မာတိကာဆီ ကျော်သွား

ကိုရီးယားဗေသလ ပြုပြင်မွမ်းမံရေးမှာ ပါဝင်ကူညီခဲ့ကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေ

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇ ရက်
တောင်ကိုရီးယား

ကိုရီးယားဗေသလ ပြုပြင်မွမ်းမံခြင်း ပြီးစီး

တစ်နှစ်ကြာ ဒီစီမံကိန်းက စေတနာ့ဝန်ထမ်းတွေကို ရေမြေခြား ဆောက်လုပ်ရေးစီမံကိန်းတွေအတွက် လေ့ကျင့်ပေး

ကိုရီးယားဗေသလ ပြုပြင်မွမ်းမံခြင်း ပြီးစီး

၂၀၂၃ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့မှာ ကိုရီးယားဌာနခွဲရဲ့ အနှစ် ၃၀ သက်တမ်းရှိ လူနေဆောင် ပြုပြင်မွမ်းမံခြင်းစီမံကိန်း ပြီးစီးသွားတယ်။ ဗေသလထမင်းစားခန်းနဲ့ အခန်း ၆၂ ခန်းကို ပြုပြင်ရတဲ့ ရည်ရွယ်ချက်က စွမ်းအင်အသုံးပြုမှု လျှော့ချနိုင်ဖို့ပါ။ ဒီလိုနဲ့ ပိုဘေးကင်းပြီး ပိုသက်သောင့်သက်သာဖြစ်တဲ့ အခန်းတွေ ရလာတယ်။ စေတနာ့ဝန်ထမ်းအယောက် ၁၇၀ ထဲမှာ ၇၁ ယောက်က အဖွဲ့အစည်းရဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ တစ်ခါမှ မပါဖူးကြဘူး။ ဒီစီမံကိန်းကနေ လေ့ကျင့်မှုရပြီးတဲ့နောက် သူတို့ထဲက အယောက် ၄၀ ကျော်ဟာ တခြားနိုင်ငံက ဆောက်လုပ်ရေးစီမံကိန်းတွေမှာလည်း ပါဝင်ကူညီဖို့ အရည်အချင်း ပြည့်မီသွားတယ်။

ပြုပြင်မွမ်းမံရေးစီမံကိန်းရဲ့ ကျရာတာဝန်အမျိုးမျိုးမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ ညီအစ်မတွေ

ညီအစ်မ ကင်မ် ဟာယွန်

ညီအစ်မ ကင်မ် ဟာယွန် ဒီလိုပြောတယ်– “ကိုရီးယားဗေသလ ပြုပြင်မွမ်းမံရေး စီမံကိန်းကနေ လေ့ကျင့်မှု ကောင်းကောင်းရခဲ့လို့ ကျေးဇူးတင်လိုက်တာ။ ရရှိထားတဲ့ ကျွမ်းကျင်မှုတွေကို အင်ဒိုနီးရှား ဆောက်လုပ်ရေးစီမံကိန်းမှာ ပြန်အသုံးချခွင့်ရလို့ ဝမ်းသာမိတယ်။”

ညီအစ်ကို လီမြောင်ဟွန်း

စီမံကိန်းမှာပါဝင်ခဲ့တဲ့ ညီအစ်ကို လီမြောင်ဟွန်းလည်း အခုလိုပြောတယ်– “ဒီစီမံကိန်းကနေ သိပ်တန်ဖိုးရှိတဲ့ လုပ်နည်းကိုင်နည်းတွေ ကျွမ်းကျင်တတ်မြောက်ခဲ့တယ်။ ကျွန်တော်လုပ်ရတဲ့ အပိုင်းက ခက်ပေမဲ့ အဖွဲ့အစည်းက ဘေးကင်းရေးလမ်းညွှန်ချက်တွေ၊ လေ့ကျင့်မှုတွေပေးလို့ လုပ်ရကိုင်ရတာ အဆင်ပြေသွားတယ်။” ညီအစ်ကို လီမြောင်ဟွန်းက လောလောဆယ် ဖိလစ်ပိုင်နိုင်ငံရဲ့ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုမှာ တပျော်တပါး ကူညီပေးနေပါတယ်။

ကိုရီးယားဌာနခွဲက ပြုပြင်ပြီးခါစ ဗေသလအခန်း

ကိုရီးယားဌာနခွဲ ပြုပြင်မွမ်းမံရေး ပြီးစီးသွားလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ စီမံကိန်းမှာ ပါဝင်လုပ်အားပေးခဲ့သူအားလုံးနဲ့ တခြားကဏ္ဍတွေမှာ ဆက်လက်အမှုဆောင်နေသူတွေရဲ့ ‘သစ္စာရှိရှိ လုပ်ဆောင်မှု၊ မေတ္တာပါပါ ကြိုးစားအားထုတ်မှု’ တွေအတွက် ကျေးဇူးတင်ပါတယ်။—၁ သက်သာလောနိတ် ၁:၃