မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | ဘဝအခြေအနေနောက် ရေစုန်မျောလိုက်တာ ဖြေရှင်းနည်းလား

အခက်အခဲ– လုပ်ရမယ့်အလုပ်တွေ များလွန်းနေ

အခက်အခဲ– လုပ်ရမယ့်အလုပ်တွေ များလွန်းနေ

ကလေးတွေကို ဂရုစိုက်ဖို့လိုနေတယ်။ အလုပ်ရှင်ကလည်း အလုပ်တွေပေးထားတယ်။ အိမ်ထောင်ဖက် တောင်းဆိုတာကိုလည်း လုပ်ချင်တယ်။ သက်ကြီးရွယ်အို မိဘတွေကိုလည်း ပြုစုစောင့်ရှောက်နေရတယ်။ ဒါက သင် မျှော်မှန်းခဲ့တဲ့ဘဝပုံစံတော့ မဟုတ်ဘူး။ “ငါ ဘာလုပ်ရမလဲ။ အားလုံးက ငါလုပ်ရမယ့် အလုပ်တွေပဲ” လို့စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို သင်တစ်ယောက်တည်း လုပ်ပြန်ရင်လည်း သင့်အတွက်ရော၊ သူတို့အတွက်ပါ အကျိုးရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကြောင့် ဘယ်လိုလုပ်နိုင်ပါသလဲ။

ကျမ်းစာပုံနမူနာ– မောရှေ

ကျမ်းစာခေတ်ကမောရှေဟာ အစ္စရေးတွေရဲ့ တစ်ယောက်တည်းသော တရားသူကြီး ဖြစ်နေတဲ့အတွက် ဒါငါ့အလုပ်ပဲ၊ ငါလုပ်ရမယ်လို့ ယူမှတ်ခဲ့ပုံရတယ်။ ယောက္ခမဖြစ်သူက ‘မင်းလုပ်ပုံက မဟုတ်သေးပါဘူး။ မင်းရော၊ ဒီလူတွေရော ပင်ပန်းကုန်လိမ့်မယ်’ လို့ပြောပြီး အလုပ်အတော်များများကို အရည်အချင်းရှိတဲ့သူတွေကို ခွဲပေးဖို့နဲ့ ကြီးတဲ့အမှုကိုပဲ မောရှေစီရင်ဖို့ အကြံပေးခဲ့တယ်။ ဘာအကျိုးဖြစ်ခဲ့သလဲ။ ‘အဲဒီလိုလုပ်မယ်ဆိုရင် မင်း ဝန်ပိတော့မှာ မဟုတ်ဘူး။ လူတွေလည်း ကျေကျေနပ်နပ်နဲ့ အိမ်ပြန်သွားကြလိမ့်မယ်’ လို့ မောရှေယောက္ခမ ပြောခဲ့တယ်။—ထွက်မြောက်ရာ ၁၈:၁၇-၂၃ကဘ။

ဒယ်လီနာ လုပ်ဆောင်ရာ

ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ ဒယ်လီနာဟာ အာရုံကြောနဲ့ကြွက်သား ရောဂါဝေဒနာ ခံစားနေရတယ်။ ပြုစုစောင့်ရှောက်ဖို့ အကူအညီလိုနေတဲ့ အစ်ကိုသုံးယောက်ကိုလည်း ကြည့်ရှုနေရတယ်။ “အချိန်မဆွဲဘဲ တစ်နေ့စာအလုပ်ကို တစ်နေ့အပြီး လုပ်လိုက်တဲ့အတွက် စိတ်ဖိစီးမှုမရှိဘူး။ ကျွန်မခင်ပွန်းနဲ့ တခြားသူတွေကို ကျွန်မရဲ့ အခက်အခဲကို ပြောပြတဲ့အခါ အကူအညီတွေရတယ်။ မနက်တိုင်း ကျွန်မရဲ့ပန်းခြံထဲမှာ အချိန်နည်းနည်းပေး အလုပ်လုပ်တာကလည်း စိတ်ပျော်စေတယ်” လို့ သူပြောပြတယ်။

‘လုပ်ဆောင်မှုတိုင်းမှာ သူ့အချိန်နဲ့သူရှိတယ်။’—ဒေသနာ ၃:၁ကဘ။

လုပ်ဆောင်နိုင်ရာ

လုပ်ရမယ့်အလုပ်တွေ များလွန်းနေတယ်ဆိုရင် အောက်ပါအချက်တွေကို စမ်းကြည့်နိုင်တယ်–

  • သင့်ကို အကူအညီပေးနိုင်တဲ့သူတွေကို စဉ်းစားကြည့်ပါ။ ဥပမာ၊ သင်နဲ့အတူနေတဲ့ သင့်ကလေးတွေ ကူညီပေးနိုင်မလား။ အနီးအနားမှာနေထိုင်ကြတဲ့ ဆွေမျိုး၊ သူငယ်ချင်းတွေဆီကနေ အကူအညီရနိုင်မလား။

  • သင့်အခြေအနေကို ပြောပြပါ။ ဥပမာ၊ အလုပ်ရှင်ပေးတဲ့ အလုပ်များလွန်းတယ်ဆိုရင် သူနဲ့ဆွေးနွေးနိုင်တယ်။ အလုပ်ထွက်မယ်လို့ ပြောဖို့မလိုဘူး။ သင့်ရဲ့အခက်အခဲ ကိုပဲ တင်ပြနိုင်ပါတယ်။ သူ အလုပ်လျှော့ပေးကောင်း လျှော့ပေးပါလိမ့်မယ်။

  • တစ်ပတ်အတွင်း သင်လုပ်ရမယ့်အလုပ်တွေကို စာရင်းလုပ်ကြည့်ပါ။ တခြားသူကို လွှဲပေးနိုင်တဲ့ အလုပ်တွေ ရှိပါသလား။

  • ဖိတ်ခေါ်ခံရတဲ့ လူမှုရေးပွဲတွေကို စဉ်းစားပြီးမှ လက်ခံပါ။ အချိန်နဲ့ခွန်အား အများကြီးပေးရမယ့်ပွဲဆိုရင် သင်မတက်ရောက်နိုင်ကြောင်း လေးစားစွာ အကြောင်းပြန်ပါ။

အဓိကအချက်– အလုပ်အားလုံးကို သင်တစ်ယောက်တည်း သိမ်းကျုံးလုပ်မယ်ဆိုရင် နောက်ပိုင်းမှာ ဘာအလုပ်ကိုမှ မလုပ်နိုင် ဖြစ်သွားပါလိမ့်မယ်။