မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ စစ်ပွဲ

စစ်နဲ့ ဆင်းရဲဒုက္ခနောက်ကွယ်က တရားခံ

စစ်နဲ့ ဆင်းရဲဒုက္ခနောက်ကွယ်က တရားခံ

၁၉၁၈၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပထမကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့ပါတယ်။ လူတွေဟာ ပျော်လွန်းလို့ ရုံးတွေ၊ အလုပ်တွေပိတ်ပြီး လမ်းပေါ်မှာ ကခုန်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပျော်ရွှင်မှုက ကြာကြာမခံလိုက်ပါဘူး။ သိပ်မကြာခင်မှာပဲ စက်သေနတ်ထက် ပိုဆိုးတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပြန်တယ်။

၁၉၁၈၊ ဇွန်လမှာ ပြင်သစ်စစ်မြေပြင်မှာရှိနေကြတဲ့ စစ်သားတွေဟာ စပိန်တုပ်ကွေးလို့ လူသိများတဲ့ ကပ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီရောဂါပိုးဟာ ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာ အချိန်တိုအတွင်း ထင်ရှားလာတယ်။ ဒီရောဂါပိုးကြောင့် လအနည်းငယ်အတွင်းမှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေဟာ စစ်ပွဲမှာသေတဲ့ စစ်သားအရေအတွက်ထက် ပိုများတယ်။ စစ်ကြီးပြီးလို့ အမိနိုင်ငံအသီးသီးကို ပြန်သွားကြတဲ့ စစ်သားတွေနဲ့အတူ ဒီရောဂါပိုး ပါသွားပြီး တုပ်ကွေးရောဂါဟာ ကမ္ဘာတစ်ခုလုံးကို တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတော့တယ်။

စစ်ပြီးနောက်ပိုင်းမှာလည်း ငတ်ပြတ်မှုနဲ့ စီးပွားရေး ချွတ်ခြုံကျမှုတွေ ဆက်တိုက်ဖြစ်လာတယ်။ စစ်ကြီးပြီးသွားတဲ့ ၁၉၁၈ ခုနှစ်နောက်ပိုင်း ဥရောပတိုက်မှာရှိတဲ့ နိုင်ငံအများစုဟာ ငတ်ပြတ်မှုဒဏ်ကို အလူးအလိမ့် ခံစားခဲ့ရတယ်။ ၁၉၂၃ ခုနှစ်မှာ ဂျာမန်ငွေကြေးဟာ လုံးဝတန်ဖိုးမရှိတော့ဘူး။ ခြောက်နှစ်အကြာမှာ ကမ္ဘာတစ်ခုလုံး စီးပွားရေး ကပ်ဆိုက်ခဲ့တယ်။ နောက်ဆုံး ၁၉၃၉ ခုနှစ်မှာ ပထမကမ္ဘာစစ်ရဲ့ နောက်ဆက်တွဲလို့ ပြောနိုင်တဲ့ ဒုတိယကမ္ဘာစစ် ဖြစ်လာပါတော့တယ်။ ဒီလိုဆက်တိုက်ဖြစ်နေတဲ့ ကပ်ဘေးတွေရဲ့ နောက်ကွယ်မှာ ဘာအကြောင်းရင်းတွေ ရှိနေသလဲ။

နောက်ဆုံးနေ့ရက်တွေရဲ့ နိမိတ်

သမိုင်းဝင်ဖြစ်ရပ်တွေရဲ့ နောက်ကွယ် အထူးသဖြင့် ပထမကမ္ဘာစစ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကို ကျမ်းစာကြိုဟောချက်တွေကနေ ကျွန်ုပ်တို့ သိရှိရပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ လူတစ်မျိုးနဲ့တစ်မျိုး တိုက်ခိုက်ကြမယ်၊ အစာခေါင်းပါးမယ်၊ ကပ်ရောဂါတွေများပြားမယ်လို့ ယေရှုခရစ် ကြိုဟောခဲ့တယ်။ (မဿဲ ၂၄:၃၊ ၇; လုကာ ၂၁:၁၀၊ ၁၁) ဒီအဖြစ်ဆိုးတွေဟာ နောက်ဆုံးသောနေ့ရက်တွေရဲ့ နိမိတ်ဖြစ်တယ်လို့ တပည့်တွေကို ယေရှု ပြောခဲ့တယ်။ ဗျာဒိတ်ကျမ်းမှာ အဲဒါနဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားပါတယ်။ အဲဒီကျမ်းမှာ မြေကြီးပေါ်က အဖြစ်ဆိုးတွေကို ကောင်းကင်ဘုံစစ်ပွဲနဲ့ ဆက်စပ်ဖော်ပြထားပါတယ်။— “မြေကြီးစစ်ပွဲနဲ့ ကောင်းကင်ဘုံစစ်ပွဲ” လေးထောင့်ကွက်ကို ကြည့်ပါ။

ဗျာဒိတ်ကျမ်းမှာ မြင်းစီးသူရဲလေးယောက်အကြောင်း ဖော်ပြထားတယ်။ အဲဒီထဲက သုံးယောက်ဟာ ယေရှုကြိုပြောထားတဲ့ စစ်၊ အစာခေါင်းပါးမှုနဲ့ ကပ်ရောဂါတွေကို တင်စားတယ်။ ( “မြင်းစီးသူရဲလေးယောက်ဟာ မြင်းတွေကို တကယ်ပဲ ဒုန်းစိုင်းစီးနေပြီလား” လေးထောင့်ကွက်ကို ကြည့်ပါ။) ပထမကမ္ဘာစစ်ကနေစပြီး ကပ်ဘေးတွေဟာ ဆက်တိုက်ဖြစ်လာတယ်။ ဒီကပ်ဘေးအားလုံးရဲ့ နောက်ကွယ်က တရားခံဟာ စာတန်မာရ်နတ်ဖြစ်တယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၁ ယောဟန် ၅:၁၉) သူ့ရဲ့သြဇာအာဏာဟာ တစ်ချိန်ချိန်မှာ အဆုံးတိုင်မလား။

မာရ်နတ်မှာ အချိန်နည်းနည်းပဲရှိတော့တယ်လို့ ဗျာဒိတ်ကျမ်းက ဖော်ပြထားပါတယ်။ (ဗျာဒိတ် ၁၂:၁၂) ဒါကြောင့်လည်း သူဟာ ဒေါသတကြီးနဲ့ ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေများအောင် လုပ်ဆောင်နေတာဖြစ်တယ်။ တစ်ဖက်ကပြန်ကြည့်ရင် ဆင်းရဲဒုက္ခတွေ များလာတာနဲ့အမျှ မာရ်နတ်အချိန်လည်း လျော့သည်ထက်လျော့လာပြီဆိုတာ ကျွန်ုပ်တို့ သိနိုင်တယ်။

မာရ်နတ်ရဲ့ အမှုအရာများကို ချိုးဖျက်

ပထမကမ္ဘာစစ်ဟာ လူ့သမိုင်းရဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။ အဲဒီနောက်ပိုင်းကစပြီး ပြင်းထန်တဲ့စစ်ပွဲတွေ၊ တော်လှန်ပုန်ကန်မှုတွေ၊ လူ့ခေါင်းဆောင်တွေကို မယုံကြည်မှုတွေ ဖြစ်ပွားလာခဲ့တယ်။ ပထမကမ္ဘာစစ်ဟာ ကောင်းကင်ကနေ စာတန်မာရ်နတ် နှင်ချခံလိုက်ရပြီဆိုတဲ့ သိသာထင်ရှားတဲ့ အထောက်အထားလည်းဖြစ်တယ်။ (ဗျာဒိတ် ၁၂:၉) ဒီလောကရဲ့ မမြင်ရတဲ့ အုပ်စိုးရှင် မာရ်နတ်ဟာ အချိန်ခဏပဲရှိတော့တယ်ဆိုတာ သိထားတဲ့အတွက် ရက်စက်တဲ့ အာဏာရှင်တစ်ယောက်လို လူတွေကို ဒေါသတကြီး ဒုက္ခပေးနေပါတယ်။ မာရ်နတ်ရဲ့အုပ်စိုးချိန် ကုန်ဆုံးသွားတဲ့အခါ ပထမကမ္ဘာစစ်ကနေ စတင်ဖြစ်ပေါ်လာခဲ့တဲ့ ဆင်းရဲဒုက္ခအားလုံးလည်း ပျောက်ဆုံးသွားပါလိမ့်မယ်။

သမ္မာကျမ်းစာရဲ့ ကြိုဟောချက်တွေကို သုံးသပ်ကြည့်တဲ့အခါ ဘုရားသခင့်နိုင်ငံတော်ရဲ့ဘုရင် ယေရှုခရစ်ဟာ မကြာခင် “မာရ်နတ်၏အမှုအရာများကို ချိုးဖျက်ပစ်” မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (၁ ယောဟန် ၃:၈) လူသန်းပေါင်းများစွာက ဘုရားသခင့်နိုင်ငံတော် လာပါစေလို့ ဆုတောင်းနေကြပါတယ်။ အဲဒီထဲမှာ သင်ကောပါသလား။ ကမ္ဘာပေါ်မှာ စာတန်ရဲ့ ခြယ်လှယ်မှုတွေ ပပျောက်ပြီး ဘုရားသခင် ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာအောင် ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးပါလိမ့်မယ်။ ဘုရားအပေါ်သစ္စာရှိသူတွေ ဒါကို မြင်တွေ့ခွင့်ရပါလိမ့်မယ်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ကမ္ဘာစစ်ဆိုတာမပြောနဲ့ စစ်ပွဲဆိုတာတောင် ရှိတော့မှာမဟုတ်ဘူး။ (ဆာလံ ၄၆:၉) ဘုရားသခင့်နိုင်ငံတော်က လုပ်ပေးမယ့် ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာပေါ်မှာ သင် အသက်ရှင်နေထိုင်ချင်ပါသလား။ နေချင်တယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော်အကြောင်း လေ့လာသင်ယူပါ။—ဟေရှာယ ၉:၆၊ ၇