မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပူးပေါင်း​လုပ်ဆောင်ခြင်း​ဆိုတာ လေယာဉ်မှူး​နဲ့ တွဲဖက်​လေယာဉ်မှူး​တို့ ခရီးစဉ်​တစ်ခု ပျံသန်း နေတာ​နဲ့ တူတယ်

ဇနီးမောင်နှံ​များ​အတွက်

၂– ပူးပေါင်းလုပ်ဆောင်ခြင်း

၂– ပူးပေါင်းလုပ်ဆောင်ခြင်း

ဆိုလိုရင်း

ဇနီးမောင်နှံ​နှစ်ယောက် အိမ်ထောင်မှာ ပူးပေါင်း​လုပ်ဆောင်​ရင် လေယာဉ်မှူး​နဲ့ တွဲဖက်​လေယာဉ်မှူး​တို့ ခရီးစဉ်​တစ်ခု ပျံသန်းနေတာ​နဲ့ တူတယ်။ အခက်အခဲတွေ ပေါ်လာရင်တောင် “ငါ” လို့ မတွေး​ဘဲ “ငါတို့” လို့ တွေးတတ်တယ်။

ကျမ်းစာ အခြေခံမူ။ “သူတို့ဟာ နှစ်ယောက် မဟုတ်တော့​ဘဲ တစ်သား​တစ်ကိုယ်တည်း ဖြစ်​သွားပြီ။”—မဿဲ ၁၉:၆

“အိမ်ထောင်​ဆိုတာ တစ်ယောက်တည်းနဲ့​ပြီး​တဲ့ ကိစ္စ​မဟုတ်ဘူး။ အောင်မြင်​တဲ့​အိမ်ထောင် ဖြစ်ဖို့ လင်နဲ့ မယား ပူးပေါင်း​လုပ်ဆောင်ရမယ်။”—ခရစ္စတိုဖာ။

ဘာကြောင့် အရေးကြီးသလဲ

ပူးပေါင်း​လုပ်ဆောင်ခြင်း မရှိတဲ့ လင်မယား​ဟာ ပြဿနာ ပေါ်လာတဲ့အခါ ပြဿနာကို မဖြေရှင်း​ဘဲ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ကြတယ်။ အသေးအဖွဲတွေက ပြဿနာကြီး​တွေ ဖြစ်လာတတ်တယ်။

“အိမ်ထောင်မှာ ပူးပေါင်း​လုပ်ဆောင်ခြင်းက အဓိကကျတယ်။ ပူးပေါင်း​လုပ်ဆောင်ခြင်း မရှိရင် အိမ်ထောင်ဖက် မဟုတ်ဘဲ အခန်းဖော်တွေပဲ ဖြစ်​နေ​မှာ။ အတူ​နေပေမဲ့ အရေးကြီးတဲ့​ဆုံးဖြတ်ချက်တွေ ချဖို့ ခက်ခဲနိုင်တယ်။”—အလက်ဇန္ဒြာ။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ပါ

  • ကိုယ့်​ဝင်​ငွေတွေကို “ငါ့​ငွေ” လို့​ပဲ မြင်သလား။

  • အိမ်ထောင်ဖက်​နဲ့ ဝေးဝေး​နေ​မှ စိတ်​ချမ်းသာ​သ​လား။

  • အိမ်ထောင်ဖက်က သူ့ရဲ့​ဆွေမျိုးတွေ​နဲ့ ရင်းရင်းနှီးနှီး ရှိနေပေမဲ့ ကိုယ့်ဘက်​က ခပ်ကင်းကင်း နေ​သ​လား။

အိမ်ထောင်ဖက်​နဲ့ ဆွေးနွေးပါ

  • ဘယ်​ကဏ္ဍ (တွေ) မှာ ပူးပေါင်း​လုပ်ဆောင်​ကြ​သလဲ။

  • ဘယ်​ကဏ္ဍ (တွေ) မှာ တိုးတက်ဖို့ လိုသလဲ။

  • ပူးပေါင်း​လုပ်ဆောင်ချင်စိတ် ပို​ရှိလာအောင် ဘာတွေ လုပ်နိုင်သလဲ။

အကြံပြုချက်များ

  • သင်​နဲ့ သင့်​အိမ်ထောင်ဖက်ဟာ ပြိုင်ဘက် တင်းနစ်သမား​နှစ်ယောက် မဟုတ်ဘဲ တစ်ဖွဲ့တည်း​မှာ တွဲကစားသူတွေ​လို​ဖြစ်ဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားကြည့်ပါ။

  • ‘ငါ ဘယ်လို နိုင်မလဲ’ မဟုတ်ဘဲ “တို့​နှစ်ယောက် ဘယ်လို နိုင်မလဲ’ လို့ စဉ်းစားပါ။

“ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာကို မစဉ်းစားပါနဲ့။ အဲဒါတွေ​ထက် အိမ်ထောင် စည်းလုံး​သာယာ​ဖို့​က ပိုအရေးကြီးတယ်။”—အီသန်။

ကျမ်းစာ အခြေခံမူ။ “ကိုယ့်​အကျိုးကို​ပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါး​အကျိုးကိုလည်း ထည့်စဉ်းစား​ပေး​ကြ​ပါ။” —ဖိလိပ္ပိ ၂:၃၊ ၄