မာတိကာဆီ ကျော်သွား

မီးငြိမ်း​သတ်​တတ်အောင် လေ့ကျင့်​ပေးခြင်း

မီးငြိမ်း​သတ်​တတ်အောင် လေ့ကျင့်​ပေးခြင်း

ယောက္ခမ​အိမ်မှာ မနက်စာ စား​နေတုန်း အိမ်ဘေး​ဂိုဒေါင် တံခါးပေါက်​အောက်​ကနေ မီးညွန့်​တွေ ထွက်​နေတာကို စ​န္ဒြာ တွေ့​ပြီး “ဟို​မှာ မီး၊ မီးလောင်​နေတယ်” လို့ အော်​လိုက်တယ်။ စ​န္ဒြာ​နဲ့ ခင်ပွန်း​ဖြစ်သူ သော​မတ်​ဟာ နေရာ​ကနေ ချက်ချင်း​ထပြီး မီး​သတ်ဖို့ လုပ်ဆောင်ကြတယ်။ စ​န္ဒြာ​က မီး​သတ်​ဆေး​ဘူး သွား​ယူ​နေချိန်မှာ သော​မတ်​က ဂိုဒေါင်​ဆီ ပြေး​ပြီး အခြေအနေ ကြည့်တယ်။ စ​န္ဒြာ​က သော​မတ်​ကို မီး​သတ်​ဆေး​ဘူး ပေးလိုက်​တော့ သူ မီးငြိမ်း​သတ်​လိုက်တယ်။ “ကျွန်မတို့​သာ မီး​မ​သတ်ခဲ့​ရင် ဂိုဒေါင်​တစ်ခုလုံး ပြာကျ​သွားမှာ” လို့ စ​န္ဒြာ ပြောတယ်။

သော​မတ်​နဲ့ စ​န္ဒြာ​ဟာ ထိတ်ထိတ်ပျာပျာ ဖြစ်​မနေ​ဘဲ ဘာကြောင့် မီးငြိမ်း​သတ်​နိုင်ခဲ့ကြ​သလဲ။ သူတို့ဟာ ဂျာမနီ​နိုင်ငံ၊ စ​ယ်လ်​တာ​မြို့က ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံး​မှာ အမှုဆောင်​နေကြ​သူ အ​ယောက် ၁,၀၀၀ နဲ့​အတူ အရေးပေါ် မီးငြိမ်း​သတ်​နည်း သင်ယူ​ထား​ကြ​လို့​ပါပဲ။

စ​ယ်လ်​တာ​မြို့က ဧ​က ၇၀ ကျယ်တဲ့ ဝင်းထဲမှာ ရုံးခန်း​တွေ၊ လူနေ​ဆောင်​တွေ​သာမက မီးကို အဓိက အသုံးပြု​ရတဲ့ လျှော်ဖွပ်​ဌာန၊ ပုံနှိပ်​စက်၊ အလုပ်ရုံ​အမျိုးမျိုး ရှိတယ်။ ဒါကြောင့် ဌာနခွဲရုံး​မှာ ရှိတဲ့ ဘေးကင်းရေး​နဲ့ ဝန်းကျင်​ဌာန​က မီးငြိမ်း​သတ်​နိုင်ပုံကို သင်ပေးဖို့ စီစဉ်ခဲ့​ကြတယ်။ ပထမ၊ ဌာနခွဲရုံး​မှာ ရှိတဲ့ အရေးပေါ် တုံ့ပြန်​ရေး​အဖွဲ့က ဒေသခံ မီး​သတ်​ဌာန​နဲ့​အတူ လေ့ကျင့်​တယ်။ ဒုတိယ၊ ဌာနခွဲ​မှာ အမှုဆောင်​နေ​သူ ယောက်​တိုင်း​က အောက်ပါ​အချက်တွေကို ပုံမှန် လုပ်ကြတယ်။

  • အရေးပေါ်​ထွက်ပေါက်​တွေ​ကနေ ထွက်ပြေး​ပုံကို လေ့ကျင့်​ကြတယ်။

  • ဘေးကင်း​စွာ မီး​အသုံးပြု​တတ်အောင် လေ့ကျင့်​ကြတယ်။

  • မီး​စ​လောင်​နေချိန်မှာ မီးငြိမ်း​သတ်​တတ်အောင် သင်ယူ​ကြတယ်။

ဒါကြောင့် ရုတ်တရက် မီး​ထ​လောင်​တဲ့အခါ မဖြစ်​မနေ လုပ်ဖို့ လိုအပ်တာတွေကို သင်ယူ​ကြရတယ်။

အန္တရာယ်ကင်း​ကင်း မီးငြိမ်း​သတ်​တတ်အောင် လေ့ကျင့်ခြင်း

လေ့ကျင့်မှု​အစီအစဉ်မှာ အန္တရာယ်ကင်း​ကင်း မီးငြိမ်း​သတ်​တတ်အောင်လည်း သင်ပေးတယ်။ မီး​အန္တရာယ်​အကြောင်း နောက်ဆုံး​အနေနဲ့ မူလ​တန်း​ကျောင်းမှာ သင်ယူ​ခဲ့​ရသူ ခရစ္စတင်း​က ဌာနခွဲရုံး​ရဲ့ မီး​သတ်​လေ့ကျင့်မှု​အကြောင်း ဒီလို​ပြောပြတယ်– “မီး​သတ်​ဆေး​ဘူး​ကို ယူတယ်။ သော့​ခလုတ်​ကို ဆွဲ​ဖွင့်​တယ်။ မီးလောင်​နေတဲ့ နေရာကို လေ​ညာဘက်​ကနေ သွားတယ်။ မဟုတ်​ရင် လေ​အရှိန်​နဲ့ မျက်နှာကို မီး​ဟပ်​မှာ။ ပြီးတော့ မီးငြိမ်း​သတ်​လိုက်တယ်။ ဒါ့အပြင် လူ​လေးဦး၊ ငါး​ဦး အဖွဲ့​လိုက် မီးငြိမ်း​သတ်​နိုင်ပုံကို​လည်း သင်ပေးတယ်။”

လေ့ကျင့်မှု အစီအစဉ်​က “မီးလောင်​တဲ့အခါ ထိတ်​ထိတ်လန့်​လန့် မဖြစ်အောင် အကူအညီ​ပေးတယ်” ဆိုပြီး မီး​သတ်​သင်တန်း​ပေးသူ​အဖြစ် ဌာနခွဲရုံး​မှာ အမှုဆောင်​နေတဲ့ ဒံ​နီ​ယယ် ပြောတယ်။ သူ​ဒီလို ရှင်းပြတယ်– “မီးလောင်​တဲ့အခါ များသောအားဖြင့် လူတွေ ကြက်သေသေ နေတတ်တယ်။ ‘ဘယ်လို လုပ်ရမလဲ၊ မီး​သတ်​ဆေး​ဘူး​ကို ဘယ်လို သုံး​ရမလဲ’ ဆိုပြီး ခြေမကိုင်မိ လက်မ​ကိုင်​မိ ဖြစ်တတ်တယ်။ အသုံးပြုနည်း​ကို ကောင်းကောင်း သိထားတော့ မီးလောင်​တာ​နဲ့ ငြိမ်းသတ်​နိုင်​လို့ မီးလောင်မှု​ကြီး မဖြစ်​တော့​ဘူး။” လေ့ကျင့်မှု​ထဲမှာ “မီး​ထ​လောင်​တဲ့အခါ မီး​သတ်​ဆေး​ဘူး ကိုင်တွယ်ပုံ၊ မီး​သတ်​ပုံ​တွေ သင်ယူ​ရတဲ့​အတွက် လိုအပ်​လာတဲ့အခါ ချက်ချင်း ထပြီး မီး​သတ်ဖို့ ယုံကြည်မှု ရှိနေတယ်’ ဆိုပြီး ရှင်းပြတယ်။

လေ့ကျင့်မှုက အကျိုးပြု

အတော်များများ​က လေ့ကျင့်​ပေးမှု​အတွက် ကျေးဇူးတင်ကြောင်း ပြောပြတယ်။ ခရစ္စတင်း ဒီလို​ဝန်ခံတယ်– “မီး​သတ်​ဆေး​ဘူး​ကို ပထမဆုံး​အကြိမ် ကိုင်​ဖူး​တာ​ပဲ။ လူတိုင်း ဒီလို လေ့ကျင့်မှု ရထား​သင့်တယ်။” လေဆိပ်​မှာ အလုပ်လုပ်သူ ဖြစ်ပြီး ဌာနခွဲရုံး​မှာလည်း အချိန်ပိုင်း စေတနာ့​ဝန်ထမ်း​ဖြစ်သူ နတ်​ယာ ဒီလို​ပြောတယ်– “ဆယ်နှစ်​လုံးလုံး လေဆိပ်​မှာ မီး​ဘေးကင်းရေး သင်ခန်းစာ​ကို စာ​တွေ့​ပဲ သင်​ခဲ့​ရတယ်။ ဌာနခွဲရုံး​က လက်တွေ့​သင်ပေး​တော့ ပို​ယုံကြည်မှု ရှိ​လာတယ်။ မီးလောင်​ရင် ဘယ်လို လုပ်ရမလဲ​ဆိုတာ သိပါ​ပြီ။”

ဌာနခွဲရုံး​မှာ လေ့ကျင့်မှု​ရထားလို့ ယောက္ခမ​အိမ်မှာ ရှိ​တုန်း မီးလောင်​ချိန်မှာ ချက်ချင်း မီး​သတ်​နိုင်​ခဲ့​တာ ဖြစ်တယ်လို့ စ​န္ဒြာ ယုံကြည်တယ်။ “မီး​သတ်​ဆေး​ဘူး​ကို ဘယ်လို သုံး​ရမလဲ​လို့ စိုးရိမ်​မနေ​တော့​ဘူး။ နှစ်​တိုင်း လေ့ကျင့်မှု ကောင်းကောင်း ရထား​တော့ တကယ် အကျိုး​ပြုပါ​တယ်” လို့ သူပြောတယ်။

ဒေသခံ မီး​သတ်​ဌာန​နဲ့​အတူ လေ့ကျင့်ခြင်း

ဒေသခံ မီး​သတ်​ဌာန​က ဌာနခွဲရုံး​ဝင်းထဲမှာ ပုံမှန် လေ့ကျင့်​ကြတယ်။ မီး​သတ်​ဦးစီး​မှူး တေ​အို နက်​ခါ​မ​န် ဒီလို​ရှင်းပြတယ်– “ကျွန်တော်တို့ မီး​သတ်​ဌာန​က စ​ယ်လ်​တာ​မြို့နယ်​ကို တာဝန်​ယူရ​တယ်။ များသောအားဖြင့် အိမ်တွေ၊ တိုက်ခန်း​တွေ​မှာ အရေးပေါ် မီး​သတ်​ပေး​ရတယ်။ ဌာနခွဲရုံး အဆောက်အဦ​တွေ​က ဒီ​နယ်မြေမှာ ထူးခြားတယ်။ မြေကွက် ကျယ်​တယ်၊ အဆောက်အအုံ​ကြီး​တွေ ရှိတယ်။ စက်ပစ္စည်း​တွေ သုံးပြီး အလုပ်​လုပ်ကြတယ်။ ဒီ​အဆောက်အဦ​တွေ​မှာ အရေးပေါ် မီးငြိမ်း​သတ်​နိုင်အောင် နောက်ထပ် ကျွမ်းကျင်မှု​တွေ ရှိဖို့ လိုတယ်။ ဒါကြောင့် ဒီ​နေရာမှာ လေ့ကျင့်​ရတာ ဝမ်းသာတယ်။ ကျေးဇူး​လည်း​တင်တယ်။”

ဌာနခွဲရုံး​က အရေးပေါ် တုံ့ပြန်​ရေး​အဖွဲ့ဝင် ၁၀၀ ကျော်ဟာ မီးလောင်​စဉ် လုပ်ဆောင်​ရမယ့် အရာတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ပုံတွေကို မီး​သတ်​ဌာန​နဲ့​အတူ လေ့ကျင့်​ကြတယ်။ “ခင်ဗျားတို့ရဲ့ အရေးပေါ် တုံ့ပြန်​ရေး​အဖွဲ့ကို တကယ် လေးစားတယ်​ဗျာ။ သူတို့ရဲ့ အကူအညီ၊ လမ်းညွှန်မှု​သာ မရှိရင် မီးငြိမ်း​သတ်​ခြင်း လေ့ကျင့်မှု​တွေကို အဆင်ပြေပြေ လုပ်နိုင်မှာ မဟုတ်ဘူး” လို့ မစ္စတာ နက်​ခါ​မ​န် ပြောတယ်။

ဆီ​ကြောင့် မီးလောင်​နေတာကို ရေ​နဲ့ ငြိမ်းသတ်​ရင် အန္တရာယ်​ရှိကြောင်း သရုပ်ပြ​နေစဉ်

၂၀၁၄၊ ဖေဖော်ဝါရီ​လ တစ်​ညနေခင်း​မှာ မီး​သတ်​ဌာန​နဲ့ အရေးပေါ် တုံ့ပြန်​ရေး​အဖွဲ့ရဲ့ စွမ်းရည်​ကို ပြသ​ခဲ့​ကြတယ်။ ဌာနခွဲရုံး လူနေ​ဆောင်​တစ်ခုလုံး မီးခိုး​ငွေ့​တွေ​နဲ့ ပြည့်​သွားတယ်။ “မီးခိုး​ထူ​လွန်း​အားကြီး​လို့ ကိုယ့်​လက်​တောင် ကိုယ်​မမြင်ရဘူး။ မီး​သတ်​ဌာန​ကို ချက်ချင်း အကြောင်းကြား​ပြီး ၈၈ ခန်း​စ​လုံး​မှာ ရှိသူ​အားလုံး ထွက်ပြေးခဲ့​ကြတယ်။ မီး​သတ်​ဌာန​ကလူ​တွေ ရောက်လာတဲ့​အခါ အဆောက်အအုံ​တစ်ခုလုံး​က လူတွေ အပြင်​ရောက်​နေကြပြီ” လို့ ဒံ​နီ​ယယ် ပြောတယ်။ မစ္စတာ နက်​ခါ​မ​န် ဒီလို​ပြောခဲ့တယ်– “ဖရန့်​ဖတ်​မြို့​လို​မျိုး​နေရာ၊ ဒီလို အဆောက်အအုံ​ကြီး​ထဲ​ကနေ မြန်မြန်ဆန်ဆန် ထွက်လာ​နိုင်တာ ယုံ​တောင် မယုံနိုင်​ဘူး။ ခင်ဗျားတို့ဟာ စည်းကမ်း​သေ​ဝပ်​သူတွေ ဖြစ်သလို အရေးပေါ် တုံ့ပြန်​ရေး​အဖွဲ့က​လည်း ထိပ်​တန်း​အဖွဲ့​ပါပဲ။” မီး​သတ်​သ​မား​တွေဟာ အန္တရာယ်​တွေကို သတိပြုမိ​ပြီး ဖယ်ရှား​လိုက်တယ်။ ထိခိုက်​ဒဏ်ရာ​ရသူ တစ်ယောက်မှ မရှိခဲ့ဘူး။

စ​ယ်လ်​တာ ဌာနခွဲရုံးက ယောက်​တိုင်း​ဟာ မီးလောင်မှု ကြီးကြီးကျယ်ကျယ် ဖြစ်မှာ မဟုတ်ဘူးလို့ မျှော်လင့်​ကြတယ်။ တကယ်လို့ ဖြစ်ခဲ့ရင်​လည်း ဘာတွေ လုပ်ရမယ်​ဆိုတာ သင်ယူ​ထားပြီးပြီ ဖြစ်လို့ မီးလောင်​တဲ့အခါ ချက်ချင်း လုပ်ဆောင်ကြပါ​မယ်။