မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား

ဆေးလိပ်သောက်တာကို ဘုရားလက်ခံသလား

ဆေးလိပ်သောက်တာကို ဘုရားလက်ခံသလား

ရှေ့ဆောင်းပါးမှာ ဖော်ပြထားတဲ့ နာအိုကိုဟာ ဆေးလိပ်ဖြတ်နိုင်ခဲ့တဲ့အကြောင်း ဒီလိုပြောပြတယ်– “ဘုရားရဲ့ အရည်အသွေး၊ ရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သိရှိလာတဲ့အတွက် ကျွန်မရဲ့ ဘဝပုံစံကို ပြောင်းလဲနိုင်ခဲ့တယ်။” သူ သိရှိခဲ့တဲ့ အမှန်တရားကို ကျမ်းစာမှာ တွေ့နိုင်ပါတယ်။ ကျမ်းစာက ဆေးလိပ်အကြောင်း ဘာမှမဖော်ပြထားပေမဲ့ ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား၊ လက်မခံဘူးလား ဆိုတာကိုတော့ နားလည်အောင် ကူညီပေးတယ်။ * လူတော်တော်များများဟာ ဘုရားရဲ့အမြင်ကို ကျမ်းစာထဲကနေ သိရှိတဲ့အတွက် ဆေးလိပ် ဖြတ်နိုင်ခဲ့ကြတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ဆေးလိပ်သောက်ခြင်းရဲ့ လူသိများတဲ့ ဆိုးကျိုးသုံးခုနဲ့ ကျမ်းစာပြောဆိုရာကို သုံးသပ်ကြည့်ရအောင်။

စွဲစေတတ်တဲ့ ဆေးလိပ်

ဆေးလိပ်ထဲမှာ အရမ်းစွဲစေတဲ့ နီကိုတင်းဓာတ် ပါရှိတယ်။ နီကိုတင်းဟာ လူတစ်ယောက်ကို တက်ကြွလန်းဆန်းစေနိုင်သလို စိတ်ငြိမ်စေနိုင်တယ်။ ဆေးလိပ်သောက်တဲ့အခါ နီကိုတင်းဟာ ဦးနှောက်ထဲကို မြန်မြန်ဆန်ဆန်နဲ့ အကြိမ်ကြိမ် ရောက်ရှိသွားတယ်။ တစ်ခါဖွာလိုက်တိုင်း ဦးနှောက်ထဲကို ရောက်သွားတဲ့ နီကိုတင်းဟာ တစ်ခါသောက် ဆေးတစ်ခွက်စာပမာဏနဲ့ ညီမျှတယ်။ တစ်နေ့ကို ဆေးလိပ်တစ်ဗူးသောက်တဲ့သူဟာ ဆေးအခွက် ၂၀၀ လောက်နဲ့ညီမျှတဲ့ နီကိုတင်းကို သုံးစွဲပြီးသားဖြစ်သွားတယ်။ ဒီပမာဏက တခြားဘယ်ဆေးသုံးစွဲမှုထက်မဆို ပိုများတဲ့ ပမာဏဖြစ်တယ်။ အဲဒီလိုသောက်ဖန်များလာရင် နီကိုတင်းကို အရမ်းစွဲသွားလိမ့်မယ်။ ဆေးလိပ်မသောက်ရတော့ဘူးဆိုရင် ဆေးစွဲတဲ့လက္ခဏာတွေ ပေါ်လာတယ်။

‘စေစားမှုကို ခံသောသူသည် စေစားသူ၏ ကျွန်ဖြစ်၏။’ —ရောမ ၆:၁၆ခမ

ဆေးလိပ်စွဲနေချိန်၊ နောက်တစ်မျိုးပြောရင် ဆေးလိပ်ရဲ့ကျွန်ဖြစ်နေချိန်မှာ ဘုရားကို အပြည့်အဝ နာခံနိုင်ပါ့မလား

ကျမ်းစာက ဆေးလိပ်သောက်ခြင်းနဲ့ပတ်သက်တဲ့ အမြင်မှန်ရှိဖို့ ကူညီပေးတယ်– “လူတစ်စုံတစ်ယောက်၏ စေစားမှုကို ခံသောသူသည် စေစားသူ၏ကျွန်ဖြစ်ကြောင်း သင်တို့ ကောင်းစွာသိကြ၏။” (ရောမ ၆:၁၆ခမ) လူတစ်ယောက်မှာ ဆေးလိပ်သောက်ချင်စိတ် လွှမ်းမိုးနေမယ်ဆိုရင် မကြာခင် သူဟာ ဆေးလိပ်သောက်တဲ့ အကျင့်ဆိုးရဲ့ကျွန် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ယေဟောဝါလို့ အမည်ရှိတဲ့ဘုရားက ကျွန်ုပ်တို့ရဲ့ ကိုယ်စိတ်နှစ်ပါးကို ထိခိုက်စေတဲ့ အကျင့်ဆိုးတွေကနေ လွတ်ကင်းစေချင်တယ်။ (ယေရမိ ၃၃:၂; ၂ ကောရိန္သု ၇:၁) ဒါကြောင့် လူတစ်ယောက်က ယေဟောဝါဘုရားကို ရိုသေလေးမြတ်ပြီး ကျေးဇူးတင်စိတ် ရှိလာတဲ့အခါ ကိုယ်တော်ကို အကောင်းဆုံး ပေးဆက်သင့်တယ်ဆိုတာ သိလာမယ်။ တစ်ချိန်တည်းမှာ အသက်အန္တရာယ်ရှိတဲ့ အကျင့်ဆိုးရဲ့ကျွန်ဖြစ်နေရင် အကောင်းဆုံးပေးဆက်လို့ မရဘူးဆိုတာကိုလည်း သဘောပေါက်လာပါလိမ့်မယ်။ အဲဒီအခါ ဆေးလိပ်ဖြတ်ချင်စိတ် ပြင်းပြလာမှာဖြစ်တယ်။

ဂျာမနီနိုင်ငံက အိုလာဖ်ဟာ စီးကရက်ကို အသက် ၁၂ နှစ်အရွယ်ကစပြီး ၁၆ နှစ်ကြာ သောက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဖြတ်နိုင်ခဲ့တယ်။ စီးကရက်တစ်လိပ် သောက်တာက အန္တရာယ်မရှိဘူးလို့ သူထင်ခဲ့ပေမဲ့ နှစ်ပေါင်းအတော်ကြာတဲ့အခါ မသောက်ရမနေနိုင်တဲ့အထိ စွဲသွားတယ်။ သူ ဒီလိုပြောတယ်– “တစ်ခါတုန်းက သောက်စရာ စီးကရက်မရှိတော့တဲ့အခါ ဆေးလိပ်ပြာခွက်ထဲက ဆေးလိပ်အတိုအစတွေကိုယူ၊ ဆေးမှုန့်တွေကို ခွာထုတ်၊ သတင်းစာစက္ကူနဲ့ လိပ်ပြီး သောက်ခဲ့တယ်။ ပြန်စဉ်းစားကြည့်ရင် တကယ်ရှက်စရာပဲ။” ဆေးလိပ်သောက်တဲ့ အကျင့်ဆိုးကို သူ ဘယ်လိုဖြတ်နိုင်ခဲ့တာလဲ။ “အဓိကအကြောင်းရင်းကတော့ ဘုရားရဲ့စိတ်တော်ကို ရွှင်လန်းစေချင်လို့ပါ။ လူသားတွေကိုချစ်တဲ့ ယေဟောဝါဘုရားရဲ့ မေတ္တာနဲ့ ကိုယ်တော်ရဲ့ကတိတွေကြောင့် ဆေးလိပ်သောက်တဲ့ အကျင့်ဆိုးကြီးကို ဖြတ်ပစ်နိုင်ခဲ့တယ်” လို့ သူပြန်ပြောပြတယ်။

ဆေးလိပ်သောက်ခြင်းက ကိုယ်ခန္ဓာကို ထိခိုက်စေ

“သိပ္ပံပညာအရ ဆေးလိပ်သောက်ခြင်းက ကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံးလိုလိုကို ထိခိုက်ပျက်စီးစေတဲ့အပြင် ရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းကိုလည်း တိုးစေတယ်” လို့ စာအုပ်တစ်အုပ် (The Tobacco Atlas) မှာ ဖော်ပြထားတယ်။ ဆေးလိပ်သောက်ခြင်းက ကင်ဆာ၊ နှလုံးရောဂါနဲ့ အဆုတ်အားနည်းတဲ့ရောဂါစတဲ့ ရောဂါတွေ ဖြစ်စေတယ်ဆိုတာကို လူအများ သိထားကြတယ်။ ဒါပေမဲ့ တီဘီရောဂါလိုမျိုး ကူးစက်ရောဂါတွေကြောင့် သေဆုံးရတဲ့ အဓိကအကြောင်းရင်းဟာလည်း ဆေးလိပ်သောက်ခြင်းပဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုတယ်။

“သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။” —မဿဲ ၂၂:၃၇

ဘုရားပေး ကိုယ်ခန္ဓာကို ညစ်ညူးအောင်လုပ်ပြီး တလွဲအသုံးပြုနေမယ်ဆိုရင် ဘုရားကို ချစ်ကြောင်း၊ ရိုသေလေးစားကြောင်း ပြရာရောက်ပါ့မလား

ယေဟောဝါဘုရားက ကျမ်းစာကနေတစ်ဆင့် ကျွန်ုပ်တို့ရဲ့ အသက်၊ ကိုယ်ခန္ဓာနဲ့ ဉာဏ်စွမ်းအပေါ် အမြင်မှန်ရှိဖို့ သင်ပေးတယ်။ ယေရှုလည်း ဒီလိုပြောခဲ့တယ်– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့။” (မဿဲ ၂၂:၃၇) ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အသက်နဲ့ ကိုယ်ခန္ဓာကို တန်ဖိုးထားပြီး ကောင်းကောင်းအသုံးပြုစေချင်တယ်ဆိုတာ ထင်ရှားပါတယ်။ ယေဟောဝါဘုရားနဲ့ ကတိတော်တွေအကြောင်း လေ့လာသင်ယူတဲ့အခါ ကိုယ်တော့်ကို ချစ်ခင်မြတ်နိုးလာပြီး ကိုယ်တော်လုပ်ပေးခဲ့ရာတွေကို တန်ဖိုးထားလေးမြတ်လာမှာဖြစ်တယ်။ အဲဒီအခါ ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာကို ညစ်ညူးစေတဲ့ ဘယ်အရာကိုမဆိုရှောင်ဖို့ လှုံ့ဆော်ခံရတယ်။

အိန္ဒိယနိုင်ငံက ဆရာဝန်ဖြစ်တဲ့ ဂျာရာဗဲန့်ဟာ ဆေးလိပ်သောက်လာခဲ့တာ ၃၈ နှစ် ကြာနေပြီ။ “ဆေးလိပ်သောက်တာက အန္တရာယ်ရှိတယ်ဆိုတာ ဆေးဂျာနယ်တွေမှာ ကျွန်တော် ဖတ်ရတယ်။ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာသိလို့ လူနာတွေကိုလည်း ဆေးလိပ်ဖြတ်ဖို့ ကျွန်တော် အကြံပေးတယ်။ ကိုယ်တိုင်တော့ ဆေးလိပ်ဖြတ်ဖို့ ငါးခါ၊ ခြောက်ခါလောက် ကြိုးစားပေမဲ့ မဖြတ်နိုင်ခဲ့ဘူး” လို့ သူ ပြောတယ်။ နောက်ဆုံး သူ ဆေးလိပ်ဖြတ်နိုင်ဖို့ ဘာက ကူညီပေးခဲ့သလဲ။ “ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော် ဆေးလိပ်ဖြတ်နိုင်ခဲ့တယ်။ ယေဟောဝါဘုရားကို ပျော်ရွှင်စေချင်တဲ့စိတ်က ဆေးလိပ်ကို ချက်ချင်းဖြတ်ဖို့ ကျွန်တော့်ကို လှုံ့ဆော်ပေးခဲ့တယ်” လို့ သူဆက်ပြောတယ်။

ဆေးလိပ်သောက်ခြင်းက တခြားသူတွေကိုလည်း အန္တရာယ်ဖြစ်စေ

မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့နဲ့ ဆေးလိပ်လောင်ကျွမ်းပြီး တငွေ့ငွေ့ထွက်လာတဲ့ အငွေ့တွေက အဆိပ်တွေဖြစ်တယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိတဲ့ တခြားသူတွေဟာ ကင်ဆာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်တယ်။ ဆေးလိပ်မသောက်သူ ၆ သိန်းဟာ ဆေးလိပ်ငွေ့ရှူမိလို့ နှစ်စဉ် သေဆုံးနေတယ်။ သေဆုံးသူအများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်။ “ဆေးလိပ်ငွေ့ကို ရှူမိရင် ရှူမိသလောက် အန္တရာယ်ရှိတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားတယ်။

“လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။” —မဿဲ ၂၂:၃၉

သင့်မိသားစုနဲ့ သင့်အနားမှာရှိသူတွေကိုပါ အန္တရာယ်ဖြစ်စေတဲ့ ဆေးလိပ်ကို သောက်နေတာက သူတို့ကို ချစ်ရာရောက်ပါ့မလား

“လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့” လို့ ယေရှု ပြောခဲ့ပါတယ်။ (မဿဲ ၂၂:၃၉) ကိုယ့်မိသားစု၊ မိတ်ဆွေနဲ့ အနီးအနားကလူတွေဖြစ်တဲ့ လူသားချင်းကို ချစ်ပါဆိုတဲ့ပညတ်ဟာ ဘုရားကိုချစ်ပါဆိုတဲ့ ပညတ်ပြီးရင် ဒုတိယအကြီးဆုံးပညတ်ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကိုယ့်အနီးအနားမှာရှိတဲ့ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့အကျင့် ပြုကျင့်နေမယ်ဆိုရင် လူသားချင်းကို ချစ်ရာမရောက်ပါဘူး။ “လူအသီးသီးတို့သည် ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြစေ” ဆိုတဲ့ ကျမ်းစာတိုက်တွန်းချက်ကို လိုက်နာဖို့ စစ်မှန်တဲ့မေတ္တာက လှုံ့ဆော်ပေးပါတယ်။—၁ ကောရိန္သု ၁၀:၂၄

အာမေးနီးယားနိုင်ငံက အာရ်မဲန် ဒီလိုပြောပြတယ်– “မိသားစုက သူတို့အတွက် အန္တရာယ်ရှိလို့ ဆေးလိပ်မသောက်ဖို့ ကျွန်တော့်ကို တောင်းပန်ကြပေမဲ့ ကျွန်တော့်ကြောင့် သူတို့ ထိခိုက်တယ်ဆိုတာ လက်မခံချင်ခဲ့ဘူး။” ဘာက သူ့အမြင်ကို ပြောင်းလဲသွားစေသလဲ။ “ကျမ်းစာအသိပညာနဲ့ ယေဟောဝါဘုရားကို ချစ်တဲ့မေတ္တာက ဆေးလိပ်ဖြတ်ဖို့အပြင် ဆေးလိပ်ကြောင့် ကိုယ်တိုင်နဲ့ အနီးအနားကလူတွေ အန္တရာယ်ဖြစ်ရတယ်ဆိုတာ လက်ခံဖို့ ကူညီပေးခဲ့တယ်” လို့ သူပြောပြတယ်။

ဆေးလိပ် ကင်းစင်တော့မယ့် ကမ္ဘာ!

ကိုယ်ကိုယ်တိုင်နဲ့ တခြားသူတွေကို အန္တရာယ်ပေးတဲ့ ဆေးလိပ်ကို ဖြတ်ပစ်ဖို့ အိုလာဖ်၊ ဂျာရာဗဲန့်နဲ့ အာရ်မဲန်တို့ကို ကျမ်းစာအသိပညာက ကူညီပေးခဲ့ပါတယ်။ ဆေးလိပ်သောက်တာက အန္တရာယ်ရှိတယ်ဆိုတာ သိရုံလောက်နဲ့ သူတို့ ဆေးလိပ်ဖြတ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ယေဟောဝါဘုရားကို ချစ်လာပြီး ကိုယ်တော့်ကို ရွှင်လန်းစေချင်တဲ့အတွက် သူတို့ ဆေးလိပ်ဖြတ်နိုင်ခဲ့ကြတာ ဖြစ်တယ်။ ကျမ်းစာမှာ မေတ္တာရဲ့ အရေးကြီးမှုကို ဒီလိုဖော်ပြထားပါတယ်– “ဘုရားသခင်ကို ချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။” (၁ ယောဟန် ၅:၃) ကျမ်းစာမူတွေကို လိုက်နာဖို့ အမြဲမလွယ်ကူပေမဲ့ ဘုရားကို နှစ်နှစ်ကာကာချစ်မယ်ဆိုရင် ကိုယ်တော့်စကားကို နားထောင်ဖို့ အရမ်းမခက်တော့ပါဘူး။

ယေဟောဝါဘုရားက လူသန်းပေါင်းများစွာကို ဆေးလိပ်ရဲ့ကျေးကျွန်အဖြစ်ကနေ လွတ်မြောက်ဖို့ ကမ္ဘာချီပညာပေးအစီအစဉ်ကို လုပ်ဆောင်ပေးထားပါတယ်။ (၁ တိမောသေ ၂:၃၊ ၄) လောဘတွေ လွှမ်းခြုံနေပြီး လူသန်းပေါင်းများစွာကို ဆေးလိပ်ရဲ့ကျေးကျွန်ဖြစ်စေတဲ့ စီးပွားရေးစနစ်ကို မကြာခင်မှာ သားတော် ယေရှုခရစ်အုပ်ချုပ်တဲ့ ကောင်းကင်အစိုးရကိုသုံးပြီး ယေဟောဝါဘုရား ဖျက်ဆီးပစ်ပါတော့မယ်။ အဲဒီအချိန်ကျရင် ကမ္ဘာတစ်ခုလုံးမှာ ဆေးလိပ်ကင်းစင်သွားပါလိမ့်မယ်။ ဘုရားစကား နားထောင်တဲ့သူတွေလည်း ကျန်းမာပြည့်စုံတဲ့ စိတ်နဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ကြရပါလိမ့်မယ်။—ဟေရှာယ ၃၃:၂၄; ဗျာဒိတ် ၁၉:၁၁၊ ၁၅

သင်ဟာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူဆိုရင် လက်မလျှော့ပါနဲ့။ ယေဟောဝါဘုရားကို ချစ်လာပြီး ဆေးလိပ်သောက်တာကို ကိုယ်တော် ဘယ်လိုမြင်သလဲဆိုတာ လက်ခံလာတဲ့အခါ သင်လည်း ဆေးလိပ် ဖြတ်နိုင်ပါလိမ့်မယ်။ ယေဟောဝါသက်သေတွေက လက်တွေ့ကျတဲ့ ကျမ်းစာမူတွေကို သင်သိလာအောင်၊ လက်တွေ့ကျင့်သုံးနိုင်အောင် ကူညီပေးချင်ကြပါတယ်။ ဘုရားရဲ့အကူအညီနဲ့ ဆေးလိပ်ဖြတ်ချင်စိတ် ရှိတယ်ဆိုရင် လိုအပ်တဲ့ ခွန်အားနဲ့ ခံနိုင်ရည်ကို ကိုယ်တော် ပေးပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၁၃

^ စာပိုဒ်၊ 3 ဆေးလိပ်သောက်ခြင်းဆိုတာ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ရေထည့်ထားတဲ့ပိုက်နဲ့ ဆေးလိပ်သောက်ခြင်းကို ရည်ညွှန်းတယ်။ ဒါပေမဲ့ ဆွေးနွေးသွားမယ့် ကျမ်းစာမူတွေဟာ ဆေးရွက်ကြီးငုံတာ၊ ဆေးရွက်ကြီးအမှုန့်တွေကိုရှူတာ၊ အီလက်ထရောနစ်ဆေးလိပ်သောက်တာ၊ နီကိုတင်းကို တခြားနည်းနဲ့ သုံးစွဲတာတွေနဲ့လည်း သက်ဆိုင်ပါတယ်။