မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ရောမ ၁၂:၁၂—“မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့။”

ရောမ ၁၂:၁၂—“မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့။”

 “မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ။ ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည်ရှိပါ။ ဇွဲမလျှော့တမ်း ဆုတောင်းပါ။—ရောမ ၁၂:၁၂ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “မျှော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုကြလော့။”—ရောမ ၁၂:၁၂၊ ယုဒသန်ကျမ်း။

ရောမ ၁၂:၁၂ ရဲ့ အဓိပ္ပာယ်

 ဒီကျမ်းချက်မှာ ရောမမြို့က ခရစ်ယာန်တွေကို ပေါလု အားပေးခဲ့တဲ့အရာ သုံးခုတွေ့ရတယ်။ အဲဒီအားပေးချက်က နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားအခက်အခဲတွေကြား သူတို့ကို ဆက်သစ္စာရှိဖို့ ကူညီပေးခဲ့တယ်။

 “မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ။” ခရစ်ယာန်တွေမှာ ထူးကဲကောင်းမွန်လှတဲ့ ထာဝရအသက် မျှော်လင့်ချက်ရှိ တယ်။ တချို့က ကောင်းကင်မှာ၊ အများစုက မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ကြမယ်။ (ဆာလံ ၃၇:၂၉။ ယောဟန် ၃:၁၆။ ဗျာဒိတ် ၁၄:၁-၄။ ၂၁:၃၊ ၄) ဒီမျှော်လင့်ချက်ထဲမှာ လူသားတွေရဲ့ပြဿနာအားလုံးကို ဘုရားသခင့်နိုင်ငံတော် a ဖြေရှင်းပေးတာကို မြင်တွေ့ရခြင်းလည်း ပါဝင်တယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀) ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေဟာ အခက်အခဲတွေကို ကြံ့ကြံ့ခံရပ်တည်ရင်း ရွှင်လန်းနေကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့မျှော်လင့်ချက် သေချာပေါက်ဖြစ်လာမယ်၊ သူတို့ရဲ့ခံနိုင်ရည်ကြောင့် ဘုရားသခင့်မျက်နှာသာ ရရှိမယ်ဆိုတာ အခိုင်အမာ ယုံကြည်ထားလို့ပါ။—မဿဲ ၅:၁၁၊ ၁၂။ ရောမ ၅:၃-၅

 “ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည်ရှိပါ။” ကျမ်းစာထဲမှာ “ခံနိုင်ရည်” လို့ပြန်ဆိုထားတဲ့ ဂရိကြိယာက “ထွက်မပြေးဘဲ ရပ်တည်နေတာ၊ ဇွဲမလျှော့တာ၊ ကြံ့ကြံ့ခံ ရပ်တည်နေတာ” ကို ဆိုလိုလေ့ရှိတယ်။ ခရစ်တော်ရဲ့နောက်လိုက်တွေဟာ “ဒီလောကနဲ့ ဘာမှမပတ်သက်” b ကြလို့ နှိပ်စက်ညှဉ်းပန်း ခံရနိုင်တယ်။ ဒါကြောင့် ခံနိုင်ရည် ရှိဖို့လိုတယ်။ (ယောဟန် ၁၅:၁၈-၂၀။ ၂ တိမောသေ ၃:၁၂) ခရစ်ယာန်တစ်ဦးဟာ အခက်အခဲတွေကို ခံရပ်ရင်း ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်တဲ့အခါ သူ့ကို ဘုရားသခင် သေချာပေါက် ဆုချမယ်ဆိုတဲ့ ယုံကြည်ခြင်းလည်း ပိုခိုင်မာလာတယ်။ (မဿဲ ၂၄:၁၃) အဲဒီခိုင်မာတဲ့ ယုံကြည်ခြင်းက အခက်အခဲတွေကို စိတ်ရှည်စွာ၊ ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ သူ့ကို ကူညီပေးတယ်။—ကောလောသဲ ၁:၁၁

 “ဇွဲမလျှော့တမ်း ဆုတောင်းပါ။” ဘုရားသခင်အပေါ် ဆက်သစ္စာရှိနိုင်ဖို့ မပြတ် ဆုတောင်းဖို့ လိုတယ်လို့ ခရစ်ယာန်တွေ အကြိမ်ကြိမ် အားပေးတိုက်တွန်း ခံခဲ့ရတယ်။ (လုကာ ၁၁:၉။ ၁၈:၁) ခရစ်ယာန်တွေဟာ ဘုရားရဲ့လမ်းညွှန်မှုကို အဆက်မပြတ် ရှာဖွေပြီး ဘဝကဏ္ဍ အားလုံးမှာ ဘုရားသခင်ကို မှီခိုအားထားကြတယ်။ (ကောလောသဲ ၄:၂။ ၁ သက်သာလောနိတ် ၅:၁၇) ဘုရားရဲ့ပညတ်တွေကို လိုက်နာပြီး ဘုရားသခင် နှစ်သက်အောင် အတတ်နိုင်ဆုံး ကြိုးစားတဲ့အတွက် သူတို့ရဲ့ဆုတောင်းချက်တွေကို ဘုရား ဖြေကြားပေးမယ်ဆိုတာကို ယုံကြည်စိတ်ချကြတယ်။ (၁ ယောဟန် ၃:၂၂။ ၅:၁၄) ဘယ်လိုအခက်အခဲနဲ့ပဲ ကြုံရကြုံရ ဆုတောင်းခြင်းမှာ ဆက်စွဲမြဲနေမယ်ဆိုရင် ဘုရားသခင်ကို ဆက်သစ္စာရှိနိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ဘုရားသခင် ပေးမယ်ဆိုတာကိုလည်း သိထားကြတယ်။—ဖိလိပ္ပိ ၄:၁၃

ရောမ ၁၂:၁၂ ရဲ့အထက်အောက်စကား

 အေဒီ ၅၆ မှာ ပေါလုက ရောမမြို့မှာနေတဲ့ ခရစ်ယာန်တွေဆီ စာရေးသားခဲ့တယ်။ အဲဒီစာရဲ့ အခန်းကြီး ၁၂ မှာ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူနိုင်ပုံ၊ ယုံကြည်သူချင်းနဲ့ တခြားသူတွေကို ဘယ်လို ပေါင်းသင်းဆက်ဆံသင့်ပုံ၊ နှိပ်စက်ညှဉ်းပန်း ခံရတဲ့အခါ အေးအေးဆေးဆေး တုံ့ပြန်နိုင်ပုံအကြောင်း လက်တွေ့ကျ အကြံဉာဏ်တွေကို ဖော်ပြခဲ့တယ်။ (ရောမ ၁၂:၉-၂၁) အဲဒီအကြံဉာဏ်တွေဟာ ရောမမြို့က ခရစ်ယာန်တွေအတွက် အချိန်တန် လမ်းညွှန်ချက် ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ သိပ်မကြာခင်မှာ ဆိုးဝါးလှတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ တွေ့ကြုံခဲ့ကြလို့ပဲ။

 နှစ်အနည်းငယ်ကြာပြီးနောက် အေဒီ ၆၄ မှာ ရောမမြို့မှာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့တယ်။ မီးစရှို့ခဲ့သူက ဧကရာဇ်မင်း နီရိုဖြစ်တယ်လို့ လူတွေပြောကြတယ်။ ရောမသမိုင်းပညာရှင် တက်စီတပ်ရဲ့ အဆိုအရ နီရိုဟာ သူ့ကိုယ့်သူ ကာကွယ်ဖို့ ခရစ်ယာန်တွေအပေါ် အပြစ်ဖို့ဖို့ ကြိုးစားခဲ့တယ်။ ရလဒ်အနေနဲ့ ခရစ်ယာန်တွေ အပြင်းအထန် နှိပ်စက်ခံခဲ့ရတယ်။ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်ပုံအကြောင်း ပေါလုရဲ့အကြံဉာဏ်က အဲဒီခက်ခဲတဲ့ အချိန်တွေကို ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်ခြင်းရှိရှိ ဖြတ်သန်းနိုင်ဖို့ ခရစ်ယာန်တွေကို ကူညီပေးခဲ့တယ်။ (၁ သက်သာလောနိတ် ၅:၁၅။ ၁ ပေတရု ၃:၉) သူတို့ရဲ့ ပုံသက်သေက ယနေ့အချိန်မှာ ဘုရားသခင်ကို ဝတ်ပြုနေသူတွေအတွက် ပုံသက်သေကောင်းပါပဲ။

 ရောမကျမ်းအကြောင်း ပိုသိနိုင်ဖို့ ဒီဗီဒီယိုအတိုကို ကြည့်ပါ။

a ဘုရားသခင့် နိုင်ငံတော်ဆိုတာ ကောင်းကင်မှာ ဘုရားသခင် တည်ထောင်ထားတဲ့ အစိုးရ ဖြစ်တယ်။ ကမ္ဘာမြေပေါ် ဘုရားရဲ့အလိုကို ပြည့်စုံအောင် လုပ်ပေးမယ်။ ထပ်သိနိုင်ဖို့၊ “ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ” ဆောင်းပါးကို ဖတ်ပါ။

b ကျမ်းစာမှာ “လောက” ဆိုတဲ့ အသုံးအနှုန်းဟာ ဘုရားသခင်ကို မသိတဲ့ လူသားတွေကို ဆိုလိုတယ်။