မာတိကာဆီ ကျော်သွား

ရောမမြို့က အီတလီ အထက်တရားရုံးချုပ်

၂၀၂၁၊ ဖေဖော်ဝါရီ ၉
အီတလီ

အီတလီ အထက်တရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ ဆေးကုသမှုဆိုင်ရာ အမှုကို အနိုင်ပေး

အီတလီ အထက်တရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ ဆေးကုသမှုဆိုင်ရာ အမှုကို အနိုင်ပေး

အီတလီ အထက်တရားရုံးချုပ်က ဆေးကုသမှုနဲ့ပတ်သက်ပြီး ယေဟောဝါသက်သေ လူနာရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အနိုင်ပေး စီရင်ခဲ့တယ်။ ၂၀၂၀၊ ဒီဇင်ဘာ ၂၃ မှာ တရားရုံးချုပ်က လူနာအားလုံးမှာ ကိုယ့်ဘာသာရေး ယုံကြည်ချက်ကို မချိုးဖောက်တဲ့ ဆေးကုသမှု အပါအဝင် ဆေးဘက်ဆိုင်ရာကိစ္စတွေကို ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း အတည်ပြုလိုက်တယ်။

ဒီအမှုက သက်သေခံ ညီအစ်မတစ်ယောက်ရဲ့ အခွင့်အရေးကို ဆရာဝန်တွေ ချိုးဖောက်ခဲ့တဲ့ ၂၀၀၅ တုန်းက အဖြစ်ဆိုးကို ရည်ညွှန်းတယ်။ ခွဲစိတ်မှု မလုပ်ခင်မှာ ညီအစ်မဟာ နှုတ်နဲ့ရော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာကတစ်ဆင့်ပါ သွေးသွင်းတာကို လက်မခံကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဆရာဝန်တွေက ညီအစ်မရဲ့ ဆန္ဒကို လျစ်လျူရှုပြီး အကြိမ်ကြိမ် သွေးသွင်းခဲ့ကြတယ်။

သွေးသွင်းတာကို ငြင်းဆိုတာဟာ “ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ ကျန်းမာရေးကိစ္စလောက်သာ မဟုတ်ဘဲ ဘာသာရေး ယုံကြည်ချက်အရ အသိစိတ်ရှိရှိ ဆုံးဖြတ်တဲ့ ကိစ္စ ဖြစ်ကြောင်း” တရားရုံးက အသိအမှတ်ပြုတယ်။ ဒီလွတ်လပ်ခွင့်ကို “ဖွဲ့စည်းပုံ အခြေခံ ဥပဒေက လုံးလုံး ကာကွယ်စောင့်ထိန်းတယ်” လို့လည်း ပြောတယ်။

ဒါဟာ ၂၀၁၅ ကစပြီး အီတလီ အထက်တရားရုံးချုပ်မှာ ယေဟောဝါသက်သေတွေ ဆက်တိုက် အနိုင်ရခဲ့တဲ့ အမှု ဆယ်ခုထဲက တစ်ခု ဖြစ်တယ်။ အမှုတိုင်းမှာ တရားရုံးက ဘာသာရေး လွတ်လပ်ခွင့်ရဲ့ အရေးကြီးကဏ္ဍတွေကို ထပ်ဆင့် အတည်ပြုပေးတယ်။ အမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်တယ်–

  • သွေးသွင်းတာကို ငြင်းဆိုခြင်း– ယေဟောဝါသက်သေတွေဟာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုကို လိုလားကြပြီး ဆေးကုသမှု အများစုကို လက်ခံကြတယ်။ သက်သေခံ လူနာတွေအနေနဲ့ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်နဲ့အညီ ဆေးကုသမှုတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိကြောင်း တရားရုံးက ဆုံးဖြတ်တယ်။ ဆရာဝန်တွေဟာ သွေးသွင်းတာကို လက်မခံတဲ့ လူနာရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမယ်။ ဒါဟာ ဥပဒေနဲ့ ညီတဲ့ ဘာသာရေး လွတ်လပ်ခွင့် ဖြစ်တယ်။

  • ကလေး ထိန်းသိမ်းစောင့်ရှောက်ခွင့်– သက်သေခံ မိဘတွေဟာ သက်သေခံ မဟုတ်တဲ့ မိဘတွေနဲ့ တန်းတူ သားသမီးတွေကို ဘာသာရေး ယုံကြည်ချက်တွေ သင်ကြားပေးခွင့် ရှိတယ်။

  • နှင်ထုတ်ခြင်း– ယေဟောဝါသက်သေတွေဟာ နှင်ထုတ်ခံရသူတွေကို ချိုးနှိမ်ဆက်ဆံတာ မဟုတ်ဘူး။ အသင်းတော်ကနေ နှင်ထုတ်ခံရသူတွေနဲ့ မပေါင်းသင်းဘဲ နေပိုင်ခွင့် ရှိတယ်။ ဒါဟာ ဘာသာရေး လွတ်လပ်ခွင့် ဖြစ်တယ်။ ဒီလွတ်လပ်ခွင့်ကို လေးစားရမယ်။

  • အခွန်များ– ယေဟောဝါသက်သေတွေဟာ အခွန် ပေးဆောင်ကြတယ်။ အီတလီမှာ ရှိတဲ့ တခြား ဘာသာတွေလိုပဲ ဝတ်ပြုရာ နေရာတွေအတွက် အခွန်နဲ့ပတ်သက်တဲ့ ရပိုင်ခွင့်၊ လွတ်ငြိမ်းခွင့်တွေ ရကြတယ်။

ယေဟောဝါလူမျိုးရဲ့ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို ကာကွယ်ပေးတဲ့ လောက အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေက ကျွန်တော်တို့ကို အားရှိစေတယ်။—ပညာအလိမ္မာ ၂၁:၁