မာတိကာဆီ ကျော်သွား

“အီကွေတာ မြစိမ်း​ရော​င်​ဒေသ” မှာ နား​မကြား​သူတွေကို ကူညီ​ပေးခြင်း

“အီကွေတာ မြစိမ်း​ရော​င်​ဒေသ” မှာ နား​မကြား​သူတွေကို ကူညီ​ပေးခြင်း

အီကွေတာ မြစိမ်း​ရော​င်​ဒေသ​လို့ တစ်ခါတလေ ခေါ်​ကြ​တဲ့ အင်ဒိုနီးရှား​နိုင်ငံမှာ နားမကြားသူ သန်းနဲ့​ချီ နေထိုင်ကြ​တယ်။ ဒီ​လူတွေကို ကူညီ​ပေးဖို့ အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကားနဲ့ ကျမ်းစာ​အခြေပြု အကြောင်းအရာတွေ၊ ပညာပေး အစီအစဉ်တွေကို ယေဟောဝါသက်သေတွေ စီစဉ်​ပေး​ကြတယ်။ ဒီ​ကြိုးပမ်းမှု​တွေကို သတိ​မထားမိဘဲ မနေကြ​ပါဘူး။

လက်သင်္ကေတပြ ဘာသာစကား အစည်းအဝေးကြီး

ဆူ​မ​တြား​မြောက်ပိုင်း၊ မေ​ဒန်​ဒေသမှာ ၂၀၁၆ ခုနှစ်​တုန်း​က အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကားနဲ့ အစည်းအဝေးကြီး ကျင်းပ​ခဲ့တယ်။ ကျင်းပတဲ့​နေရာကို အရေးကြီးတဲ့ လုံခြုံရေး​အရာရှိ လာရောက်​ကာ ပညာပေး အစီအစဉ်ကို အခမဲ့ ဆောင်ရွက်ပေး​တဲ့​အတွက် ယေဟောဝါ​သက်သေတွေကို ချီးမွမ်းခဲ့​ပါတယ်။ မြင်ရတာ​တွေ​ကြောင့် စိတ်ထိမိ​လှတဲ့​အတွက် သီချင်း​ဆိုတဲ့အခါ လက်သင်္ကေတ​နဲ့ ကြိုးစား​လိုက်​ဆို​ခဲ့တယ်။

အစည်းအဝေးကြီး​ကို “ဘေးကင်း​အောင်မြင်စွာ ကျင်းပ​ခဲ့တယ်။ ကျွန်တော်တို့ဆီက နား​မကြား​သူတွေကို ကူညီ​ပေးဖို့ ဒီလို​စေတနာ့​ဝန်ထမ်း လုပ်ငန်းတွေကို သက်သေခံတွေ ဆက်​စီစဉ်​ပေး​ကြမယ်​လို့ မျှော်လင့်​ပါတယ်” လို့ အဆောက်အဦ မန်နေဂျာ​က ပြောခဲ့တယ်။ နားမကြား​တွေ​အတွက် အစည်းအဝေးကြီး ကျင်းပ​ကြောင်း အဆောက်အဦ​ပိုင်ရှင် သိ​သွားတယ်။ ဒါကြောင့် “ပိုင်ရှင်​က သက်သေခံတွေ​အတွက် တစ်ခုခု လုပ်​ပေးချင်တယ်။ တက်ရောက်သူ [အားလုံးပေါင်း ၃၀၀] အတွက် နေ့လည်စာ စီစဉ်​ပေးဖို့ မှာ​လိုက်ပါ​တယ်” ဆိုပြီး ဆက်ပြောတယ်။

လက်သင်္ကေတ ဗီဒီယိုများ​အတွက် ကျေးဇူးတင်​ခြင်း

ယေဟောဝါသက်သေတွေ​က ကျမ်းစာ​သတင်းတရား ဝေမျှ​ဖို့ နားမကြား​တွေ​ဆီ သွားရောက်​ကြပါတယ်။ အောင်မြင်​ပျော်ရွှင်တဲ့​ဘဝ ရရှိအောင် ကူညီ​ပေးဖို့ ရည်ရွယ်​ထားတဲ့ အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကား ဗီဒီယိုတွေကို​လည်း သုံးလေ့​ရှိကြတယ်။

ဂျာဗား​အလယ်ပိုင်း၊ ဆယ်​မ​ရန်​မြို့တော်​ရှိ အင်ဒိုနီးရှား နားမကြား ကူညီ​စောင့်ရှောက်ရေး​အသင်းရဲ့ ဒေသန္တရ လက်ထောက် ညွှန်ကြားရေးမှူး မာ​ဟ​င်ဒ​ရာ တေ​ဂု ပ​ရီ​စ​ဝန်​တို ဒီလို​ပြောခဲ့တယ်– “နားမကြား​တွေ​နဲ့ သူတို့ရဲ့ လိုအပ်ရာတွေကို ဂရုစိုက်​လုပ်ဆောင်ပေး​မှု​ဟာ ချီးမွမ်းစရာပါပဲ။ ဥပမာ​ဗျာ၊ ပျော်ရွှင်တဲ့ မိသားစု​ဘဝကို ဘယ်လို ပိုင်ဆိုင်​နိုင်မလဲ ဗီဒီယို​ဟာ သိပ်​အကျိုး​ရှိတယ်။ ဒီ​အလုပ်ကို ဆက်လုပ်​သွား​ကြ​စေ​ချင်​ပါတယ်။”

“မေတ္တာ ပြ​ကြတယ်”

သက်သေခံတွေရဲ့ ကြိုးပမ်းမှု​တွေ​က နားမကြား​အမျိုးသမီး ယန်​တီ​ကို အလွန်​ထိမိ​ကာ ဒီလို​ပြောခဲ့တယ်– “လူတွေက နားမကြား​တွေကို လှောင်ပြောင်​ကြပေမဲ့ ယေဟောဝါသက်သေတွေ​က မေတ္တာ ပြ​ကြတယ်။ နား​ကြားတဲ့ သက်သေခံတွေ လက်သင်္ကေတပြ ဘာသာစကား သင်ယူပြီး ဖန်ဆင်းရှင်ကို သိလာအောင်၊ ဘဝ​အရည်အသွေး တိုးတက်​ကောင်းမွန်​လာအောင် နား​မကြား​သူတွေကို ကူညီပေး​ကြတယ်။ သူတို့ရဲ့ စိတ်ရင်းမှန်နဲ့ ကြိုးပမ်းမှု​တွေ​က ကျွန်မ​စိတ်​ကို ထိမိတယ်။”

ယန်​တီ​ဟာ နောက်ပိုင်းမှာ ယေဟောဝါ​သက်သေ​တစ်ယောက် ဖြစ်လာ​ပါတယ်။ အခု အင်ဒိုနီးရှား လက်သင်္ကေတပြ ဘာသာစကားနဲ့ လက်သင်္ကေတ​ဗီဒီယိုတွေ ထုတ်လုပ်​တဲ့ ဘာသာပြန်​အဖွဲ့မှာ ပါဝင်​နေပါတယ်။ ယန်​တီ ဒီလို​ပြောတယ်– “ကျွန်မတို့ ထုတ်ဝေတဲ့ အကြောင်းအရာတွေ​က လက်သင်္ကေတ အားနည်း​သူတချို့​ကို လက်သင်္ကေတ တိုးတက်​ကောင်းမွန်​လာ​စေတယ်။ သူတို့ကလည်း ကျေနပ်​ပျော်ရွှင်တဲ့​ဘဝ ပိုင်ဆိုင်​နိုင်ပုံ​အကြောင်း တခြား​သူတွေကို သွန်သင်ပေး​ကြတယ်။”