မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွာရှင်းပြီးနောက် ဘဝခရီး ဆက်ခြင်း

ကွာရှင်းပြီးနောက် ဘဝခရီး ဆက်ခြင်း

“ကျွန်တော် ချောက်ထဲကျသွားသလို ခံစားလိုက်ရတယ်။ ဘဝက သာယာဖြောင့်ဖြူးနေရင်း ရုတ်တရက် မိုးမှောင်ကျသွားတယ်။”—ကွာရှင်းထားတာ တစ်နှစ်ရှိပြီဖြစ်တဲ့ မာ့ခ်။ *

“ကျွန်မယောက်ျားက သူ့သမီးအရွယ်ကောင်မလေးနဲ့ အချစ်ဇာတ် ခင်းနေတယ်။ ကွာရှင်းပြီးသွားမှပဲ ကျွန်မကို အမြဲရန်ရှာနေတဲ့ သူ့ဒဏ်ကနေ လွတ်သွားတယ်။ ဒါပေမဲ့ ကျွန်မဟာ အဆင့်မရှိဘူး၊ အသုံးမကျဘူးလို့ ခံစားနေရတုန်းပဲ။”—ကွာရှင်းထားတာ ၁၇ နှစ် ရှိပြီဖြစ်တဲ့ အီမလင်း။

တချို့က ကိုယ့်ဘဝ ပိုကောင်းလာဖို့ မျှော်လင့်ချက်နဲ့ ကွာရှင်းကြတယ်။ တချို့ကျတော့ အိမ်ထောင်မပြိုကွဲစေချင်ပေမဲ့ အိမ်ထောင်ဖက်ကို မထွက်သွားအောင် မတားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကွာရှင်းခဲ့သူ အားလုံးနီးပါးမှာ ပြဿနာတွေ ရှိနေတုန်းပဲ။ သင်ဟာ မကြာသေးခင်ကမှ ကွာရှင်းထားတယ်ဆိုရင် ဒါဟာ သင့်ဘဝရဲ့ အဆိုးရွားဆုံး စိတ်ဖိစီးမှုတွေထဲက တစ်ခုဖြစ်နိုင်တယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ လက်တွေ့ကျအကြံပြုချက်တချို့ကို စဉ်းစားသုံးသပ်တာက အကျိုးရှိပါလိမ့်မယ်။ အဲဒီအကြံပြုချက်တွေက ကွာရှင်းပြီးနောက် ကြုံတွေ့ရမယ့် အခက်အခဲတွေကို အောင်မြင်စွာ ဖြေရှင်းဖို့ ထောက်ကူပေးနိုင်ပါလိမ့်မယ်။

အခက်အခဲ ၁– အဆိုးမြင်သဘောထား။

ငွေကြေးပြဿနာ၊ သားသမီးထိန်းကျောင်းရေးကိစ္စနဲ့ အထီးကျန်မှုကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒီစိတ်ဖိစီးမှုတွေဟာ တော်တော်ကြာကြာ ကိန်းအောင်းနေတတ်ပါတယ်။ လူတချို့ဟာ ကွာရှင်းပြီးနောက် သစ္စာဖောက်ခံရတယ်၊ စွန့်ပစ်ခံရတယ်၊ “ဘဝဟာ တစ်ဖက်စောင်းနင်းဖြစ်ပြီး မတရားလိုက်တာ၊ အထီးကျန်လိုက်တာ” ဆိုပြီး နှစ်အတော်ကြာတဲ့အထိ ခံစားနေရတတ်တယ်လို့ စိတ်ပညာရှင် ဂျူဒစ်ဝါလက်စတိုင်း (ကွယ်လွန်) က ပြောခဲ့တယ်။

သင်လုပ်နိုင်ရာ

  • ဆုံးၡုံးခဲ့ရာတွေအတွက် ငိုချလိုက်ပါ။ သင် ချစ်နေသေးတဲ့ အိမ်ထောင်ဖက်ကို လွမ်းနေနိုင်တယ်။ သင်တို့ရဲ့ အိမ်ထောင်ရေးက မသာယာခဲ့ဘူးဆိုရင်တောင် အိမ်ထောင်ပြိုကွဲတဲ့အခါ ဝမ်းနည်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ပြုတုန်းက မျှော်လင့်ခဲ့တဲ့ပျော်ရွှင်မှုက ပျက်စီးသွားခဲ့လို့ပါပဲ။ (သုတ္တံ ၅:၁၈) ဒါကြောင့် ဝမ်းနည်းငိုကြွေးတာကို ရှက်စရာလို့ မယူမှတ်ပါနဲ့။—ဒေသနာ ၃:၁၊

  • တစ်ယောက်တည်း သီးခြားမနေပါနဲ့။ တစ်ယောက်တည်းနေပြီး ဝမ်းနည်းငိုကြွေးဖို့ လိုအပ်ပေမဲ့ ကြာရှည် တစ်ယောက်တည်းနေတာက ပညာရှိရာ မရောက်ပါဘူး။ (သုတ္တံ ၁၈:၁) သင့်ရဲ့ အိမ်ထောင်ဖက်ဟောင်းအကြောင်းကို မှန်နေရင်တောင် ခဏခဏ အပြစ်တင်ပြောဆိုနေမယ်ဆိုရင် မိတ်ဆွေတွေက သင်နဲ့စကားပြောချင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် မိတ်ဆွေတွေနဲ့ အကျိုးရှိတဲ့စကားတွေကိုသာ ပြောပါ။ ကွာရှင်းပြီးနောက် သင်ဟာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချရတော့မှာဖြစ်လို့ သင်ယုံကြည်စိတ်ချရတဲ့သူဆီကနေ မျှတတဲ့အကြံပေးချက်တွေကို ရယူပါ။

  • ကျန်းမာရေးကို ဂရုစိုက်ပါ။ ကွာရှင်းပြီးနောက်ခံစားရတဲ့ စိတ်ဖိစီးမှုကြောင့် ကျန်းမာရေး ထိခိုက်နိုင်တယ်။ သွေးတိုးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ စတဲ့ရောဂါတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် အစာကောင်းကောင်းစားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။—ဧဖက် ၅:၂၉

  • သင့်အိမ်ထောင်ဖက်ဟောင်းအပေါ် ဒေါသထွက်စေနိုင်တဲ့အရာတွေ ဒါမှမဟုတ် မလိုအပ်တော့တဲ့အရာတွေကို လွှင့်ပစ်လိုက်ပါ။ အရေးကြီးစာရွက်စာတမ်းတွေကိုတော့ သိမ်းထားပါ။ မင်္ဂလာဆောင်ဓာတ်ပုံလိုမျိုး ပစ္စည်းတွေဟာ ကိုယ့်ကို စိတ်ထိခိုက်စေနိုင်ပေမဲ့ နောင်တစ်ချိန် သားသမီးတွေ ပြန်ကြည့်ဖို့ သေတ္တာထဲမှာ သိမ်းထားလိုက်ပါ။

  • အဆိုးမြင်သဘောထားတွေကို တွန်းလှန်ပါ။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ခင်ပွန်းကို ကွာရှင်းထားသူ အောလ်ဂါဆိုတဲ့ဇနီးသည်က “‘အဲဒီမိန်းမမှာ ငါ့ထက် ဘာများစွဲမက်စရာတွေ ရှိနေလို့လဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်” ဆိုပြီး ပြောပြတယ်။ နောက်ပိုင်းမှာ အောလ်ဂါဟာ အဆိုးမြင်သဘောထားတွေ ကိန်းအောင်းနေတယ်ဆိုရင် ဝမ်းနည်းကြေကွဲပြီး ကိုယ်ပဲ ဒုက္ခရောက်နိုင်တယ်ဆိုတာ သဘောပေါက်လာခဲ့တယ်။—သုတ္တံ ၁၈:၁၄

    ကိုယ့်ရဲ့သဘောထားတွေကို ချရေးမယ်ဆိုရင် ကိုယ့်ရဲ့အတွေးတွေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပြီး ထိန်းချုပ်နိုင်တယ်ဆိုတာ လူများစွာက သဘောပေါက်ခဲ့ကြတယ်။ အဲဒီလိုရေးနေတုန်း အဆိုးမြင် သဘောထားတွေနေရာမှာ အစားထိုးနိုင်မယ့် အကောင်းမြင်သဘောထားတွေကိုပါ စဉ်းစားပါ။ (ဧဖက် ၄:၂၃) အောက်မှာဖော်ပြထားတဲ့ ဥပမာနှစ်ခုကို စဉ်းစားကြည့်ပါ–

    အဆိုးမြင်သဘောထား– ငါ့အမှားကြောင့် ငါ့အိမ်ထောင်ဖက် သစ္စာဖောက်သွားတာ။

    အကောင်းမြင်သဘောထား– သူဖောက်ပြန်ရလောက်တဲ့အထိ ငါ အမှားမလုပ်ခဲ့မိပါဘူး။

    အဆိုးမြင်သဘောထား– ဒီလူယုတ်မာကြောင့် ငါ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ သဲထဲရေသွန်သလို အလကားဖြစ်သွားတယ်။

    အကောင်းမြင်သဘောထား– အတိတ်ကို မကြည့်ဘဲ ဘဝခရီးဆက်လျှောက်မယ်ဆိုရင် ငါ ပိုပြီးတော့ ပျော်လာမှာ။

  • စိတ်ထိခိုက်စေနိုင်တဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့။ စိတ်ရင်းစေတနာကောင်းတဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေက ‘သူဟာ မင်းအတွက် ဘယ်လိုနည်းနဲ့မှ မကောင်းပါဘူး’ ဒါမှမဟုတ် ‘ကွာရှင်းတာကို ဘုရားသခင် မုန်းတယ်’ ဆိုပြီး နာကျင်စေတဲ့ ဒါမှမဟုတ် သင့်အတွက် မမှန်ကန်တဲ့ စကားတွေ ပြောကောင်းပြောကြပါလိမ့်မယ်။ * ကျိုးကြောင်းဆင်ခြင်နိုင်ဖို့ သမ္မာကျမ်းစာမှာ ဒီလိုအကြံပြုထားတယ်– “သူတစ်ပါး ပြောသမျှသော စကားတို့ကို မမှတ်နှင့်။ သို့ပြုလျှင် ကိုယ်ကျွန် ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။” (ဒေသနာ ၇:၂၁) ကွာရှင်းထားတာ နှစ်,နှစ်ရှိပြီဖြစ်တဲ့ မာတီနာက “နာကျင်စေတဲ့ စကားတွေကို တနုံ့နုံ့ စဉ်းစားနေမယ့်အစား ဘုရားသခင် ရှုမြင်သလိုရှုမြင်ဖို့ ကျွန်မ ကြိုးစားတယ်။ ဘုရားသခင်ရဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ ကျွန်မတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေက အရမ်းကို ကွာခြားတယ်” လို့ ပြောပြတယ်။—ဟေရှာယ ၅၅:၈၊ ၉

  • ဘုရားသခင်ဆီ ဆုတောင်းပါ။ ဘုရားသခင်က မိမိကို ဝတ်ပြုကိုးကွယ်တဲ့သူတွေ အထူးသဖြင့် မခံမရပ်နိုင်အောင် စိတ်ဖိစီးမှု များလွန်းနေရင် “စိုးရိမ်စရာရှိသမျှကို” မိမိထံ “ပုံအပ်” ပါလို့ အားပေးထားတယ်။—၁ ပေတရု ၅:၇

ဒီနည်းကို စမ်းကြည့်ပါ– သင့်အတွက်အကျိုးရှိတဲ့ ကျမ်းချက်တွေကို ရေးပြီး မြင်သာတဲ့နေရာတွေမှာ ကပ်ထားပါ။ ကွာရှင်းထားတဲ့သူများစွာဟာ အထက်မှာ ညွှန်းထားတဲ့ ကျမ်းချက်တွေအပြင် ဒီကျမ်းချက်တွေကနေလည်း အကျိုးကျေးဇူး ရရှိခဲ့ကြတယ်– ဆာလံ ၂၇:၁၀; ၃၄:၁၈; ဟေရှာယ ၄၁:၁၀; ရောမ ၈:၃၈၊ ၃၉

ခက်ခဲတဲ့အချိန်တွေမှာ သမ္မာကျမ်းစာက သင့်အတွက် အကူအညီဖြစ်ပါစေ

အခက်အခဲ ၂– အိမ်ထောင်ဖက်ဟောင်းနဲ့ သင့်ရဲ့ဆက်ဆံရေး။

အိမ်ထောင်သက် ၁၁ နှစ်ကြာခဲ့တဲ့ ဂျူလီယာနာက ဒီလိုပြောပြတယ်– “ကျွန်မကို ထားမသွားပါနဲ့လို့ ခင်ပွန်းကို တောင်းပန်ခဲ့ပေမဲ့ ကျွန်မကို သူ ထားသွားတယ်။ အဲဒီနောက်မှာ သူ့ကိုရော သူနဲ့ပနံသင့်နေတဲ့ အမျိုးသမီးကိုပါ ဒေါသအရမ်း ထွက်မိတယ်။” ကွာရှင်းခဲ့တဲ့သူများစွာဟာ အိမ်ထောင်ဖက်ဟောင်းကို နှစ်ပေါင်းများစွာအထိ ဒေါသအရမ်း ထွက်နေပေမဲ့ အချို့သောကိစ္စတွေမှာ သူနဲ့ ပုံမှန်ဆက်သွယ်ရတာမျိုး ရှိကြတယ်။ ဥပမာ၊ သားသမီးတွေရှိနေရင်ဖြစ်တယ်။

သင်လုပ်နိုင်ရာ

  • အိမ်ထောင်ဖက်ဟောင်းနဲ့ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကြိုးစားပါ။ မလွှဲမရှောင်ပြောရမယ့် ကိစ္စတွေကိုပဲ လိုရင်းတိုရှင်း ပြောဆိုပါ။ ဒီလိုမျိုး ပြောဆိုဆက်သွယ်မယ်ဆိုရင် စိတ်အနှောင့်အယှက် မဖြစ်စေဘူးဆိုတာ လူများစွာ သိရှိခဲ့ကြတယ်။—ရောမ ၁၂:၁၈

  • နာကြည်းစေမယ့်စကားတွေကို မပြောပါနဲ့။ အထူးသဖြင့် ထိုးနှက်ခံရတယ်လို့ ခံစားရတဲ့အခါမှာ သမ္မာကျမ်းစာမှာပါတဲ့ ဒီပညာရှိအကြံပြုချက်ကို လိုက်နာပါ– “စကားနည်းသောသူသည် ပညာရှိသောသူဖြစ်၏။” (သုတ္တံ ၁၇:၂၇သမ္မာ) အကျိုးမရှိတဲ့ စကားတွေကို လမ်းကြောင်းပြောင်းအောင် မလုပ်နိုင်ဘူးဆိုရင် သင် ဒီလိုပြောဆိုနိုင်ပါတယ်– “အခုပြောခဲ့တဲ့စကားတွေကို စဉ်းစားဖို့ အချိန်ပေးပါ။ နောက်မှပဲ ဆက်ပြောကြတာပေါ့။”

  • ဖြစ်နိုင်မယ်ဆိုရင် သူ့အရေးကိစ္စနဲ့ ကိုယ့်အရေးကိစ္စကို ခွဲထုတ်လိုက်ပါ။ အဲဒီထဲမှာ တရားရေး၊ ငွေရေးကြေးရေး၊ ဆေးကုသတဲ့မှတ်တမ်းတွေ ပါဝင်နိုင်တယ်။

ဒီနည်းကို စမ်းကြည့်ပါ– အိမ်ထောင်ဖက်ဟောင်းနဲ့ နောက်တစ်ခါ စကားပြောတဲ့အခါ တစ်ယောက်ယောက်က ကြက်ခေါင်းစိတ်မခံသလို တစ်လုံးမကျန်ခံပြောနေတယ် ဒါမှမဟုတ် တင်းမာနေတယ်ဆိုတဲ့ လက္ခဏာတွေ ရှိနေသလားဆိုတာ အကဲခတ်ကြည့်ပါ။ အဲဒီလိုသာဖြစ်နေတယ်ဆိုရင် နောက်မှပြန်ပြောဖို့ ဒါမှမဟုတ် အီးမေးလ်နဲ့ နောက်မှဆက်သွယ်ဖို့ ပြောပါ။—သုတ္တံ ၁၇:၁၄

အခက်အခဲ ၃– သားသမီးတွေကို နေသားကျဖို့ ကူညီပေးခြင်း။

မာရီးယားဟာ ကွာရှင်းပြီးနောက်ပိုင်း အခြေအနေတွေကို ဒီလိုပြန်ပြောပြတယ်– “ကျွန်မရဲ့သမီးငယ်က တချိန်လုံးငိုနေပြီး အိပ်ရာထဲမှာ ပြန်ပြီးဆီးသွားတော့တယ်။ သမီးကြီးကတော့ သူ့ရဲ့ခံစားချက်တွေကို မျိုသိပ်ထားပေမဲ့ အရင်ကနဲ့ မတူတော့တာကို ကျွန်မ သတိပြုမိတယ်။” ဝမ်းနည်းစရာကတော့၊ ကလေးတွေ သင့်ကို အလိုအပ်ဆုံးအချိန်မှာ သူတို့ကို ကူညီပေးဖို့ သင့်မှာ အချိန်မရှိဘူး၊ ခွန်အားလည်းမရှိဘူးလို့ ခံစားရနိုင်တယ်။

သင်လုပ်နိုင်ရာ

  • ခံစားချက်တွေကို ရင်ဖွင့်ပြောပြဖို့ သားသမီးတွေကို အားပေးပါ။ “ရမ်းကား” တဲ့စကားတွေ သူတို့ ပြောလာရင်တောင်မှ နားထောင်ပေးပါ။—ယောဘ ၆:၂၊ ၃ခမ။

  • ကိုယ့်ဝန်ကိုယ်ထမ်းပါ။ သင်ဟာ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုချင်ပြီး ကလေးတွေကလည်း သင့်ကို ကူညီပေးဖို့ တလိုတလား ရှိပုံပေါက်ပေမဲ့ လူကြီးတွေရဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့ ကလေးတွေဆီကနေ အကူအညီတောင်းဆိုတာက တရားနည်းလမ်းမကျတဲ့အပြင် သူတို့ကိုလည်း ထိခိုက်စေတယ်။ (၁ ကောရိန္သု ၁၃:၁၁) သင့်ရဲ့အတွင်းရေးတွေကို ကလေးတွေနဲ့တိုင်ပင်တာ၊ သင်နဲ့ အိမ်ထောင်ဖက်ဟောင်းကြားမှာ ဖျန်ဖြေခိုင်းတာ၊ စကားအသယ်အပို့လုပ်ခိုင်းတာတွေကို ရှောင်ပါ။

  • ကလေးတွေရဲ့ဘဝကို ကောင်းစွာပြုစုပျိုးထောင်ပေးပါ။ နဂိုအိမ်မှာပဲနေပြီး နဂိုဇယားအတိုင်း လုပ်ဆောင်ခြင်းက အကျိုးရှိပါတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာကတော့ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိနိုင်မယ့်အရာတွေကို မိသားစုလိုက် ဆက်လုပ်ဆောင်နေခြင်းဖြစ်တယ်။ အဲဒီထဲမှာ ကျမ်းစာဖတ်ရှုခြင်းနဲ့ မိသားစုဝတ်ပြုမှုလုပ်ခြင်းတို့လည်း ပါဝင်တယ်။—တရားဟောရာ ၆:၆-၉

ဒီနည်းကို စမ်းကြည့်ပါ– သင့်ကလေးတွေကို ချစ်တယ်ဆိုတာနဲ့ ကွာရှင်းမှုဖြစ်ရတာ သူတို့ကြောင့်မဟုတ်ဘူးဆိုတာကို ဒီဆောင်းပါးဖတ်ပြီး ရက်အနည်းငယ်အတွင်းမှာ သေချာပြောပြပါ။ သူတို့မေးလာတဲ့ မေးခွန်းတွေကို တစ်ဖက်မိဘအပေါ် အပြစ်ပုံမချဘဲ ဖြေပေးပါ။

ကွာရှင်းပြီးနောက် သင့်ဘဝခရီးကို ဆက်လျှောက်နိုင်ပါတယ်။ အိမ်ထောင်သက် ၁၆ နှစ်ကြာခဲ့တဲ့ မယ်လီဆာက ဒီလိုပြောပြတယ်– “‘ကျွန်မရဲ့ဘဝကို ဒီလိုမျိုး မဖြစ်စေချင်ဘူး’ လို့ ကွာရှင်းပြီးတဲ့နောက် ကျွန်မ စဉ်းစားမိတယ်။” အခုဆိုရင် သူဟာ အခက်အခဲတွေကြားမှာ ကျေနပ်အားရမှု ရရှိခဲ့ပါပြီ။ “အတိတ်ကအရာတွေကို ပြောင်းလဲဖို့ မကြိုးစားတော့တဲ့အတွက် အခုဆိုရင် ကျွန်မ စိတ်ချမ်းသာနေပါပြီ” လို့ မယ်လီဆာပြောပြတယ်။

^ စာပိုဒ်၊ 2 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

^ စာပိုဒ်၊ 18 အိမ်ထောင်ဖက်ကို လှည့်စားပြီး၊ သစ္စာဖောက်ပြီး ကွာရှင်းတာကို ဘုရားသခင် ရွံမုန်းတယ်။ ဒါပေမဲ့ ဖောက်ပြန်တဲ့အိမ်ထောင်ဖက်ကို ကွာရှင်းမလား၊ မကွာရှင်းဘူးလားဆိုတာ အပြစ်မဲ့တဲ့အိမ်ထောင်ဖက်ကို ဘုရားသခင် ဆုံးဖြတ်ပိုင်ခွင့် ပေးထားတယ်။ (မာလခိ ၂:၁၆; မဿဲ ၁၉:၉) ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ၁၉၉၄၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! [အင်္ဂလိပ်] မှာပါတဲ့ “သမ္မာကျမ်းစာရှုထောင့်—ဘယ်လိုကွာရှင်းမှုမျိုးကို ဘုရားသခင် ရွံမုန်းသလဲ” ဆိုတဲ့ဆောင်းပါးကို ဖတ်ပါ။

သင့်ကိုယ်သင် ဒီလိုမေးကြည့်ပါ

  • ကွာရှင်းပြီးနောက်ပိုင်း ငါ စိတ်မတင်းထားဘဲ ငိုချဖူးသလား။

  • အိမ်ထောင်ဖက်ဟောင်းအပေါ် ငါ့ရဲ့နာကြည်းမှုတွေကို ဘယ်လိုဖြေဖျောက်နိုင်မလဲ။