မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

၂ တိမောသေ ၁:၇—“ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်”

၂ တိမောသေ ၁:၇—“ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်”

 “ဘာလို့လဲဆိုတော့ ဘုရားသခင်က ငါတို့ကို ကြောက်တတ်တဲ့စိတ် ပေးထားတာ မဟုတ်ဘူး။ တန်ခိုးပါတဲ့စိတ်၊ မေတ္တာစိတ်၊ ချင့်ချိန်တတ်တဲ့စိတ် ပေးသနားထားတာ။”—၂ တိမောသေ ၁:၇ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူသည် မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။”—၂ တိမောသေ ၁:၇၊ ယုဒသန်ကျမ်း။

၂ တိမောသေ ၁:၇ ရဲ့ အဓိပ္ပာယ်

 ဘုရားသခင်က ကျွန်တော်တို့ကို မှန်ရာ လုပ်ရဲတဲ့ သတ္တိရှိအောင် ကူညီပေးနိုင်တယ်။ ဘုရား နှစ်သက်တာကို လုပ်ဆောင်ဖို့ မဝံ့မရဲ ဖြစ်တာ၊ “ကြောက်တတ်တဲ့စိတ်” ဝင်လာတာမျိုး မဖြစ်စေချင်ဘူး။

 ကြောက်တတ်တဲ့စိတ် မရှိအောင် ကူညီပေးမယ့် ဘုရားပေး အရည်အသွေး သုံးခုကို ဒီကျမ်းပိုဒ်မှာ ဖော်ပြထားတယ်။

 “တန်ခိုးပါတဲ့စိတ်။” ခရစ်ယာန်တွေဟာ ရန်သူအမျိုးမျိုး၊ အန္တရာယ်ရှိ အခြေအနေအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရပေမဲ့ သတ္တိရှိရှိ ဆက်အမှုဆောင်ခဲ့ကြတယ်။ ကြောက်စိတ်ကြောင့် နောက်ဆုတ်မသွားခဲ့ဘူး။ (၂ ကောရိန္သု ၁၁:၂၃-၂၇) ဘယ်လိုကြောင့် သတ္တိရှိရှိ ဆက်အမှုဆောင်နိုင်တာလဲ။ “ဘာလို့လဲဆိုတော့ ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ” ဆိုပြီး ပေါလု ရှင်းပြတယ်။ (ဖိလိပ္ပိ ၄:၁၃) ဘယ်လို အခက်အခဲမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကို ဘုရားသခင် ပေးနိုင်ပါတယ်။—၂ ကောရိန္သု ၄:၇

 “မေတ္တာစိတ်။” ဘုရားသခင်ကို နှစ်နှစ်ကာကာ ချစ်တဲ့စိတ်က မှန်ရာကို သတ္တိရှိရှိ လုပ်ဆောင်ဖို့ ကူညီပေးတယ်။ အလားတူပဲ လူလူချင်းကို ချစ်တဲ့စိတ် ရှိရင် ဆန့်ကျင်မှု ဒါမှမဟုတ် အသက်အန္တရာယ် ကြုံရရင်တောင် ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုးကို ဦးစားထား စဉ်းစားပေးမယ်။—ယောဟန် ၁၃:၃၄။ ၁၅:၁၃

 “ချင့်ချိန်တတ်တဲ့စိတ်။” ကျမ်းစာမှာ ပါတဲ့ ချင့်ချိန်တတ်တဲ့စိတ်ဆိုတာ ကျမ်းစာအခြေပြု ဆုံးဖြတ်ချက် ချနိုင်စွမ်းကို ဆိုလိုတယ်။ ချင့်ချိန်တတ်တဲ့စိတ် ရှိသူဟာ အခက်အခဲတွေ ကြုံလာရင်တောင် အသေအချာ စဉ်းစားချင့်ချိန်တတ်တယ်၊ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ လူတွေရဲ့ အမြင်ထက် ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ပိုအရေးကြီးကြောင်း သိထားပြီး ဘုရားရဲ့ အတွေးအခေါ်နဲ့အညီ ဆုံးဖြတ်ချက်တွေ ချတတ်တယ်။

၂ တိမောသေ ၁:၇ ရဲ့ အထက်အောက်စကား

 တမန်တော် ပေါလုက မိတ်ဆွေလည်း ဖြစ်၊ လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်တဲ့ တိမောသေဆီ တိမောသေ ဒုတိယစောင်ကို ရေးခဲ့တယ်။ အမှုဆောင်လုပ်ငန်းမှာ ဆက်ကြိုးစားလုပ်ဆောင်ဖို့ လူငယ် တိမောသေကို အားပေးတဲ့အနေနဲ့ ဒီစာ ရေးခဲ့တာပါ။ (၂ တိမောသေ ၁:၁၊ ၂) တိမောသေဟာ ရှက်ကြောက်မှုကြောင့် အသင်းတော် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ တွန့်ဆုတ်နေတာ ဖြစ်နိုင်တယ်။ (၁ တိမောသေ ၄:၁၂) ဒါပေမဲ့ အသင်းတော်မှာ လုပ်ငန်းတော် အခွင့်ထူး ရထားကြောင်း ပေါလု ပြန်သတိပေးတယ်။ သတင်းကောင်း ဟောပြောတဲ့အခါ၊ ယုံကြည်ခြင်းအတွက် ဆင်းရဲဒုက္ခခံရတဲ့အခါ၊ အသင်းတော် ကြီးကြပ်မှူး အခွင့်အာဏာကို အသုံးပြုတဲ့အခါ မဝံ့မရဲ မဖြစ်ဖို့၊ မရှက်ကြောက်ဖို့ တိမောသေကို အားပေးထားတယ်။— ၂ တိမောသေ ၁:၆-၈

 ဒီစကားတွေဟာ တိမောသေဆီ ပေါလု ရေးတဲ့စာ ဖြစ်ပေမဲ့ ဘုရားအမှုဆောင်နေသူအားလုံးအတွက်လည်း အားရှိစရာပါပဲ၊ ဘာအခက်အခဲ ကြုံရပါစေ အမှုဆောင်လုပ်ငန်းမှာ အောင်မြင်ဖို့ လိုအပ်သလို ဘုရား ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။