မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်မ ကိုးကွယ်နေတဲ့ ဘုရားသခင်ကို အခု သိပါပြီ

ကျွန်မ ကိုးကွယ်နေတဲ့ ဘုရားသခင်ကို အခု သိပါပြီ

ရောဂါကုသနိုင်စွမ်း ရှိတယ်ဆိုတဲ့ ပဲန်တီကော်စတဲလ်အသင်းက တရားဟောဆရာတစ်ယောက် အလည်အပတ် ရောက်လာခဲ့တယ်။ သူ ကျွန်မကိုလည်း တို့ထိလိုက်ရော ကျွန်မ လဲကျပြီး သတိလစ်သွားတယ်။ သတိပြန်ရလာတော့ ကျွန်မလိုချင်တဲ့ ရောဂါကုသနိုင်စွမ်း ရလာသလိုပဲ။ ကျွန်မ ဘာကြောင့် အဲဒီလို တွေ့ကြုံခဲ့ရပြီး အဲဒါက ကျွန်မဘဝအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။ ဒီအကြောင်းကို မရှင်းပြခင် အရင်ဆုံး ကျွန်မရဲ့ ဘဝနောက်ခံကို ပြောပြပါရစေ။

ကျွန်မကို ၁၉၆၈၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးရပ်မြေကတော့ ဖိလစ်ပိုင်နိုင်ငံ၊ အီလိုကိုစ် နော်တေးမြို့ပါ။ သားသမီးဆယ်ယောက်ထဲမှာ ကျွန်မက ခုနစ်ယောက်မြောက်ပေါ့။ ဖိလစ်ပိုင်လူမျိုး အများစုလိုပဲ ကျွန်မတို့လည်း ကက်သလစ်ဘာသာဝင်တွေအဖြစ် ကြီးပြင်းလာတယ်။ ၁၉၈၆ ခုနှစ်မှာ အထက်တန်းကျောင်း ပြီးသွားတယ်။ ကျွန်မဖြစ်ချင်တာက သူနာပြုဆရာမပါ။ ဒါပေမဲ့ နာတာရှည်ရောဂါ ခံစားလိုက်ရလို့ ကျွန်မဆန္ဒ မပြည့်ဝခဲ့ဘူး။ ကျွန်မ သေမယ်လို့တောင် ထင်ခဲ့တာ။ စိတ်ဓာတ်ကျလာပြီး ဘုရားသခင်ဆီ အသနားခံ ဆုတောင်းခဲ့တယ်။ တကယ်လို့ နေပြန်ကောင်းလာရင် ဘုရားသခင့်အမှုတော်ကို တစ်သက်လုံး ဆောင်ရွက်ပါမယ်လို့ ကျွန်မ ကတိပြုခဲ့တယ်။

တဖြည်းဖြည်း ကျန်းမာရေး ပြန်ကောင်းလာပြီးတဲ့နောက် ဘုရားသခင်ကို ပေးထားတဲ့ကတိကို ကျွန်မ သတိရသွားတယ်။ ဒါကြောင့် ၁၉၉၁၊ ဇူလိုင်လမှာ ပဲန်တီကော်စတဲလ် ကျမ်းစာကျောင်းတက်ဖို့ စာရင်းသွင်းလိုက်တယ်။ အဲဒီကျောင်းမှာ “သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူး” ရဖို့လည်း သင်ကြားပေးတယ်။ ရောဂါကုသနိုင်စွမ်းကို ကျွန်မ ရချင်တယ်။ အဲဒီရောဂါကုသနိုင်စွမ်းကို အစာရှောင် ဆုတောင်းမှသာ ရရှိနိုင်မယ်လို့ ကျမ်းစာကျောင်းမှာ သင်ပေးတယ်။ တစ်ခါတုန်းက၊ အဲဒီဆုကျေးဇူးကို ကျွန်မရရှိထားတယ်လို့ သူများတွေ ထင်သွားအောင် ဆုတောင်းချိန်အတွင်း ထောင့်တစ်ထောင့်မှာ ကျွန်မရဲ့ အတန်းဖော်တစ်ယောက် အသံကျယ်ကျယ်နဲ့ ဆုတောင်းနေတာကို ခိုးနားထောင်ခဲ့တယ်။ သူဆုတောင်းလို့ ပြီးခါနီးမှာ ကျွန်မနေရာကို ပြန်ပြေးလာပြီး ဒူးထောက် ဆုတောင်းနေလိုက်တယ်။ အဲဒီနောက် သူဘာတွေ ဆုတောင်းခဲ့သလဲဆိုတာကို တစ်လုံးမကျန် သူ့ကို ပြန်ပြောပြလိုက်တယ်။ ဒီလိုနဲ့ အဲဒီဆုကျေးဇူးကို ကျွန်မ ရသွားပြီဆိုတာ သူယုံသွားတယ်။

ကျောင်းတက်နေတုန်း ကျွန်မစိတ်ထဲမှာ မေးခွန်းတွေ တစ်သီတစ်တန်းကြီး ပေါ်လာတယ်။ ဥပမာပြောရရင်၊ မဿဲ ၆:၉ မှာ “အဖ” နဲ့ ကိုယ်တော်ရဲ့ “နာမတော်” အကြောင်း ပြောထားတယ်။ “ယေရှုပြောခဲ့တဲ့ အဖဆိုတာ ဘယ်သူလဲ၊” “ဘယ်သူ့ရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေရမှာလဲ” ဆိုတဲ့ မေးခွန်းတွေပေါ့။ သင်တန်းဆရာတွေရဲ့ အဖြေတွေက မသေမချာနဲ့ အားရစရာလည်း မကောင်းဘူး။ သူတို့က သုံးပါးပေါင်းတစ်ပါးအကြောင်းကို ပြောပြပြီး ဒီအကြောင်းက ခက်ခဲနက်နဲလွန်းတယ်လို့လည်း ပြောသေးတယ်။ ကျွန်မ တော်တော်လေးကို စိတ်ရှုပ်သွားတယ်။ အဲဒီလိုဖြစ်နေတဲ့ ကြားထဲက တရားဟောဆရာမ ဖြစ်ဖို့အတွက် ကျောင်းဆက်တက်ခဲ့တယ်။

ယေဟောဝါသက်သေတွေနဲ့ ထိတွေ့

ယေဟောဝါသက်သေတွေဟာ အမှားတကာ့ အမှားဆုံး ဘာသာရေးအဖွဲ့၊ ခရစ်တော်ကို ဆန့်ကျင်တဲ့သူတွေဆိုပြီး ကျမ်းစာကျောင်းမှာ သင်ကြားခံခဲ့ရတယ်။ ဒီလိုနဲ့ သူတို့ကို ကျွန်မ အရမ်းမုန်းလာတယ်။

ကျမ်းစာကျောင်း ဒုတိယနှစ်ရဲ့ ကျောင်းပိတ်ရက်မှာ မိဘတွေဆီ သွားလည်တယ်။ ကျွန်မရဲ့ အစ်မတစ်ယောက်ဖြစ်တဲ့ ကာမဲန်က ကျွန်မ အိမ်ပြန်ရောက်နေတယ်ဆိုတာကို ကြားတော့ သူလည်း ရောက်လာတယ်။ သူက နှစ်ခြင်းခံထားတဲ့ ယေဟောဝါသက်သေ အချိန်ပြည့်အမှုဆောင်တစ်ယောက် ဖြစ်နေပြီ။ ကျွန်မကို ဘုရားသခင်အကြောင်း ပြောပြဖို့ သူကြိုးစားတဲ့အခါ ကျွန်မက “ငါ ကိုးကွယ်နေတဲ့ ဘုရားသခင်ကို ငါသိပြီးသား၊ လာမပြောနဲ့” ဆိုပြီး ဒေါသတကြီး တုံ့ပြန်ခဲ့တယ်။ အစ်မကို အသံကျယ်ကျယ်နဲ့ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုပြီးတဲ့နောက် တွန်းထုတ်လိုက်တယ်။ အဲဒီအကြောင်း ထပ်ပြောခွင့် မပေးတော့ဘူး။

ကျွန်မ ကျမ်းစာကျောင်းကို ပြန်ရောက်သွားပြီးတဲ့နောက် ကာမဲန်က သုံးပါးပေါင်းတစ်ဆူကို သင် ယုံကြည်သင့်သလော * ဆိုတဲ့ စာစောင်ကို ကျွန်မဆီ ပို့ပေးတယ်။ အဲဒီစာစောင်ကို ချက်ချင်း လုံးခြေပြီး မီးရှို့ပစ်လိုက်တယ်။ ကျွန်မအစ်မကို ဒေါသထွက်နေတုန်းပဲ။

တရားဟောဆရာမတစ်ယောက်ဖြစ်လာ

တရားဟော ဆရာမအဖြစ် ဘွဲ့ယူခဲ့ချိန်

ကျမ်းစာကျောင်းကို ဆက်တက်နေရင်း လူတချို့ကို ပဲန်တီကော်စတဲလ်အသင်းသား ဖြစ်လာအောင် ကျွန်မ ကူညီပေးနိုင်ခဲ့တယ်။ အမေနဲ့ အစ်ကိုတို့ အဲဒီအသင်းသားတွေဖြစ်လာတဲ့အတွက် ကျွန်မ အရမ်းဂုဏ်ယူတယ်။

၁၉၉၄၊ မတ်လမှာ ကျွန်မ ကျမ်းစာကျောင်း ပြီးသွားတယ်။ ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း အဲဒီအချိန်မှာ တရားဟောဆရာတစ်ယောက် လည်ပတ်ရောက်ရှိလာတယ်။ ကျွန်မတို့ ကျောင်းဆင်းတွေအားလုံးက သူ့အနားမှာ ရှိနေချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ရောဂါကုသနိုင်စွမ်းရှိတယ်လို့ ကျွန်မတို့ ယုံကြည်ထားလို့ပါ။ သူရှိနေတဲ့ စင်မြင့်ပေါ် ကျွန်မတို့ တက်သွားပြီး တီးဝိုင်းအဖွဲ့ရဲ့ တီးခတ်သံအလိုက် သူနဲ့အတူ ခုန်ပေါက်ပြီး လက်ခုပ်တီးကြတယ်။ အဲဒီနောက် သူ တို့ထိလိုက်တဲ့ လူတိုင်းက လဲကျပြီး သတိလစ်သွားတယ်။ ကျွန်မကို သူ တို့ထိလိုက်တဲ့အခါ ကျွန်မလည်း လဲကျပြီး သတိလစ်သွားတယ်။ ကျွန်မ သတိပြန်ရလာတော့ ကြောက်ရွံ့တုန်လှုပ်နေတယ်၊ ဒါပေမဲ့ ရောဂါကုသနိုင်စွမ်းကို ကျွန်မ ရလိုက်ပြီဆိုတာ ခံစားလိုက်ရတော့ ဝမ်းသာလုံးဆို့သွားတယ်။

နောက်ပိုင်းမှာ အဖျားကြီးနေတဲ့ ကလေးတစ်ယောက်ကို အဲဒီအစွမ်းနဲ့ ကုသပေးခဲ့တယ်။ ကျွန်မ ဆုတောင်းပြီးသွားတဲ့အခါ အဲဒီကလေးဟာ ချက်ချင်း ချွေးတွေ ထွက်လာပြီး အဖျားကျသွားတယ်။ နောက်ဆုံးမှာ ဘုရားသခင်ကို ပေးထားတဲ့ကတိအတိုင်း လုပ်နိုင်ခဲ့ပြီလို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ အံ့ဩစရာက ကျွန်မ တစ်ခုခုလိုနေသလို ခံစားနေရတယ်။ ဘုရားသခင်တစ်ပါးတည်းပဲ ရှိတယ်ဆိုတာကို ကျွန်မ အလေးအနက် ယုံကြည်ထားပေမဲ့ ကိုယ်တော်က ဘယ်သူလဲဆိုတာကိုတော့ သေသေချာချာ မသိခဲ့ဘူး။ ပြီးတော့ အသင်းတော်မှာ သင်ပေးတဲ့ အယူဝါဒ တော်တော်များများကို နည်းနည်းတော့ သံသယရှိနေတယ်။

အဖျားကြီးနေတဲ့ ကလေးတစ်ယောက်ကို ရောဂါကုသနိုင်စွမ်းနဲ့ ကုပေးခဲ့

ကျွန်မရဲ့သဘောထားကို ပြောင်းလဲစေခဲ့တဲ့အရာများ

အဲဒီလို ဖြစ်ပျက်ခဲ့ပြီးတဲ့နောက် ယေဟောဝါသက်သေတွေအပေါ် အရင်ကထက်တောင် ပိုပြီး မုန်းတီးလာတယ်။ သက်သေခံတွေရဲ့ စာပေတွေကို ကျွန်မရတိုင်း မီးရှို့ပစ်လိုက်တယ်။ အဲဒီနောက်တော့ မထင်ထားတာတွေ ဖြစ်ခဲ့တယ်။ အမေက ပဲန်တီကော်စတဲလ်အသင်းသား မဖြစ်ချင်တော့ဘူးလို့ ပြောလာတော့ ကျွန်မ ထိတ်လန့်သွားတယ်။ လက်စသတ်တော့၊ အမေက ကျွန်မရဲ့အစ်မ ကာမဲန်နဲ့ ကျမ်းစာလေ့လာနေတာကိုး။ ဒါကြောင့် အစ်မကို အရမ်းစိတ်ဆိုးသွားတယ်။

အဲဒီနောက် အမေ့အိမ်မှာ နိုးလော့! မဂ္ဂဇင်းတစ်စောင် ကျွန်မ တွေ့ခဲ့တယ်။ ခါတိုင်းလိုသာဆိုရင် အဲဒီစာစောင်ကို မီးရှို့ပစ်မှာ။ ဒါပေမဲ့ အမေဖတ်နေတဲ့စာစောင်မှာ ဘာတွေများ ပါသလဲဆိုတာ သိချင်တာနဲ့ တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်မိတယ်။ ဆောင်းပါးတစ်ပုဒ်မှာ ခရစ်ယာန်အသင်းတစ်ခုရဲ့ သွန်သင်ချက်တွေကို အခိုင်အမာယုံကြည်တဲ့ လူတစ်ယောက်အကြောင်း ရေးထားတာကို ကျွန်မ တွေ့သွားတယ်။ အဲဒီလူက သက်သေခံတွေရဲ့ စာပေတွေကို ကျမ်းစာနဲ့တွဲပြီး လေ့လာတဲ့အခါ သုံးပါးပေါင်းတစ်ပါး၊ ငရဲမီးနဲ့ မသေနိုင်တဲ့ဝိညာဉ်စတဲ့ သွန်သင်ချက်တွေက ကျမ်းစာနဲ့မညီဘူးဆိုတာကို သိရှိသွားတယ်။ ကျွန်မ အရမ်းစိတ်ဝင်စားသွားတယ်။ ဒီအချက်တွေက ကျွန်မသိချင်တဲ့ အကြောင်းအရာတွေ ဖြစ်နေတာကိုး။ အဲဒီအချိန်ကနေ စပြီး ကျမ်းစာအမှန်တရား နားလည်လာမယ့် အချိန်ကို စောင့်မျှော်နေမိတယ်။

အရက်သေစာ သောက်စားပြီး မူးယစ်ဆေးစွဲနေတဲ့ လူတစ်ယောက်ဟာ ကျမ်းစာလေ့လာရာကနေ သူ့ဘဝလမ်းစဉ် အကြီးအကျယ် ပြောင်းလဲသွားတယ်ဆိုတဲ့ နောက်ဆောင်းပါးတစ်ပုဒ်ကို နိုးလော့! မဂ္ဂဇင်းမှာ ကျွန်မ ဖတ်လိုက်ရတယ်။ အဲဒီနောက် သက်သေခံတွေရဲ့ စာပေတွေကို ပိုဖတ်ဖြစ်လာတယ်။ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သော နာမတော် * ဆိုတဲ့ စာစောင်ကို ကျွန်မ တွေ့သွားတယ်။ အဲဒီစာစောင်ကို ဖတ်နေတုန်း ဘုရားသခင်ရဲ့နာမည်က ယေဟောဝါဖြစ်တယ်ဆိုတာ သိရှိလိုက်ရတယ်။ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်အကြောင်းကို သိရှိလိုက်ရတဲ့အတွက် ကျွန်မ အတိုင်းမသိ ဝမ်းသာခဲ့တယ်။—တရားဟောရာ ၄:၃၉; ယေရမိ ၁၀:၁၀

စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားသခင်အကြောင်း သိရှိရလို့ ကျွန်မ အရမ်းဝမ်းသာခဲ့

သက်သေခံတွေရဲ့ စာပေတွေကို သူများမသိအောင် ဖတ်နေရင်း ကျမ်းစာအမှန်တရားတွေ အများကြီး သိလာခဲ့တယ်။ ဥပမာပြောရရင်၊ ယေရှုဟာ ဘုရားသခင်ဆိုပြီး ကျမ်းစာကျောင်းမှာ သင်ကြားခံခဲ့ရပေမဲ့ တကယ်တော့ ယေရှုဟာ “အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်” ဆိုတာကို ကျမ်းစာကနေ ကျွန်မသိလိုက်ရတယ်။—မဿဲ ၁၆:၁၅၊ ၁၆

သဘောထားပြောင်းသွား

ကျွန်မရဲ့အစ်မ ကာမဲန်ကို နောက်တစ်ခေါက် ထပ်တွေ့တဲ့အခါ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သော နာမတော်ဆိုတဲ့ စာစောင်နဲ့ တခြားစာပေတွေ ကိုယ်ပိုင်ရချင်တယ်လို့ ပြောလိုက်တဲ့အခါ သူ အံ့ဩသွားတယ်။ ကျမ်းစာကျောင်းတက်တာ အချိန်သာ ကုန်သွားတယ်၊ ကျမ်းစာအမှန်တရားတွေ မသင်ပေးခဲ့တဲ့အတွက် ဘာမှ မသိလိုက်ရဘူး။ အခုတော့ ကျမ်းစာအမှန်တရားတွေ သိရှိရလို့ အရမ်းဝမ်းသာလိုက်တာ။ “အမှန်တရားကို သင်တို့ သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” ဆိုတဲ့ ယေရှုရဲ့ စကားတွေက မှန်ကန်တယ်ဆိုတာ ကျွန်မ အပြည့်အဝ ထောက်ခံတယ်။ (ယောဟန် ၈:၃၂) ဒီအမှန်တရားတွေကြောင့် ကျွန်မရဲ့ ဘဝဟာလည်း စတင် ပြောင်းလဲလာတယ်။

ကျမ်းစာအမှန်တရားကြောင့် ကျွန်မရဲ့ဘဝလမ်းစဉ် စတင်ပြောင်းလဲလာ

ယေဟောဝါဘုရားသခင်ကို သူများတွေ မသိအောင် ဝတ်ပြုပြီးတော့ တစ်ဖက်မှာ တရားဟောဆရာမ ဆက်လုပ်လို့ရတယ်လို့ အစပိုင်းမှာ ကျွန်မထင်ခဲ့တာ။ မကြာခင်မှာ ပဲန်တီကော်စတဲလ်အသင်းရဲ့ အယူဝါဒ တော်တော်များများကို ဆက်သင်ပေးလို့ မဖြစ်တော့ဘူးဆိုပြီး သိမြင်လာတယ်။ ဒါပေမဲ့ ကျွန်မ စိုးရိမ်မိတာတော့ အမှန်ပဲ။ တရားဟောဆရာမ မလုပ်တော့ဘူးဆိုရင် ဝမ်းစာ ဘယ်လိုရှာရမလဲ။ ပဲန်တီကော်စတဲလ်အသင်းရဲ့ တရားဟောဆရာမတစ်ယောက်က ယေဟောဝါသက်သေ ဖြစ်သွားတယ်ဆိုရင် အသင်းတော်ရဲ့ မျက်နှာကို အိုးမည်းသုတ်ရာကျမှာပေါ့။ ဒါကြောင့် အဲဒီအသင်းရဲ့ အယူဝါဒအမှားတွေကို ရှောင်တိမ်းပြီး တရားဟောဆရာမအဖြစ် ဆက်လုပ်ဆောင်ခဲ့တယ်။

ကျွန်မကို ပရက်ရှက်စ် ကျမ်းစာသင်ပေးခဲ့

ကျွန်မရဲ့အစ်မ ကာမဲန်နဲ့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ သူအကြံပြုတယ်။ လာဝဂ်မြို့မှာရှိတဲ့ ကျွန်မတို့အသင်းရဲ့ ဌာနချုပ်ကို သတင်းသွားပို့လေ့ရှိတဲ့အတွက် အဲဒီမြို့မှာရှိတဲ့ သက်သေခံတွေရဲ့ ဝတ်ပြုရာခန်းမကို လူတွေမသိအောင် သွားရှာပြီး တက်ခဲ့တယ်။ အဲဒီအသင်းတော်က အချိန်ပြည့် အမှုဆောင်တစ်ယောက်ဖြစ်တဲ့ အာလ်မာ ပရက်စယိုစာ ဗီလ်ယာရီက ကျွန်မကို လာမိတ်ဆက်တယ်။ သူ့ကို ချစ်စနိုးနဲ့ ပရက်ရှက်စ်လို့လည်း ခေါ်ကြတယ်။ သက်သေခံတွေကို အကောင်းမြင်လို့ မရသေးပေမဲ့ ကျမ်းစာလေ့လာဖို့ သူကမ်းလှမ်းတဲ့အခါ ကျွန်မ လက်ခံလိုက်တယ်။

အစ်မ ကာမဲန်ဟာ ကျွန်မကို စိတ်ရှည်ရှည်နဲ့ ကျမ်းစာအမှန်တရားတွေ ပြောပြခဲ့တယ်။ အခု ပရက်ရှက်စ်ဆိုတဲ့ ညီအစ်မကလည်း အစ်မလိုပဲ ကျွန်မအပေါ် စိတ်ရှည်လိုက်တာ။ ကျွန်မဟာ ဒေါသတွေထွက်၊ သူနဲ့ အငြင်းအခုံလုပ်၊ တစ်ခါတလေ ကျွန်မရဲ့အသံက ကျယ်လာပြီး အရင်က သိရှိခဲ့တဲ့ အကြောင်းအရာတချို့ကို ဇွတ်အတင်း ပြောတာတောင်မှ ကျွန်မ ကျမ်းစာ နားလည်လာအောင် သူ အများကြီး ကူညီပေးခဲ့တယ်။ ကျွန်မကို ပရက်ရှက်စ်နဲ့ တခြားသက်သေခံတွေက ဂရုစိုက်တာ၊ နှိမ့်ချပြီး နူးနူးညံ့ညံ့ ပြောဆိုဆက်ဆံတာတွေကြောင့် စွဲမှတ်သွားတယ်။ အဲဒါတွေကြောင့် ကျွန်မဟာ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်။

၁၉၉၅၊ ဇူလိုင်လမှာ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရချင်တယ်ဆိုရင် တရားဟောဆရာမ အလုပ်ကနေ မဖြစ်မနေ နုတ်ထွက်ရတော့မယ်ဆိုတာ ကျွန်မ သဘောပေါက်လာတယ်။ ဘာကြောင့်လဲ။ ကျမ်းစာထဲမှာ ဘာသာတရားအတုနဲ့ ပတ်သက်ပြီး ပုံဆောင်သဘောအနေနဲ့ ဒီလိုပြောထားလို့ပါ– “ငါ၏လူမျိုးတို့၊ သင်တို့သည် သူ၏အပြစ်များနှင့် မဆက်ဆံလို၊ သူခံရမည့် ကပ်ဘေးများကို မခံလိုလျှင် သူ၏အထဲမှ ထွက်ကြလော့။” (ဗျာဒိတ် ၁၈:၄) ကျွန်မ ရှေ့ဆက် ဘယ်လို ရပ်တည်ရပါ့မလဲ။ ဘုရားသခင်ရဲ့အလိုတော်ကို လုပ်ဆောင်မယ်ဆိုရင် “ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား” လို့ ကိုယ်တော် ကတိပေးထားတာကို ကျမ်းစာကနေ သိလိုက်ရတယ်။—ဟေဗြဲ ၁၃:၅

အမေနဲ့အတူ ကျွန်မ နှစ်ခြင်းခံချိန်

အခုတော့၊ အဖေနဲ့ အစ်ကိုက ကျွန်မကို အကြီးအကျယ် ဆန့်ကျင်နေကြပြီ။ ဒါပေမဲ့လည်း သက်သေခံတစ်ယောက်အဖြစ် နှစ်ခြင်းမခံခင် နှစ်ပတ်အလိုမှာ တရားဟောဆရာမ လုပ်ခဲ့တုန်းက အသုံးပြုခဲ့တဲ့အရာတွေ အားလုံးကို မီးရှို့ဖို့ စိတ်အားတင်းပြီး အိမ်ပြန်ခဲ့တယ်။ မီးရှို့ ပြီးတဲ့နောက်မှာတော့ အရင်က ကျွန်မရရှိထားတဲ့ ရောဂါကုသနိုင်စွမ်း မရှိတော့ဘူးဆိုတာ ခံစားလိုက်ရတယ်။ အရင်တုန်းကဆိုရင် ကျွန်မအိပ်နေတဲ့အခါ တစ်ခုခုက ကျွန်မအပေါ် တက်ဖိထားသလိုပဲ။ အဲဒါလည်း အခု မခံစားရတော့ပါဘူး။ ကျွန်မရဲ့အခန်း ပြတင်းပေါက်ကနေ တွေ့တွေ့နေရတဲ့ အရိပ်တွေကိုလည်း နောက်ထပ် မတွေ့ရတော့ဘူး။ ရောဂါကုသနိုင်စွမ်းလိုမျိုး ဆုကျေးဇူးတွေဟာ ဘုရားသခင်ဆီကမဟုတ်ဘဲ ဆိုးညစ်တဲ့ ကောင်းကင်တမန်တွေဆီက ဖြစ်တယ်ဆိုတာကို ကျမ်းစာလေ့လာရာကနေ ကျွန်မသိလာရတယ်။ ပေါလုရဲ့ ကူညီမှုကြောင့် အစေခံမလေးတစ်ယောက် ဗေဒင်ဟောနိုင်တဲ့ ဆိုးညစ်တဲ့ကောင်းကင်တမန်ရဲ့ လွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်သွားသလို ကျွန်မလည်း အဲဒီလို လွှမ်းမိုးမှုအောက်ကနေ လွတ်မြောက်ခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်။—တမန်တော် ၁၆:၁၆-၁၈

ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တစ်ယောက်အဖြစ်

၁၉၉၆၊ စက်တင်ဘာလမှာ အမေနဲ့အတူ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခွင့်ရတဲ့အတွက် ပီတိဖြစ်ရတယ်။ နှစ်ခြင်းခံပြီးတဲ့နောက်မှာ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုတော်ဆောင် တစ်ယောက်အဖြစ် စာရင်းသွင်းခဲ့ပြီး နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့ပါတယ်။

စေးလ်ဗားလို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက်နဲ့ ကျွန်မ လက်ထပ်လိုက်တယ်။ ကျွန်မတို့နှစ်ယောက် အတူတူ သမီးလေးကို ကျမ်းစာအမှန်တရားနဲ့အညီ ကြိုးစား လေ့ကျင့်ပေးနေကြပါတယ်။ ကျွန်မရဲ့ မောင်နှမတချို့လည်း ကျွန်မတို့နဲ့အတူ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်နေပါပြီ။ နှစ်အတော်ကြာတဲ့အထိ ဘုရားသခင်ကို အသေအချာ မသိခဲ့ရလို့ ဝမ်းနည်းမိပေမဲ့ ကျွန်မကိုးကွယ်နေတဲ့ ဘုရားသခင်ကို အခု သိရပြီဖြစ်လို့ အရမ်း ဝမ်းသာကျေနပ်မိပါတယ်။

ကျွန်မရဲ့ခင်ပွန်း၊ သမီး၊ စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပါဝင်လာကြတဲ့ ဆွေမျိုးသားချင်းတွေနဲ့အတူ

^ အပိုဒ်၊ 10 ယေဟောဝါသက်သေတွေ ထုတ်ဝေပေမဲ့ အခု ပုံမနှိပ်တော့ပါ။

^ အပိုဒ်၊ 18 ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။