မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

အကြမ်းဖက်မှု

အကြမ်းဖက်မှု

လူ့သမိုင်းဟာ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အကြမ်းဖက်မှုကြောင့်ဖြစ်တဲ့ ဝမ်းနည်းစရာ မှတ်တမ်းတွေ အမြဲ ရှိသွားမှာလား။

အကြမ်းဖက်မှုကို ဘုရားသခင် ဘယ်လို ရှုမြင်သလဲ

လူအများပြောဆိုရာ

– ဘာသာတရားကိုင်းရှိုင်းသူတွေအပါအဝင် လူအတော်များများက အကြမ်းဖက်မှုဆိုတာ တရားမျှတမှုရှိအောင် လှုံ့ဆော်ပေးတဲ့ တုံ့ပြန်မှုတစ်ရပ်လို့ ရှုမြင်ကြတယ်။ သန်းနဲ့ချီတဲ့သူတွေဟာ အကြမ်းဖက်မှုကိုအသားပေးတင်ဆက်တဲ့ ဗီဒီယိုတွေနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို ဖျော်ဖြေမှုပုံစံတစ်ခုအဖြစ် လက်ခံကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ

– အီရတ်နိုင်ငံမြောက်ပိုင်း၊ မိုဆယ်မြို့အနီးမှာ ရှေးခေတ်အဆီးရီးယား အင်ပါယာရဲ့ မြို့တော် နိနေဝေမြို့ပျက်ကြီး ရှိတယ်။ အဲဒီမြို့တော်ကြီး ဘုန်းမီးနေလထွန်းတောက်နေချိန်မှာ၊ နိနေဝေမြို့ကို ‘လူသူကင်းမဲ့စေလိမ့်မယ်’ လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ (ဇေဖနိ ၂:၁၃ကဘ) နိနေဝေမြို့ကို ‘လူတွေလက်ညှိုးထိုးစရာဖြစ်အောင် လုပ်မယ်’ ဆိုပြီး ဘုရားသခင် ပြောခဲ့တယ်။ ဘာကြောင့်လဲ။ နိနေဝေမြို့ဟာ ‘သွေးသွန်းတဲ့မြို့’ ဖြစ်လို့ပဲ။ (နာဟုံ ၁:၁; ၃:၁၊ကဘ) ဒါ့အပြင် ‘အကြမ်းဖက်သူတွေကို ယေဟောဝါက ရွံမုန်း’ တဲ့အတွက်လည်း ဖြစ်တယ်။ (ဆာလံ ၅:၆ကဘ) ဘုရားသခင်ဟာ ပြောတဲ့အတိုင်း လုပ်တယ်ဆိုတာကို နိနေဝေမြို့ပျက်ကြီးက သက်သေခံနေပါတယ်။

အကြမ်းဖက်မှုကို ဖြစ်ပေါ်စေသူကတော့ မာရ်နတ်ပါပဲ၊ ဒါကြောင့် ယေရှုခရစ်က စာတန်မာရ်နတ်ကို “လူ့အသက်ကို သတ်သောသူ” လို့ ခေါ်ခဲ့တယ်။ (ယောဟန် ၈:၄၄) ဒါ့အပြင် “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြ” တာကြောင့် လူများစွာဟာ အကြမ်းဖက်ခြင်းဖြင့်၊ အကြမ်းဖက်ဗီဒီယိုတွေကို မက်မက်မောမော ကြည့်ရှုကြခြင်းဖြင့် မာရ်နတ်ရဲ့ သဘောထားကို ရောင်ပြန်ဟပ်နေကြတယ်။ (၁ ယောဟန် ၅:၁၉သမ္မာကျမ်း) ဘုရားသခင့် နှစ်သက်လက်ခံမှုကို ရချင်တယ်ဆိုရင် အကြမ်းဖက်မှုကို မုန်းပြီး ဘုရားသခင် ကြိုက်တာကို လုပ်နေဖို့ လိုတယ်။ * အဲဒီလိုလုပ်ဖို့ ဖြစ်နိုင်ပါ့မလား။

‘ယေဟောဝါက အကြမ်းဖက်မှုနှစ်သက်သူကို မုန်းတယ်။’ဆာလံ ၁၁:၅ကဘ။

ကြမ်းတမ်းရမ်းကားသူတွေဟာ ပြောင်းလဲလာနိုင်ပါသလား

လူအများပြောဆိုရာ

– အကြမ်းဖက်တတ်တဲ့ ဗီဇပါလာတယ်ဆိုရင်တော့ မပြောင်းလဲနိုင်ဘူး။

သမ္မာကျမ်းစာပြောဆိုရာ

– “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မိုက်မဲခြင်း၊ ဆဲဆိုခြင်း၊ သင်တို့၏နှုတ်မှ ညစ်ညမ်းသောစကားပြောဆိုခြင်း ရှိသမျှတို့ကို ဖယ်ရှားကြလော့။ . . . ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏အကျင့်အကြံများကို ချွတ်ပယ်၍၊ . . . အသစ်ပြုပြင်သော စရိုက်သစ်ကို ဝတ်ဆင်ကြလော့” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကောလောသဲ ၃:၈-၁၀) ဘုရားသခင်ဟာ လူတွေဆီကနေ အလွန်အမင်း တောင်းဆိုနေတာလား။ မဟုတ်ပါဘူး။ ဘုရားသခင် တောင်းဆိုတဲ့အတိုင်း လူတွေ ပြောင်းလဲနိုင်ကြပါတယ်။ * ဘယ်လိုနည်းနဲ့လဲ။

ပထမအဆင့်က ဘုရားသခင်နဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့အသိပညာရှိလာအောင် လုပ်ဖို့ ဖြစ်တယ်။ (ကောလောသဲ ၃:၁၀) လူတစ်ယောက်ဟာ ဖန်ဆင်းရှင်ရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေ၊ စံနှုန်းတွေကို သိရှိ၊ လက်ခံလာတဲ့အခါ ဘုရားသခင်ကို ချစ်ခင်ရင်းနှီးလာပြီး ကိုယ်တော်ရဲ့ နှစ်သက်လက်ခံမှုကို လိုချင်လာတယ်။—၁ ယောဟန် ၅:၃

ဒုတိယအဆင့်ကတော့ အပေါင်းအသင်းရွေးချယ်တာနဲ့ ဆက်စပ်နေတယ်။ “အမျက်ဒေါသကိုမထိန်းသိမ်းနိုင်သူတို့နှင့် မိတ်မဖွဲ့နှင့်။ သင်သည်လည်း သူတို့၏အကျင့်ဆိုးများကို ရ၍ မပြောင်းလဲနိုင်ဘဲဖြစ်လိမ့်မည်။”—သုတ္တံ ၂၂:၂၄၊ ၂၅ခမ။

တတိယအဆင့်မှာတော့ ထိုးထွင်းသိမြင်မှု ပါဝင်တယ်။ အကြမ်းဖက်လုပ်ရပ် လုပ်မိသွားစေတဲ့အရာက တကယ့်ကို ကြီးလေးတဲ့အားနည်းချက်ဖြစ်တဲ့ မချုပ်တည်းနိုင်ခြင်းကြောင့်ပဲ။ ဒါပေမဲ့ ငြိမ်သက်မှုကို လိုလားတဲ့သူကျတော့ ချုပ်တည်းနိုင်စွမ်းကောင်းသူ ဖြစ်တယ်။ ‘ဒေါသထွက်နှေးသူဟာ ခွန်အား ကြီးသူထက် ပိုကောင်းတယ်’ လို့ သုတ္တံ ၁၆:၃၂ [ကဘ] မှာ ဖော်ပြထားတယ်။

“လူတိုင်းနှင့် ငြိမ်းချမ်းစွာ နေနိုင်ရန် ကြိုးစားကြလော့။”ဟေဗြဲ ၁၂:၁၄ခမ။

အကြမ်းဖက်မှု အဆုံးတိုင်ပါဦးမလား

လူအများပြောဆိုရာ

– အကြမ်းဖက်မှုဆိုတာ ဟိုးအရင်ကတည်းက ရှိခဲ့တာ၊ နောင်လည်း ဆက်ရှိနေဦးမှာပဲ။

သမ္မာကျမ်းစာပြောဆိုရာ

– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [မြေကြီး] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၁၀၊ ၁၁) စိတ်နှိမ့်ချတဲ့သူတွေနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေ ဘေးကင်းလုံခြုံဖို့ ဘုရားသခင်ဟာ အကြမ်းဖက်မှုနှစ်သက်ခဲ့ကြတဲ့ ရှေးနိနေဝေမြို့ကြီးကို ဖျက်ဆီးခဲ့သလို အကြမ်းဖက်မှုနှစ်သက်သူတွေကို ဖယ်ရှားပစ်ပါလိမ့်မယ်။ အဲဒီနောက်၊ အကြမ်းဖက်မှုဟာ ကမ္ဘာ့ဘယ်နေရာမှာမှ ရှိတော့မှာမဟုတ်ဘူး။—ဆာလံ ၇၂:၇

“နူးညံ့သိမ်မွေ့သူတို့သည် . . . မြေကြီးကို အမွေရကြလိမ့်မည်။”—မဿဲ ၅:၅

သင့်တင့်ငြိမ်သက်တဲ့ စိတ်သဘောကို မွေးမြူပြီး ဘုရားသခင် နှစ်သက်လက်ခံအောင်နေရမယ့်အချိန်ဟာ အခုအချိန်ပါပဲ။ ယေဟောဝါဘုရားသည် “မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် အလိုရှိသောကြောင့် သင်တို့အပေါ် စိတ်ရှည်တော်မူ၏” လို့ ၂ ပေတရု ၃:၉၊ ၁၀ မှာ ဖော်ပြထားပါတယ်။

‘သူတို့က ဓားတွေကို ထယ်သွားတွေဖြစ်အောင်၊ လှံတွေကို ကိုင်းဖြတ်ဓားတွေဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။’ဟေရှာယ ၂:၄ကဘ။

^ အပိုဒ်၊ 7 ဘုရားသခင်ဟာ ရှေးခေတ်အစ္စရေးလူမျိုးတွေ မိမိနိုင်ငံကို ကာကွယ်ဖို့ စစ်တိုက်ခွင့်ပေးခဲ့တယ်။ (၂ ရာဇဝင်ချုပ် ၂၀:၁၅၊ ၁၇) အစ္စရေးတွေနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်စာချုပ်ကို ဘုရားသခင် ဖျက်သိမ်းလိုက်ပြီး နိုင်ငံတစ်ခုထဲမှာ မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ ခရစ်ယာန်အသင်းတော်ကို တည်ထောင်လိုက်တဲ့အခါ စစ်တိုက်ခွင့်မပေးတော့ဘူး။

^ အပိုဒ်၊ 11 လူတွေဟာ သူတို့ရဲ့ဘဝပုံစံကို ပြောင်းလဲနိုင်ကြတယ်ဆိုတဲ့ ပုံနမူနာတွေကို ကင်းမျှော်စင် မဂ္ဂဇင်းထဲက “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆောင်းပါးတွဲတွေမှာ ဖတ်နိုင်ပါတယ်။