မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေး

အပျက်​သဘောထားတွေကို ရှောင်​ဖို့၊ အပြုသဘောထား မွေးမြူဖို့ ကျမ်းစာက သတိပေး​တိုက်တွန်း​ထားတယ်။

ဒေါသ

ကျမ်းစာ အခြေခံ​မူ။ “လွယ်လွယ်နဲ့ ဒေါသ​မ​ထွက်​တဲ့​သူဟာ ခွန်အားကြီး​သူ​ထက် သာလွန်တယ်။”—ပညာအလိမ္မာ ၁၆:၃၂

အဓိပ္ပာယ်။ စိတ်​ထိန်းချုပ်နိုင်စွမ်း ရှိတာ ကောင်းတယ်။ တစ်ခါတလေ ဒေါသ​ထွက်​စ​ရာ​အကြောင်း ရှိ​နိုင်ပေမဲ့ ဒေါသကို မထိန်း​ဘူးဆိုရင် ပျက်စီး​ရာ​ရောက်​စေတယ်။ ဒေါသ​ထွက်​နေချိန်မှာ နောက်​မှ နောင်တရ​စ​ရာ​မျိုးကို ပြော​မိ​လုပ်မိ​တတ်တယ်လို့ သုတေသီ​တွေ တွေ့ရှိ​ကြတယ်။

လုပ်ဆောင်​နိုင်ရာ။ ဒေါသ​က ကိုယ့်ကို မလွှမ်းမိုး​ခင် ကိုယ်က ဒေါသကို ထိန်းချုပ်​တတ်အောင် သင်ယူပါ။ ဒေါသ​ထွက်တာ စိတ်ဓာတ်​ကြံ့ခိုင်​ခြင်း​လို့ တချို့ ယူဆ​ကြပေမဲ့ တကယ်တော့ ပျော့​ညံ့​ခြင်း ဖြစ်ကြောင်း သိထား​သင့်တယ်။ “စိတ်​မချုပ်တည်း​ နိုင်​သူဟာ မြို့ရိုး ပြိုပျက်​ပြီး အကာအရံ​မဲ့နေတဲ့ မြို့​နဲ့ တူတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၂၅:၂၈) ဒေါသ​ထိန်းချုပ်​နိုင်တဲ့ နည်း​တစ်နည်း​ကတော့ မတုံ့ပြန်​ခင် အကြောင်းရင်းကို သိအောင်​လုပ်ခြင်း​ပါပဲ။ “ထိုးထွင်း​ဉာဏ်​ရှိသူဟာ ဒေါသ​ချုပ်တည်း​တယ်။” (ပညာအလိမ္မာ ၁၉:၁၁) နှစ်ဖက်​စကားကို သေသေချာချာ နားထောင်​သင့်တယ်။ ဒါဆိုရင် ထိုးထွင်း​ဉာဏ် ရှိလာမယ်။ စိတ်တည်ငြိမ်​လာမယ်။

ကျေးဇူး​သိ​တတ်​ပါ

ကျမ်းစာ အခြေခံ​မူ။ “ကျေးဇူး​သိ​တတ်ကြ​ပါ။” —ကောလောသဲ ၃:၁၅

အဓိပ္ပာယ်။ ကျေးဇူး​သိတတ်တဲ့​သူတွေ​ပဲ ပျော်ရွှင်​ချမ်းမြေ့​တတ်ကြတယ်​လို့ ဆိုကြတယ်။ ဆုံးရှုံးမှုကြီး ကြုံတွေ့​ရတဲ့​သူတွေတောင် ဒီ​အချက်ကို လက်ခံကြတယ်။ ဆုံးရှုံး​သွားတဲ့​အရာကို အာရုံမစိုက်​ဘဲ ရှိ​ထားတာ​လေး​အတွက် ကျေးဇူး​သိတတ်ခြင်း​က အောင်မြင်ခြင်း​ရဲ့ သော့ချက် ဖြစ်တယ်လို့ ဆိုကြတယ်။

လုပ်ဆောင်​နိုင်ရာ။ နေ့စဉ် ကျေးဇူးတင်စရာ​အကြောင်း​တွေ စာရင်း​လုပ်ပါ။ ကြီးကြီးမားမား ဖြစ်စရာ မလိုဘူး။ အရုဏ်ဦးအလှ၊ ချစ်ခင်​ရသူ​နဲ့ စကားစမြည်​ပြောတာ၊ အသက်ရှင်​ရတာ​စတဲ့ အသေးအဖွဲ​လေး​တွေကို စဉ်းစားပါ။ ဒီလို​အပြုသဘော​ဆောင်တဲ့​အရာတွေကို အချိန်ပေး​စဉ်းစား​မယ်၊ ကျေးဇူးတင်မယ်​ဆိုရင် စိတ်ပိုင်းဆိုင်ရာ တိုးတက်​ကောင်းမွန်စေ​မယ်။

မိသားစုနဲ့ မိတ်ဆွေ​တွေ ရှိလို့ ဘယ်လောက် ကျေးဇူးတင်စရာ​ကောင်း​သလဲ​ဆိုတာကို စဉ်းစား​မယ်​ဆိုရင် အကျိုးရှိ​နိုင်တယ်။ ကိုယ်​တန်ဖိုး​ထားရတဲ့ အချက်လေး​တွေ တွေ့​ရင် သူတို့ကို လူကိုယ်တိုင်​ဖြစ်စေ၊ အီးမေးလ်၊ စာတို​ပို့​ပြီး​ဖြစ်စေ ပြောပြပါ။ အဲဒါက ခင်မင်​ရင်းနှီးမှု တိုး​စေပြီး ပေးကမ်းခြင်း​ကြောင့် ပျော်ရွှင်မှု ရစေမယ်။—တမန်တော် ၂၀:၃၅

တခြား ကျမ်းစာ အခြေခံ​မူများ

ကျမ်းစာ အသံ​ဖိုင်​တွေကို ကူးယူ​နိုင်ပါတယ်။ jw.org မှာ ဘာသာစကား ၄၀ လောက်​နဲ့ ရနိုင်ပါတယ်။

အငြင်းပွား​ခြင်း​ကို ရှောင်ပါ။

“ရန်ပွဲကို အစပျိုး​လိုက်တာ​ဟာ ရေ​တံခါး​ကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံ မဖြစ်ခင် ရှောင်​ထွက်သွား​ပါ။”—ပညာအလိမ္မာ ၁၇:၁၄

အနာဂတ်​အတွက် အစိုး​ရိမ်​မ​လွန်​ပါ​နဲ့။

“နေ့ရက်တိုင်းဟာ သူ့​စိုးရိမ်​စ​ရာ​နဲ့​သူ ရှိနေမှာ​ဆိုတော့ မနက်ဖြန်​အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့​ကြုံရတဲ့ အခက်အခဲ​ကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄

စိတ်​လိုက်​မာန်​ပါ မလုပ်ပါနဲ့။

“စဉ်းစား​ဆင်ခြင်နိုင်စွမ်း​က မင်းကို စောင့်ကြပ်​ပေးလိမ့်မယ်။ ပိုင်းခြား​သိမြင်နိုင်စွမ်း​က ကာကွယ်​ပေးလိမ့်မယ်။”—ပညာအလိမ္မာ ၂:၁၁