လယ်မြေ​နဲ့ ဝေး​တဲ့ မြို့​ထဲ​မှာ နေထိုင်​လေ့​ရှိ​တယ်။ ဒါကြောင့် လယ်​လုပ်သားတွေ​ရဲ့ နေ့စဉ် လုပ်ငန်း​ဆောင်တာတွေ​ကို ကြီးကြပ်​ပေး​ဖို့ ဘဏ္ဍာစိုးတွေ ခန့်​ထား​ကြ​တယ်။

ဘဏ္ဍာစိုး​တာဝန်​အတွက် ဘယ်သူတွေ အရည်အချင်း ပြည့်မီ​သလဲ။ ဘဏ္ဍာစိုး၊ တစ်နည်း​အားဖြင့် ကြီးကြပ်မှူး တာဝန်​ရ​တဲ့ ကျွန်ဟာ “အတွေ့အကြုံ​ရှိသူ၊” “ရက်စက်​ကြမ်းတမ်း​မှု မရှိ​ဘဲ လုပ်သားများ​ကို ကြီးကြပ်​နိုင်​သူ” ဖြစ်​သင့်​တယ်​လို့ ပထမ​ရာစု ရောမ​စာရေး​ဆရာ ကလမ်မီလာ ပြော​တယ်။ “ဘဏ္ဍာစိုး​တစ်ယောက်​အတွက် အရေးကြီးဆုံး​က တကယ် မသိ​ဘဲ သိ​သလိုလို မလုပ်​ဖို့၊ သင်ယူ​ချင်​စိတ် အမြဲ ရှိ​နေ​ဖို့ ဖြစ်​တယ်” လို့ သူ ဆက်​ပြော​တယ်။

ခရစ်ယာန်​အသင်းတော် လုပ်ငန်း​ဆောင်တာ​တချို့​ကို ဖော်ပြ​ဖို့ ဘဏ္ဍာစိုး ပုံဥပမာ​ကို ကျမ်းစာ​မှာ သုံး​ထား​တယ်။ ဥပမာ၊ “မဟာ​ကရုဏာတော်​ကို ခံစား​ရ​တဲ့ ဘဏ္ဍာစိုးကောင်းတွေ” အနေနဲ့ ဘုရားပေး ဆုကျေးဇူး​ကို “အချင်းချင်း​အတွက် အကျိုးဆောင်​ဖို့ အသုံးပြု​ကြ​ပါ” လို့ ခရစ်ယာန်တွေ​ကို တမန်တော် ပေတရု တိုက်တွန်း​တယ်။—၁ ပေ. ၄:၁၀

လုကာ ၁၆:၁-၈ မှာ ဘဏ္ဍာစိုး ပုံဥပမာ​ကို ယေရှု သုံး​ခဲ့​တယ်။ ဘုရင်​အဖြစ် မိမိ​ရောက်ရှိ​ခြင်း နိမိတ်​အကြောင်း ကြိုဟောချက်မှာ​လည်း “သစ္စာ​နဲ့ သတိ​ပညာ​ရှိ​တဲ့ ကျွန်၊” တစ်နည်း​အားဖြင့် “သစ္စာရှိ ဘဏ္ဍာစိုး” ကို ခန့်အပ်​မယ်​လို့ တပည့်တွေ​ကို ကတိ​ပေး​တယ်။ အဲဒီ​ဘဏ္ဍာစိုး​ရဲ့ အဓိက​တာဝန်​ဟာ နောက်ဆုံး​ကာလ​အတွင်း ခရစ်တော်​ရဲ့ နောက်လိုက်တွေ​အတွက် အချိန်တန်​အစာ ပုံမှန် ပြင်ဆင်​ပေး​ဖို့​ပါပဲ။ (မ. ၂၄:၄၅-၄၇။ လု. ၁၂:၄၂) ယုံကြည်ခြင်း ခိုင်ခံ့​စေ​တဲ့ စာပေတွေ ကမ္ဘာ​တစ်ဝန်း ရရှိ​နိုင်​အောင် ပြင်ဆင်​ပေး​နေ​တဲ့ သစ္စာရှိ ဘဏ္ဍာစိုး​ကို ကျွန်တော်တို့ အလွန် ကျေးဇူး​တင်​ကြ​ပါ​တယ်။