မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်

ဘဝမှာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ခဲ့

ဘဝမှာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ခဲ့
  • မွေးဖွားတဲ့နှစ်– ၁၉၅၁

  • နေရင်းနိုင်ငံ– ဂျာမနီ

  • နောက်ခံနကြီးပြီး လွတ်လွတ်လပ်လပ် နေချင်တဲ့သူ

အတိတ်–

ကျွန်တော် ကလေးဘဝမှာ မိသားစုဟာ အရှေ့ဂျာမနီနိုင်ငံ လိုက်ဇစ်မြို့နားမှာ နေကြတယ်။ အဲဒီမြို့က ချက်နဲ့ ပိုလန်နိုင်ငံတို့ရဲ့ နယ်စပ်နဲ့ သိပ်မဝေးဘူး။ ကျွန်တော့်အသက် ၆ နှစ်မှာ အဖေ့အလုပ်ကြောင့် ဘရာဇီးနိုင်ငံ၊ ပြီးတော့ အီကွေဒေါနိုင်ငံကို မိသားစုလိုက် ပြောင်းသွားခဲ့ရတယ်။

ကျွန်တော့်အသက် ၁၄ နှစ်ရောက်တဲ့အခါ ဂျာမနီနိုင်ငံကိုပြန်လာပြီး ဘော်ဒါကျောင်း တက်ခဲ့ရတယ်။ မိဘတွေက တောင်အမေရိကမှာ အလုပ်ကိစ္စနဲ့ရှိနေလို့ ကိုယ့်အားကိုယ်ကိုးပြီး နေခဲ့ရတယ်။ ဒီလိုနဲ့ လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်လာတယ်။ ကိုယ့်လုပ်ရပ်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာသွားမလားဆိုတာ ကျွန်တော် တစ်ခါမှ မစဉ်းစားခဲ့ဘူး။

ကျွန်တော့်အသက် ၁၇ နှစ်မှာ မိဘတွေ ဂျာမနီနိုင်ငံကို ပြန်ရောက်လာကြတယ်။ အစပိုင်းမှာတော့ သူတို့နဲ့ အတူတူနေတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လွတ်လွတ်လပ်လပ် နေချင်တဲ့စိတ်ကြောင့် မိဘတွေရဲ့ အုပ်ထိန်းမှုအောက်မှာ မနေနိုင်တော့ဘူး။ ဒါကြောင့် အသက် ၁၈ နှစ်မှာ အိမ်ကနေ ကျွန်တော် ထွက်လာတယ်။

ကျွန်တော် စိတ်လေနေပေမဲ့ တစ်ချိန်တည်းမှာ ဘဝရဲ့ ရည်ရွယ်ချက်ကို ရှာဖွေခဲ့တယ်။ ဘဝပုံစံအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးကို စူးစမ်းလေ့လာခဲ့တယ်။ နောက်ဆုံးတော့ လူသားတွေကြောင့် ဒီကမ္ဘာကြီး မပျက်စီးခင် သဘာဝအလှတရားကို လှည့်ပတ်ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်တယ်။

ဂျာမနီနိုင်ငံကနေ အာဖရိကတိုက်ကို ဆိုင်ကယ်နဲ့ ခရီးထွက်လာခဲ့တယ်။ သိပ်မကြာပါဘူး၊ ဆိုင်ကယ်ပြင်ဖို့ ဥရောပတိုက်ကို ပြန်လှည့်လာရတယ်။ နောက်တော့ ပေါ်တူဂီနိုင်ငံက ကမ်းခြေတစ်ခုကို ရောက်သွားတယ်။ ဆိုင်ကယ်ကိုထားခဲ့ပြီး သင်္ဘောနဲ့ပဲ ခရီးထွက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အတ္တလန္တိတ်သမုဒ္ဒရာကို ရွက်လွှင့်ဖို့ ပြင်ဆင်နေကြတဲ့ လူငယ်တစ်စုနဲ့ ကျွန်တော် သွားဆုံမိတယ်။ သူတို့ထဲမှာ နောက်ပိုင်း ကျွန်တော့်ရဲ့ဇနီးဖြစ်လာမယ့် လော်ရီလည်းပါတယ်။ ဦးဆုံး ကရစ်ဘီယန်ကျွန်းတွေကို ရွက်လွှင့်ခဲ့ပြီး ပွာတီရီကိုကျွန်းမှာ ခဏနေကြတယ်။ ပြီးတော့ ဥရောပကို ပြန်လာခဲ့ကြတယ်။ နောက်ထပ်ခရီးဆက်ဖို့ ရွက်လှေတစ်စီးကို ကျွန်တော်နဲ့ လော်ရီ လိုက်ရှာခဲ့ကြတယ်။ အဲဒီလှေကို လူနေလို့ရအောင် ပြောင်းလိုက်ဖို့ဖြစ်တယ်။ လိုက်ရှာနေတဲ့ သုံးလလောက်မှာ ဂျာမနီမှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံလိုက်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ အစီအစဉ် ပျက်သွားတယ်။

ဂျာမန်ရေတပ်မှာ ၁၅ လအမှုထမ်းလိုက်ရတယ်။ အဲဒီအတွင်းမှာ လော်ရီနဲ့ လက်ထပ်လိုက်ပြီး ဆက်ပြီးခရီးထွက်ဖို့ ပြင်ဆင်ခဲ့ကြတယ်။ စစ်မှုမထမ်းခင်လေးမှာ အလတ်စားလှေကိုယ်ထည်တစ်ခုကို ဝယ်ဖြစ်လိုက်တယ်။ ကျွန်တော် စစ်မှုထမ်းနေချိန်မှာ အဲဒီလှေကိုယ်ထည်ကို ခရီးထွက်လို့ရတဲ့ ရွက်လှေအဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့တယ်။ ကျွန်တော်တို့ အစီအစဉ်က ရွက်လှေစီးပြီး သဘာဝအလှတရားတွေကို ပတ်ကြည့်ဖို့ပါ။ စစ်တပ်ကထွက်ပြီးနောက် ရွက်လှေကို အချောသတ်လို့ မပြီးခင်လေးမှာ ယေဟောဝါသက်သေတွေနဲ့ တွေ့ဆုံခဲ့ပြီး ကျမ်းစာ စလေ့လာဖြစ်တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–

အစပိုင်းမှာတော့ ကျွန်တော့်ဘဝမှာ ပြောင်းလဲရမယ့်အရာတွေ များများစားစား ရှိလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ကျွန်တော်က လော်ရီနဲ့ တရားဝင် လက်ထပ်ထားပြီးသားပဲ။ ဆေးလိပ်လည်း အရင်ကတည်းက ဖြတ်ထားတာ။ (ဧဖက် ၅:၅) ကျွန်တော်တို့ရဲ့ ခရီးထွက်မယ့်အစီအစဉ်ကလည်း ဘုရားရဲ့ အံ့ဖွယ်ဖန်ဆင်းရာတွေကို စူးစမ်းတာပဲဆိုတော့ တကယ်အကျိုးရှိတဲ့ လုပ်ဆောင်မှုပဲလို့ ထင်ခဲ့မိတယ်။

လက်တွေ့မှာတော့ ကျွန်တော်ပြောင်းလဲရမယ့် အရာတွေရှိတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက်ဖြစ်တယ်။ ကျွန်တော်က မာနအရမ်းကြီးပြီး လွတ်လွတ်လပ်လပ်နေချင်စိတ်လည်း ရှိနေတယ်။ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အောင်မြင်မှုကိုပဲ အာရုံစိုက်တယ်။ ဘဝမှာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ခဲ့တယ်။

တစ်နေ့တော့ ယေရှုရဲ့တောင်ပေါ်တရားတော်အကြောင်း ဖတ်မိတယ်။ (မဿဲ အခန်းကြီး ၅-၇) အစပိုင်းမှာတော့ ပျော်ရွှင်မှုအကြောင်း ယေရှုပြောတာကို နားမလည်ခဲ့ဘူး။ ဆာငတ်သူတွေက ပျော်ရွှင်ကြမယ်ဆိုတဲ့ အချက်မျိုးပေါ့။ (မဿဲ ၅:၆) ဆာငတ်နေပါတယ်ဆိုမှ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲလို့ ကျွန်တော် တွေးမိတယ်။ ကျမ်းစာဆက်လေ့လာတဲ့အခါ ဒါက ဘုရားကိုမှီခိုချင်တဲ့ဆန္ဒကို ပြောနေတာဖြစ်ပြီး ဒီဆန္ဒပြည့်နိုင်ဖို့ ကိုယ့်ဘက်က နှိမ့်ချမှုရှိရှိ ဝန်ခံရမယ်ဆိုတာ သဘောပေါက်လာတယ်။ “ဘုရားသခင်ကို မှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏” လို့ ယေရှုပြောခဲ့သလိုပေါ့။—မဿဲ ၅:၃

ဂျာမနီမှာ ကျမ်းစာစလေ့လာပြီးတဲ့နောက် လော်ရီနဲ့ ကျွန်တော်ဟာ ပြင်သစ်နိုင်ငံ၊ အဲဒီနောက် အီတလီနိုင်ငံကို ပြောင်းရွှေ့ခဲ့ကြတယ်။ ပြောင်းရွှေ့တဲ့ နေရာတိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့အချင်းချင်း ချစ်တဲ့မေတ္တာနဲ့ စည်းလုံးမှုက ကျွန်တော့်ကို စိတ်ထိမိစေတယ်။ သက်သေခံတွေက စစ်မှန်တဲ့ ကမ္ဘာချီညီအစ်ကို အသင်းအပင်းပဲ။ (ယောဟန် ၁၃:၃၄၊ ၃၅) နောက်တော့ လော်ရီနဲ့ ကျွန်တော်ဟာ ယေဟောဝါသက်သေတွေအဖြစ် နှစ်ခြင်းခံလိုက်ကြတယ်။

နှစ်ခြင်းခံပြီးနောက်မှာလည်း ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက်တွေကို ပြောင်းလဲနေရတုန်းပဲ။ ကျွန်တော်တို့နှစ်ယောက် အာဖရိကကို ရွက်လွှင့်ခဲ့ကြတယ်။ အဲဒီနောက် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုကို ရွက်လွှင့်ခဲ့ကြတယ်။ လှေလေးတစ်စီးနဲ့ အပြောကျယ်လွန်းတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ကျွန်တော်တို့နှစ်ယောက်ထဲရှိနေတုန်း အမြင့်မြတ်ဆုံး ဖန်ဆင်းရှင်နဲ့ နှိုင်းယှဉ်လိုက်ရင် ကျွန်တော်ဟာ ဘာမှမဟုတ်ပါလားဆိုတာကို တွေးမိတယ်။ ပင်လယ်ပြင်ကြီးထဲမှာ ဘာမှလုပ်စရာမရှိတော့ ကျမ်းစာကို အချိန်အများကြီးပေးပြီး ဖတ်ဖြစ်တယ်။ အဲဒီလိုဖတ်တဲ့အခါ အထူးသဖြင့် ယေရှုရဲ့ မြေကြီးအသက်တာအကြောင်း ကျွန်တော့်ရဲ့စိတ်ထဲ စွဲသွားတယ်။ ယေရှုမှာ ကျွန်တော့်ထက် အများကြီးသာတဲ့ အစွမ်းအစတွေရှိပေမဲ့ တခြားသူတွေ သူ့ကိုအာရုံစိုက်လာအောင် မလုပ်ခဲ့ဘူး။ သူ့ရဲ့အသက်တာက သူ့အတွက်မဟုတ်ဘဲ သူ့ကောင်းကင်ဖခင်အတွက်ပဲ ဖြစ်ခဲ့တယ်။

ဘဝမှာ ဘုရားရဲ့နိုင်ငံတော်ကို ဦးစားထားရမယ်ဆိုတာ ကျွန်တော် သိလာ

ယေရှုအကြောင်း ကျွန်တော် တွေးတောဆင်ခြင်ပြီးတဲ့အခါ ဘဝမှာ ကျွန်တော် လုပ်ချင်တဲ့အရာတွေထက် ဘုရားရဲ့နိုင်ငံတော်ကို ဦးစားထားရမယ်ဆိုတာ သိလာတယ်။ (မဿဲ ၆:၃၃) နောက်ဆုံး အမေရိကန်ပြည်ထောင်စုကို ကျွန်တော်တို့နှစ်ယောက် ရောက်သွားတဲ့အခါ အဲဒီမှာပဲ အခြေချပြီး ဘုရားအလုပ်ကိုပဲ အာရုံစိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

အကျိုးကျေးဇူးရရှိခဲ့ပုံ–

ဘဝမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးခဲ့တုန်းက တစ်ခါတလေ ကိုယ့်ဆုံးဖြတ်ချက်တွေ မှန်မမှန်ဆိုတာ မသေချာခဲ့ဘူး။ အခုတော့ မမှားနိုင်တဲ့ဉာဏ်ပညာရဲ့ ဇာစ်မြစ်ကို ကျွန်တော်တွေ့ပါပြီ။ (ဟေရှာယ ၄၈:၁၇၊ ၁၈) အခုဆိုရင် တစ်ခါမှမရခဲ့ဖူးတဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်နေပြီ။ ဘုရားကို ဝတ်ပြုကိုးကွယ်ခွင့်ရပြီး တခြားသူတွေကို ကိုယ်တော့်အကြောင်း သင်ပေးခွင့် ရနေပါတယ်။

ကျမ်းစာအကြံပြုချက်တွေကို လိုက်လျှောက်တဲ့အတွက် ကျွန်တော်တို့ အိမ်ထောင်နှောင်ကြိုးဟာ ခိုင်မြဲသည်ထက်ခိုင်မြဲလာတယ်။ နောက်ပြီး ယေဟောဝါဘုရားကိုသိပြီး ကိုယ်တော့်ကိုချစ်တဲ့ ချစ်စရာသမီးလေးတစ်ယောက်လည်း ရထားပါတယ်။

ဘဝမှာ လှိုင်းလေထန်တဲ့ အချိန်တွေကို ဖြတ်ကျော်ခဲ့ရတဲ့အခါတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားပေးတဲ့ အကူအညီနဲ့ ကိုယ်တော့်ကို အမြဲဝတ်ပြုသွားဖို့၊ ကိုယ်တော့်ကို အမြဲယုံကြည်အားထားသွားဖို့ ဆုံးဖြတ်ထားပါတယ်။—သုတ္တံ ၃:၅၊ ၆