မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ

အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ

အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ

စ်နေ့နေ့မှာ  “အဆုံးသည် ရောက်လိမ့်မည်” ဆိုပြီး  ယေရှုခရစ်  ကြိုပြောခဲ့တယ်။ (မဿဲ ၂၄:၁၄)  အဲဒီအချိန်နဲ့ပတ်သက်ပြီး ကိုယ်တော်က ‘ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဆင်းရဲခြင်းသည် ထိုကာလ၌ ဖြစ်လိမ့်မည်’ ဆိုပြီး ဆက်ပြောပါတယ်။—မဿဲ ၂၄:၁၄၊ ၂၁

အဆုံးနဲ့ပတ်သက်တဲ့ ယေရှုရဲ့ စကားတွေအပြင် တခြားကျမ်းချက်တွေကြောင့် အရေးကြီးတဲ့ မေးခွန်းအတော်များများ မေးစရာပေါ်လာတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို သင့်ကျမ်းစာအုပ်မှာ ရှာဖွေလေ့လာကြည့်ရင် မကောင်းဘူးလား။

၁ ဘာတွေက အဆုံးတိုင်မှာလဲ။

ဒီကမ္ဘာကြီးက ဖျက်ဆီးခံရမယ်လို့ ကျမ်းစာမှာ မပြောထားပါဘူး။ ‘[ဘုရားသခင်သည်] မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူသည်’ လို့ ဆာလံကျမ်းရေးသူက ဖော်ပြခဲ့တယ်။ (ဆာလံ ၁၀၄:၅) ကမ္ဘာချီမီးလောင်တဲ့အခါ သက်ရှိအားလုံး ပြာကျသွားမယ်လို့လည်း ကျမ်းစာမှာ မဖော်ပြထားပါဘူး။ (ဟေရှာယ ၄၅:၁၈) အဆုံးကို လူတချို့ ကပ်ကျော်သွားလိမ့်မယ်ဆိုပြီး ယေရှုကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ (မဿဲ ၂၄:၂၁၊ ၂၂) ဒီလိုဆိုရင် အဆုံးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောထားသလဲ။

အရည်အချင်းမရှိတဲ့ လူ့အုပ်ချုပ်ရေး အဆုံးတိုင်မယ်။ ဘုရားသခင်က ပရောဖက်ဒံယေလကို ဒီလိုရေးသားစေခဲ့တယ်– ‘ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်သည်  တည်ထောင်စေတော်မူမည်။  ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရဘဲ နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။’—ဒံယေလ ၂:၄၄၊ ၄၅

စစ်နဲ့  ညစ်ညမ်းမှုတို့  အဆုံးတိုင်မယ်။  ဘုရားသခင် လုပ်ဆောင်မယ့်အရာကို ဆာလံ ၄၆:၉ မှာ ဒီလိုဖော်ပြထားတယ်– “လေးကိုချိုးလျက်၊ လှံကို အပိုင်းပိုင်းဖြတ်လျက်၊ ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင် စစ်မှုကို ငြိမ်းစေတော်မူ၏။” သည့်အပြင်  ဘုရားသခင်က  “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဗျာ. ၁၁:၁၈

ရာဇဝတ်မှုနဲ့ မတရားမှုတို့ အဆုံးတိုင်မယ်။ ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ မတရားသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်’ လို့ သမ္မာကျမ်းစာကဆိုတယ်။ *သု. ၂:၂၁၊ ၂၂

၂ ဘယ်အချိန်မှာ အဆုံးရောက်လာမှာလဲ။

ဆိုးသွမ်းမှုကို  ဖယ်ရှားပြီး  ကောင်းကင်အစိုးရတည်ထောင်မယ့် “အချိန်” ကို ယေဟောဝါဘုရားသခင် သတ်မှတ်ထားပြီးသားဖြစ်တယ်။ (မာကု ၁၃:၃၃) ဒါပေမဲ့ ဘယ်အချိန်မှာ အဆုံးရောက်လာမယ်ဆိုတာကို ကျွန်ုပ်တို့ အတိအကျ တွက်ချက်လို့မရဘူးဆိုပြီး ကျမ်းစာကဆိုတယ်။ “ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏” လို့ယေရှု ပြောခဲ့တယ်။ (မဿဲ ၂၄:၃၆) ဒါပေမဲ့ အဆုံးမရောက်ခင်မှာ ဖြစ်ပျက်လာမယ့် ကမ္ဘာ့အခြေအနေတွေကို ယေရှုနဲ့ သူ့ရဲ့တမန်တော်တွေ ကြိုပြောခဲ့ကြတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေအားလုံး တစ်ပြိုင်တည်း ကမ္ဘာချီ ဖြစ်ပျက်လာတဲ့အချိန်မှာ အဆုံးက အပီအပြင် ထင်ရှားလာမယ်။

နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းတွေမှာ ကသောင်းကနင်းနိုင်မှုက သမိုင်းတစ်လျှောက် တစ်ခါမှမဖြစ်ဖူးတဲ့  အတိုင်းအတာနဲ့  ဖြစ်ပွားလျက်ရှိတယ်။ အဆုံးနဲ့ပတ်သက်ပြီး တပည့်တွေမေးခဲ့ကြတဲ့ မေးခွန်းတွေကို ယေရှု ဒီလိုဖြေကြားပေးခဲ့တယ်–  ‘လူတစ်မျိုးနှင့်တစ်မျိုး၊  တစ်နိုင်ငံနှင့်တစ်နိုင်ငံ  တိုက်ခိုက်ကြလိမ့်မည်။  တစ်နေရာပြီး  တစ်နေရာ၌ ငလျင်လှုပ်လိမ့်မည်။ အစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်။ ထိုအမှုအရာများသည် ဆင်းရဲခက်ခဲမှု၏ အစဖြစ်၏။’ (မာကု ၁၃:၈) တမန်တော်ပေါလုကလည်း  ဒီလိုရေးသားခဲ့တယ်–  ‘နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ အကြောင်းမူကား  လူတို့သည်  ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊  ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ၊ ဘာသာတရားဆည်းကပ်ဟန်ရှိသော်လည်း ထိုသို့ဆည်းကပ်ခြင်း၏အကျိုးကို ငြင်းပယ်သူ ဖြစ်ကြလိမ့်မည်။’—၂ တိမောသေ ၃:၁-၅

ကမ္ဘာတစ်ဝန်းမှာ  ဘာသာစကားပေါင်းများစွာနဲ့ ဟောပြောခြင်းကင်ပိန်းကို  လုပ်ဆောင်နေကြတယ်။ “လူမျိုးအပေါင်းတို့အတွက်  သက်သေဖြစ်စေရန်  နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” ဆိုပြီးတော့ ယေရှု ပြောခဲ့တယ်။—မဿဲ ၂၄:၁၄

၃ အဆုံးပြီးသွားရင် ဘာတွေဖြစ်လာဦးမှာလဲ။

လူကောင်းတွေအားလုံး ကောင်းကင်ကို သွားကြမယ်လို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ အဲဒီအစား လူသားတွေအတွက် ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်က ပြည့်စုံတော့မယ်လို့ ယေရှု ပြောခဲ့တယ်။ “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်” ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၅:၅; ၆:၉၊ ၁၀) အဆုံးမတိုင်ခင် သေဆုံးသွားကြတဲ့သူတွေက အနာဂတ်မှာ အသက်ပြန်ရှင်လာကြမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဘ ၁၄:၁၄၊ ၁၅; ယောဟန် ၅:၂၈၊ ၂၉) အဆုံးပြီးသွားရင် ဘာတွေဖြစ်လာဦးမှာလဲ။

ယေရှုက  ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ကောင်းကင်ကနေ အုပ်ချုပ်မယ်။ “ထိုညအခါ ငါသည် အာရုံပြု၍ လူသားနှင့်တူသောသူတစ်ဦး [ရှင်ပြန်ထမြောက်ပြီးသော ယေရှု] သည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသောသူ [ယေဟောဝါဘုရားသခင်] ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူ [ယေရှု] သည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်ရာ” ဆိုပြီး ပရောဖက်ဒံယေလ ရေးသားခဲ့တယ်။—ဒံယေလ ၇:၁၃၊ ၁၄; လုကာ ၁:၃၁၊ ၃၂; ယောဟန် ၃:၁၃-၁၆

ဘုရားသခင့်နိုင်ငံတော်ကို  လက်အောက်ခံသူတွေက ထာဝစဉ်  ကျန်းမာပျော်ရွှင်ပြီး  အေးအေးချမ်းချမ်း နေရမယ်။ “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်” ဆိုပြီး  ပရောဖက်ဟေရှာယ  ရေးသားခဲ့တယ်။  (ဟေရှာယ ၆၅:၂၁-၂၃) ထိုကာလနဲ့ပတ်သက်ပြီး တမန်တော်ယောဟန်ကလည်း “ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ” လို့ရေးသားခဲ့တယ်။—ဗျာ. ၂၁:၃၊ ၄

၄ အဆုံးကို ကပ်ကျော်ချင်တယ်ဆိုရင် ဘာတွေ လုပ်ဆောင်ရမလဲ။

ဘုရားသခင်က  လူ့အရေးကိစ္စတွေကို  ကြားဝင်ဖြေရှင်းပေးမယ်၊ လူဆိုးတွေကို ကမ္ဘာပေါ်ကနေ ပယ်ရှားပစ်မယ်ဆိုတာကို ယနေ့ခေတ် လူတချို့က ကဲ့ရဲ့လှောင်ပြောင်ကြလိမ့်မယ်ဆိုပြီး တမန်တော် ပေတရု အသိပေးခဲ့တယ်။ (၂ ပေတရု ၃:၃၊ ၄) ဒါကြောင့် အောက်မှာဖော်ပြထားတဲ့အတိုင်း ပြုမူလုပ်ဆောင်ကြဖို့ ပေတရု တိုက်တွန်းခဲ့တယ်။

သမိုင်းမှ သင်ခန်းစာယူပါ။ ဘုရားသခင်သည် ‘ရှေးခေတ်လောကကိုလည်း အပြစ်မပေးဘဲ နေတော်မမူ။ ဘာသာတရားမဲ့နေသောလောကကို ရေလွှမ်းမိုးချိန်က ဖြောင့်မတ်ခြင်းတရားဟောပြောသူ နောဧနှင့် လူခုနစ်ဦးတို့ကို ကယ်တင်တော်မူ၏’ ဆိုပြီး ပေတရု ရေးသားခဲ့တယ်။ (၂ ပေတရု ၂:၅) ကဲ့ရဲ့လှောင်ပြောင်တဲ့သူတွေနဲ့ပတ်သက်ပြီး ပေတရုက ဒီလိုပြောခဲ့တယ်– ‘သူတို့တမင်မေ့ထားကြသည်မှာ ဘုရားသခင်၏တရားစကားတော်အရ ရှေးကောင်းကင် တည်ရှိကြောင်း၊ ရေထဲမှ ပေါ်ထွက်၍ ရေဝိုင်းရံထားသော ကမ္ဘာမြေကြီး တည်ရှိကြောင်း၊ ၎င်းတို့အားဖြင့် ထိုအချိန်က လောကသည် ရေလွှမ်းမိုးခံရ၍ ပျက်စီးခဲ့ကြောင်းတို့ ဖြစ်၏။ ထိုတရားစကားတော်အားဖြင့်ပင် ယခုတည်ရှိသော ကောင်းကင်နှင့်မြေကြီး * သည် မီးရှို့ရန်သိုထားခံရ၍ ဘာသာတရား မဲ့သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့တိုင်အောင် ဖယ်ထားတော်မူ၏။’—၂ ပေတရု ၃:၅-၇

ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းအတိုင်း  နေထိုင်ပါ။  အဆုံးကို  ကပ်ကျော်ချင်တဲ့သူတွေက ‘သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘာသာတရားဆည်းကပ်သူများ ဖြစ်သင့်၏’ လို့ပေတရု ရေးသားခဲ့တယ်။ (၂ ပေတရု ၃:၁၁) “သန့်ရှင်းသော အမူအကျင့်များ” နဲ့ ‘ဘာသာတရားဆည်းကပ်မှု’ ကို ပေတရု အလေးပေး ဖော်ပြထားတာကို သတိပြုပါ။ ဒါကြောင့် ယုံကြည်ပါတယ်လို့ ဆိုရုံနဲ့မပြီး၊ အချိန်ကပ်ခါနီးမှ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းအောင် ကြိုးစားရုံနဲ့လည်း မရ။ ထို့ထက်မက ကျင့်ကြံပြုမူနေထိုင်ရမှာဖြစ်တယ်။

ဘုရားသခင် နှစ်သက်လက်ခံတဲ့ အမူအကျင့်တွေ၊ လုပ်ဆောင်ချက်တွေက ဘာတွေလဲ။ သင် သိထားတဲ့အချက်တွေနဲ့ ကျမ်းစာသွန်သင်ချက်တွေကို  နှိုင်းယှဉ်ကြည့်ရင်  မကောင်းဘူးလား။ ယေဟောဝါသက်သေတွေက သင့်ကို ဝမ်းမြောက်ဝမ်းသာစွာ ကူညီပေးလိုကြပါတယ်။ ကျမ်းစာကနေ အဖြေဘယ်လိုရှာရမယ်ဆိုတာ သူတို့ကို မေးမြန်းပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ကြောက်စရာတွေ ဝိုင်းရံနေပေမဲ့ အနာဂတ်ကို သတ္တိရှိရှိ၊ စိတ်ချလက်ချနဲ့ ရင်ဆိုင်သွားနိုင်မှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ဤစာစောင်၏ စာမျက်နှာ ၂၂ တွင် “ဘုရားသခင်ကို သိကျွမ်းခွင့် လူတိုင်းရနိုင်မလား” ဟူသောဆောင်းပါးကိုလည်း ကြည့်ပါ။

^ အပိုဒ်၊ 19 ဤနေရာတွင် ပေတရုရည်ညွှန်းခဲ့သည့် မြေကြီးမှာ ပုံဆောင်မြေကြီးဖြစ်သည်။ သမ္မာကျမ်းစာ၏ အခြားနေရာတွင်လည်း မြေကြီးကို ပုံဆောင်အဖြစ် ဖော်ပြထားသည်။ ကျမ်းစာတွင် ဤသို့ ဖော်ပြထားသည်– “မြေကြီးသည် ဝမ်းမြောက်၍ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။” (ဆာလံ ၉၇:၁) ပကတိမြေကြီးသည် “ဝမ်းမြောက်” နိုင်မည်မဟုတ်သကဲ့သို့ ဖျက်ဆီးခံရမည်လည်း မဟုတ်ချေ။ ပေတရု ဖော်ပြခဲ့သည့်အတိုင်း မြေကြီးဟူသည် ဖျက်ဆီးခံရမည့် ဆိုးညစ်သူတို့ကို ရည်ညွှန်းနေခြင်းဖြစ်သည်။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

ကမ္ဘာကြီးက ဆုံးခန်းတိုင်မှာ မဟုတ်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့သူတွေပဲ ဆုံးခန်းတိုင်မှာဖြစ်