မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်​နဲ့ ရင်းနှီးအောင် ကြိုးစား​ပါ။ ဒါဆိုရင် ဘုရားသခင်​လည်း ခင်ဗျား​တို့​နဲ့ ရင်းနှီး​လာလိမ့်မယ်။”—ယာကုပ် ၄:၈

ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်​သလား

ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်​သလား

ကိုယ့်​ဆုတောင်းချက်​ကို ဘုရားသခင် နားထောင်​ရဲ့​လားလို့ စဉ်းစား​ဖူး​သလား။ စဉ်းစား​ဖူး​တယ်​ဆိုရင် သင်​တစ်ယောက်တည်း မဟုတ်ပါဘူး။ လူများစွာက သူတို့ရဲ့ ပြဿနာ​အကြောင်း ပြောပြ​ပြီး ဆုတောင်း​ကြတယ်။ ဒါပေမဲ့ အဲဒီ​ပြဿနာ​တွေ​က ပြေလည်​မသွား​ဘဲ ဆက်​ရှိနေတုန်းပဲ။ ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားမထောင်ဘူး​ဆို​တဲ့ သဘောလား။ မဟုတ်ပါဘူး။ နည်း​မှန်​လမ်း​ကျ ဆုတောင်း​တယ်​ဆိုရင် ဘုရားသခင် နားထောင်တယ်​လို့ ကျမ်းစာ​မှာ အာမခံ​ထား​တယ်။ ကျမ်းစာ ဘာ​ပြော​သလဲ​ဆိုတာ လေ့လာ​ကြည့်​ကြ​စို့။

ဘုရားသခင် နားထောင်တယ်။

“ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်၊ ကိုယ်တော့်​ဆီ​ကို လူအမျိုးမျိုး လာ​ကြ​ပါ​လိမ့်မယ်။”—ဆာလံ ၆၅:၂

လူ​တချို့က စိတ်သက်သာရာ သက်သာ​ကြောင်း​ ရဖို့ ဆုတောင်း​ကြတယ်။ ဒါပေမဲ့ ဘုရားသခင် တကယ်​ နားထောင်​နေတယ်လို့ မယုံကြည်​ကြဘူး။ ဆုတောင်း​တယ်​ဆိုတာ စိတ်သက်သာရာ​ ရစေတဲ့ စိတ်​ကုထုံး​တစ်မျိုး​လောက်​ပဲ မဟုတ်ဘူး။ “ယေဟောဝါ​ဟာ * ဆုတောင်း​တဲ့​သူ​တိုင်း၊ စိတ်ရင်းမှန်​နဲ့ ဆုတောင်း​သူ​တိုင်း​ရဲ့ အနီးအပါး​မှာ ရှိတယ်။ . . . သူတို့ အော်ဟစ်​အကူအညီ​တောင်း​တဲ့​အခါ နားထောင်ပြီး ကယ်တင်​တယ်” လို့ ကျမ်းစာ​မှာ အာမခံ​ထား​တယ်။—ဆာလံ ၁၄၅:၁၈၊ ၁၉

ယေဟောဝါ​ဘုရား​က မိမိကို​ ဝတ်ပြု​သူတွေရဲ့ ဆုတောင်းချက်​တွေ​ကို နားထောင်တယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။ “မင်းတို့​က ငါ့ကို ခေါ်​ကြလိမ့်မယ်။ ငါ့​ဆီ ဆုတောင်း​ကြလိမ့်မယ်။ ငါ​က​လည်း မင်းတို့​ ပြော​တာ​ကို နားထောင်မယ်” လို့ ဘုရားသခင် ချစ်ခင်​ကြင်နာ​စွာ ပြော​တယ်။—ယေရမိ ၂၉:၁၂

ဘုရားသခင်​က သင့်ကို ဆုတောင်း​စေချင်တယ်။

“ဇွဲ​မလျှော့​တမ်း ဆုတောင်း​ပါ။”—ရောမ ၁၂:၁၂

“အမြဲ ဆုတောင်း​နေကြပါ။” “အချိန်​အခါတိုင်း​မှာ . . . ဆုတောင်း​နေပါ” လို့ ကျမ်းစာ​မှာ အားပေးထား​တယ်။ ယေဟောဝါ​ဘုရား​က ကျွန်တော်​တို့ကို ဆုတောင်း​စေချင်တယ်​ဆိုတာ ရှင်း​နေပါတယ်။—မဿဲ ၂၆:၄၁။ ဧဖက် ၆:၁၈

ဘာကြောင့် ဆုတောင်း​စေ​ချင်​သလဲ။ ဒီ​အချက်​ကို စဉ်းစား​ကြည့်ပါ– “ဖေဖေ၊ သမီးကို/သားကို ဒါ​လုပ်ပေး​ပါ​ဦး” လို့ ပြော​တာ​ကို နားမထောင်ချင်တဲ့ မိဘ မရှိပါဘူး။ တကယ်တော့ အဖေက ကလေး​ရဲ့ လိုအပ်ချက်၊ ခံစားချက်​တွေ​ကို သိ​ပြီး​သား​ပဲ။ အဲဒီလို​ပြော​တာ​ကို ကြား​တဲ့​အခါ ကလေး သူ့ကို အားကိုး​တယ်၊ ချစ်တယ်​လို့ အဖေ​ဖြစ်သူ ခံစား​ရတယ်။ အဲဒီလိုပဲ ယေဟောဝါ​ဘုရား​ကို ကျွန်တော်​တို့ ဆုတောင်း​တဲ့​အခါ ဘုရား​ကို အားကိုး​တယ်၊ ဘုရား​နဲ့ ရင်းနှီး​ချင်​တယ်​ဆိုတာ ဖော်ပြရာ​ရောက်တယ်။—ပညာအလိမ္မာ ၁၅:၈။ ယာကုပ် ၄:၈

ဘုရား​က သင့်ကို တကယ် ဂရုစိုက်​တယ်။

“စိုးရိမ်​ပူပန်​စ​ရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်​ထား​လိုက်ပါ။ ဘုရားသခင်​ဟာ ခင်ဗျား​တို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇

ဘုရား​က ကျွန်တော်​တို့ကို ဆုတောင်း​စေချင်တယ်။ ဘာဖြစ်​လို့လဲ​ဆိုတော့ ကျွန်တော်​တို့ကို ချစ်​လို့၊ ဂရုစိုက်​လို့​ပဲ။ ကျွန်တော်​တို့​ရဲ့ ပြဿနာ​တွေ၊ စိုးရိမ်​ပူပန်မှု​တွေ​ကို အကုန်​ သိတယ်။ ကျွန်တော်​တို့ကို ကူညီ​ပေး​ချင်​တယ်။

ဘုရင်​ ဒါဝိဒ်ဟာ ဘဝ​တစ်လျှောက်​လုံး​မှာ အကူအညီ​ ရဖို့ ယေဟောဝါ​ဘုရားဆီ ဆုတောင်း​ခဲ့​တယ်။ သူ့ရဲ့ အတွေး​တွေ၊ ခံစားချက်​တွေ​ကို ပြောပြ​ခဲ့​တယ်။ (ဆာလံ ၂၃:၁-၆) ဒါဝိဒ်​နဲ့​ပတ်သက်ပြီး ဘုရားသခင် ဘယ်လို ခံစား​ခဲ့​ရသလဲ။ ဒါဝိဒ်​ကို ချစ်တယ်၊ သူ့ရဲ့ ဆုတောင်းချက်​များစွာကို နားထောင်​ခဲ့​တယ်။ (တမန်​တော် ၁၃:၂၂) အဲဒီလိုပဲ ဘုရားသခင်​က ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​တွေ​ကို နားထောင်တယ်။ ဘာဖြစ်​လို့လဲ​ဆိုတော့ ကျွန်တော်​တို့ကို ဂရုစိုက်​လို့​ပါ။

“ယေဟောဝါ​ကို ငါ​ချစ်​မြတ်နိုးတယ်၊ ငါ​အသနားခံတာကို ဘုရား နားထောင်ပေး​လို့​ပဲ”

အဲဒီ​စကား​တွေ​က ဆာလံကျမ်း​ရေးသူ တစ်ယောက်​ရဲ့ စကား​တွေ​ပါ။ သူ့ရဲ့ ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်တယ်​ဆိုတာ ယုံကြည်​စိတ်ချ​ခဲ့​တယ်။ အဲဒါ​က သူ့​အတွက် အများကြီး အကူအညီ​ ဖြစ်​ခဲ့​တယ်။ ဘုရား​နဲ့ ပို​ရင်းနှီး​လာတယ်။ အခက်အခဲ​တွေ၊ ဝမ်းနည်းပူဆွေးမှု​တွေ​ကို ဖြေရှင်းဖို့ ခွန်အား​တွေ ရှိ​လာတယ်။—ဆာလံ ၁၁၆:၁-၉

ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​တွေ​ကို ဘုရား​ နားထောင်တယ်​လို့ ယုံကြည်​စိတ်ချ​ရင် ဆက်​ပြီး ဆုတောင်း​မှာပဲ။ စပိန်​နိုင်ငံ မြောက်ပိုင်း​မှာ နေထိုင်တဲ့ ပေသရို​ရဲ့​ အဖြစ်ကို သုံးသပ်ကြည့်​ပါ။ သူ့ရဲ့ ၁၉ နှစ်အရွယ် သားက ယာဉ်တိုက်မှု​ကြောင့် သေဆုံး​သွားတယ်။ ဝမ်းနည်းပူဆွေး​နေချိန်မှာ နှစ်သိမ့်မှုနဲ့ အားပေးမှု ရဖို့ ဘုရားဆီ အထပ်ထပ် ရင်ဖွင့် ဆုတောင်း​ခဲ့​တယ်။ ဘာ​အကျိုး ရခဲ့​သလဲ။ “ခရစ်ယာန်​ချင်း​တွေ​က ကျွန်တော်​နဲ့ ကျွန်တော့်​ဇနီး​ကို နှစ်သိမ့်ပေး၊ ထောက်မပေးခဲ့​တယ်။ အဲဒီနည်းနဲ့ ကျွန်တော့်​ရဲ့ ဆုတောင်းချက်​တွေ​ကို ယေဟောဝါ အဖြေပေး​ခဲ့​တယ်” လို့ ပေသရို ပြောပြ​တယ်။

မိတ်ဆွေ​တွေ​ရဲ့ နှစ်သိမ့်မှု၊ အားပေးမှု​က​တစ်ဆင့် ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​တွေ အဖြေပေး​ခံ​ရလေ့​ရှိ

ဆုတောင်း​လိုက်လို့ သေသွား​တဲ့​ သားက အသက်​ပြန်​မ​ရှင်​လာပေမဲ့ ဆုတောင်းချက်​တွေ​က ပေသရို​နဲ့ သူ့​မိသားစု​အတွက် အများကြီး အကူအညီ​ ဖြစ်​ခဲ့​တယ်။ ပေ​သရို​ရဲ့​ ဇနီး မာ​ရီ​ယာ ကာမန် ဒီလို ပြောပြ​တယ်– “ဆုတောင်းချက်​တွေ​က ဝမ်းနည်းပူဆွေးမှု​ကို ခံရပ်​ဖို့ ကူညီ​ပေး​ခဲ့​တယ်။ ယေဟောဝါ​ဘုရား​က ကျွန်မ​ရဲ့ ခံစားချက်​တွေ​ကို နားလည်တယ်​ဆိုတာ ကျွန်မ သိတယ်။ ဘာကြောင့်လဲ​ဆိုတော့ ဆုတောင်း​လိုက်တဲ့အခါ စိတ်​ငြိမ်သက်မှု ခံစားရ​လို့​ပဲ။”

ကျမ်းစာ​နဲ့ ကိုယ်တွေ့​ဖြစ်ရပ်​တွေ​က ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်တယ်​ဆိုတာ အထင်အရှား ဖော်ပြ​တယ်။ ဒါပေမဲ့ ဆုတောင်းချက် အားလုံး​ကို​တော့ ဘုရားသခင် အဖြေ​မပေးဘူး။ ဘုရားသခင်​က ဆုတောင်းချက်​တချို့​ကို​တော့ အဖြေပေး​ပြီး တချို့​ကို​တော့ ဘာဖြစ်​လို့ အဖြေ​မပေး​တာလဲ။

^ အပိုဒ်၊ 5 ယေဟောဝါ​ဆိုတာ ဘုရားသခင်​ရဲ့ နာမည်​ပါ။—ဆာလံ ၈၃:၁၈