မာတိကာဆီ ကျော်သွား

ဘယ်သူတွေ ကောင်းကင်သွားမလဲ

ဘယ်သူတွေ ကောင်းကင်သွားမလဲ

ကျမ်းစာအဖြေ

 ဘုရားသခင်က သစ္စာရှိခရစ်ယာန်တချို့ကို အရေအတွက် အကန့်အသတ်နဲ့ ရွေးချယ်ထားတယ်။ သူတို့ဟာ သေဆုံးပြီးနောက် ကောင်းကင်အသက်တာကို ရှင်ပြန်ထမြောက်ပါလိမ့်မယ်။ (၁ ပေတရု ၁:​၃၊ ၄) သူတို့ဟာ ရွေးချယ်ခံရပြီးတာနဲ့ ယုံကြည်ခြင်း ခိုင်ခံ့နေအောင်၊ အမူအကျင့်တွေ သန့်ရှင်းနေအောင် ဆက်ထိန်းသိမ်းရမယ်။ အဲဒီလိုမလုပ်ရင် ကောင်းကင်အမွေကို ရရှိဖို့ အရည်အချင်းပြည့်မီတော့မှာ မဟုတ်ဘူး။​​—ဧဖက် ၅:၅။ ဖိလိပ္ပိ ၃:​၁၂–​၁၄

ကောင်းကင်မှာ သူတို့ဘာလုပ်ကြမလဲ

 ယေရှုနဲ့အတူ ဘုရင်တွေ၊ ပုရောဟိတ်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်ချုပ်ကြပါလိမ့်မယ်။ (ဗျာဒိတ် ၅:​၉၊ ၁၀။ ၂၀:၆) သူတို့ဟာ “မြေကြီးသစ်” ဖြစ်တဲ့ မြေကြီးဆိုင်ရာအဖွဲ့အစည်းကို အုပ်ချုပ်မယ့် “ကောင်းကင်သစ်” တစ်နည်းအားဖြင့် ကောင်းကင်အစိုးရကို တည်ထောင်မှာ ဖြစ်တယ်။ ဒါ့အပြင် ဘုရားသခင့် မူလရည်ရွယ်ချက်အတိုင်း လူသားအားလုံးကို ဖြောင့်မတ်တဲ့အခြေအနေတွေ ပြန်ရရှိအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။​—ဟေရှာယ ၆၅:၁၇။ ၂ ပေတရု ၃:​၁၃

ကောင်းကင်ကို ဘယ်နှစ်ယောက် ရှင်ပြန်ထမြောက်ကြမလဲ

 ကောင်းကင်အသက်တာကို ရှင်ပြန်ထမြောက်ကြမယ့်သူ ၁၄၄,၀၀၀ ရှိတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၇:၄) ဗျာဒိတ် ၁၄:၁–၃ မှာ မှတ်တမ်းတင်ထားတဲ့ စိတ်အာရုံမှာ တမန်တော်ယောဟန်က “ဇိအုန်တောင်ပေါ်တွင် သိုးသငယ် ရပ်နေသည်ကို ငါမြင်၏။ . . . တစ်သိန်းလေးသောင်းလေးထောင်သည် သူနှင့်အတူရှိ၏” လို့ ဖော်ပြထားတယ်။ အဲဒီစိတ်အာရုံမှာ ဖော်ပြထားတဲ့ “သိုးသငယ်” ဆိုတာ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ယေရှုကို ဆိုလိုတယ်။ (ယောဟန် ၁:​၂၉။ ၁ ပေတရု ၁:​၁၉) “ဇိအုန်တောင်” ဆိုတာကတော့ ယေရှုနဲ့အတူ ကောင်းကင်မှာ အုပ်ချုပ်မယ့် ၁၄၄,၀၀၀ နဲ့ ယေရှုရဲ့ ချီးမြှောက်ခံရတဲ့ အနေအထားကို ဆိုလိုတယ်။​—ဆာလံ ၂:၆။ ဟေဗြဲ ၁၂:၂၂

 ဘုရားသခင့်နိုင်ငံတော်မှာ ခရစ်တော်နဲ့အတူ အုပ်ချုပ်ဖို့ ‘ခေါ်ယူရွေးကောက်တော်မူခြင်း ခံရသူတွေ’ ကို “သိုးစုငယ်” ဆိုပြီး ရည်ညွှန်းထားတယ်။ (ဗျာဒိတ် ၁၇:၁၄။ လုကာ ၁၂:၃၂) ဒါကြောင့် ယေရှုရဲ့ သိုးအရေအတွက်အားလုံးနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီအရေအတွက်ဟာ နည်းနေလိမ့်မယ်ဆိုတာ သိရတယ်။​—ယောဟန် ၁၀:၁၆

ကောင်းကင်သွားမယ့်သူတွေနဲ့ပတ်သက်တဲ့ ယူဆချက်အမှားများ

 ယူဆချက်အမှား- လူကောင်းအားလုံး ကောင်းကင်သွားမယ်။

 အမှန်တရား- လူကောင်းအများစုကို ကမ္ဘာမြေပေါ်မှာပဲ ထာဝစဉ်အသက်ရှင်ခွင့်ပေးမယ်လို့ ဘုရားသခင် ကတိပေးထားတယ်။​—ဆာလံ ၃၇:​၁၁၊ ၂၉၊ ၃၄

  •   “မည်သူမျှ ကောင်းကင်ဘုံသို့ မတက်ဖူး” လို့ ယေရှုပြောခဲ့တယ်။ (ယောဟန် ၃:​၁၃) ဒါကြောင့် ယေရှုမတိုင်ခင်သေသွားတဲ့ အာဗြဟံ၊ မောရှေ၊ ယောဘနဲ့ ဒါဝိဒ်တို့လို လူကောင်းတွေ ကောင်းကင်မသွားဘူးဆိုတာ သိရတယ်။ (တမန်တော် ၂:​၂၉၊ ၃၄) အဲဒီအစား သူတို့ဟာ မြေကြီးပေါ်မှာ ရှင်ပြန်ထမြောက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရရှိကြတယ်။​—ယောဘ ၁၄:၁၃–​၁၅

  •   ကောင်းကင်အသက်တာရဖို့ ရှင်ပြန်ထမြောက်တာကို “ပထမ ထမြောက်ခြင်း” လို့ခေါ်တယ်။ (ဗျာဒိတ် ၂၀:၆) ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်း နောက်တစ်ခုရှိသေးမှန်း သိရတယ်။ အဲဒါကတော့ မြေကြီးပေါ်မှာ ရှင်ပြန်ထမြောက်ခြင်း ဖြစ်တယ်။

  •   ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ “သေခြင်း ရှိတော့မည်မဟုတ်” လို့ ကျမ်းစာမှာ သွန်သင်တယ်။ (ဗျာဒိတ် ၂၁:​၃၊ ၄) ကောင်းကင်မှာ ဘယ်တုန်းကမှ သေခြင်းမရှိခဲ့ဘူးတာမို့ ဒီကတိဟာ မြေကြီးနဲ့ပဲ သက်ဆိုင်တယ်။

 ယူဆချက်အမှား- လူတိုင်းက ကောင်းကင်အသက်တာ ဒါမှမဟုတ် မြေကြီးအသက်တာကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။

 အမှန်တရား- “ခေါ်တော်မူခြင်း ဆုကျေးဇူး” တစ်နည်းအားဖြင့် ကောင်းကင်အသက်တာကို ဘယ်သစ္စာရှိခရစ်ယာန်တွေ ရရှိမယ်ဆိုတာ ဘုရားသခင်ကသာ ဆုံးဖြတ်ပါတယ်။ (ဖိလိပ္ပိ ၃:​၁၄) ဒါကြောင့် ရွေးချယ်ခံရတာဟာ ကိုယ့်ဆန္ဒကြောင့် မဟုတ်ဘူး။​—မဿဲ ၂၀:၂၀–​၂၃

 ယူဆချက်အမှား- ကမ္ဘာမြေပေါ် ထာဝစဉ်အသက်ရှင်ခွင့်ဟာ ပိုနိမ့်ကျတယ်။ ကောင်းကင်သွားဖို့ မထိုက်တန်လို့ ပေးသနားတဲ့ဆု ဖြစ်တယ်။

 အမှန်တရား- ကမ္ဘာမြေပေါ် ထာဝစဉ်အသက်ရှင်ခွင့်ရမယ့်သူတွေကို ဘုရားသခင်က “ငါ၏လူတို့၊” “ငါရွေးကောက်သောသူတို့၊” “ထာဝရဘုရားပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူ” လို့ ခေါ်တယ်။ (ဟေရှာယ ၆၅:၂၁–​၂၃) သာယာလှပတဲ့ကမ္ဘာမြေပေါ်မှာ ပြီးပြည့်စုံလင်တဲ့အသက်တာနဲ့ လူသားတွေ ထာဝစဉ်အသက်ရှင်နေထိုင်သွားဖို့ဆိုတဲ့ ဘုရားသခင့်မူလရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ သူတို့ အခွင့်ထူးရရှိပါလိမ့်မယ်။​—ကမ္ဘာဦး ၁:​၂၈။ ဆာလံ ၁၁၅:၁၆။ ဟေရှာယ ၄၅:၁၈

 ယူဆချက်အမှား- ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားတဲ့ ၁၄၄,၀၀၀ ဟာ စာသားအတိုင်း မဟုတ်ဘဲ တင်စားချက်သာ ဖြစ်တယ်။

 အမှန်တရား- ဗျာဒိတ်ကျမ်းမှာ ကိန်းဂဏန်းတွေကို တင်စားချက်အနေနဲ့ သုံးထားတာမှန်ပေမဲ့ တချို့ကိန်းဂဏန်းတွေကိုတော့ တကယ့်အရေအတွက်အနေနဲ့ ဖော်ပြပါတယ်။ ဥပမာ၊ “သိုးသငယ်၏ တမန်တော် တစ်ဆယ့်နှစ်ပါးတို့၏ အမည်တစ်ဆယ့်နှစ်ခု” လို့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၂၁:၁၄) အဲဒီလိုပဲ၊ ၁၄၄,၀၀၀ အရေအတွက်ကို တကယ့်စာသားအတိုင်း ယူနိုင်တယ်လို့ ကောက်ချက်ချနိုင်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။

 “တံဆိပ်ခတ်ခံရသူ [ဒါမှမဟုတ် ကောင်းကင်အသက်တာရရှိဖို့ အတည်ပြုခံရသူ] တစ်သိန်းလေးသောင်းလေးထောင်” ဆိုပြီး ဗျာဒိတ် ၇:၄ မှာ မှတ်တမ်းတင်ထားတယ်။ ဒီကျမ်းချက်ရဲ့ ကပ်လျက်မှာရှိတဲ့ ရှေ့နောက်စကားမှာ ဒုတိယအုပ်စုကို “အဘယ်သူမျှ မရေတွက်နိုင်သော လူအုပ်ကြီး” ဆိုပြီး ကွဲပြားခြားနားစွာ ဖော်ပြထားတယ်။ ဒီ “လူအုပ်ကြီး” ကလည်း ဘုရားသခင်ဆီက ကယ်တင်ခြင်း ရရှိထားသူတွေ ဖြစ်တယ်။ (ဗျာဒိတ် ၇:​၉၊ ၁၀) ၁၄၄,၀၀၀ အရေအတွက်ဟာ တင်စားချက်ဖြစ်ပြီး အရေအတွက်အတိအကျမသိတဲ့ အုပ်စုဖြစ်မယ်ဆိုရင် အုပ်စုနှစ်စုနဲ့ပတ်သက်ပြီး ကွဲပြားခြားနားစွာ ဖော်ပြထားတာက အဓိပ္ပာယ်ရှိတော့မှာ မဟုတ်ဘူး။ a

 ဒါ့အပြင် ၁၄၄,၀၀၀ ကို “အဦးသီးသော အသီးများအဖြစ် လူသားတို့ထဲမှ ဝယ်ယူသောသူများ” လို့ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၄:၄) “အဦးသီးသောအသီးများ” ဆိုတဲ့ အသုံးအနှုန်းက အရေအတွက်အနည်းငယ်သာရှိတဲ့ ကိုယ်စားလှယ်တွေကို ရည်ညွှန်းတယ်။ မရေမတွက်နိုင်အောင်များပြားတဲ့ ကမ္ဘာမြေပေါ်က လက်အောက်ခံပြည်သူတွေကို ကောင်းကင်ကနေ ခရစ်တော်နဲ့အတူ အုပ်ချုပ်ကြမယ့်သူတွေနဲ့ပတ်သက်ပြီး အဲဒီလိုရည်ညွှန်းတာက တကယ့်ကို သင့်လျော်ပါတယ်။​—ဗျာဒိတ် ၅:​၁၀

a ဗျာဒိတ် ၇:၄ မှာဖော်ပြထားတဲ့ ၁၄၄,၀၀၀ အရေအတွက်နဲ့ပတ်သက်ပြီး ပါမောက္ခ ရောဘတ် အဲယ်လ်. သောမတ်စ်ကလည်း အခုလိုရေးသားခဲ့တယ်- “ဒီတိကျတဲ့အရေအတွက်ဟာ ဗျာဒိတ် ၇:၉ မှာပါတဲ့ မတိကျတဲ့အရေအတွက်နဲ့ ကွဲပြားခြားနားစွာ ဖော်ပြထားတာ ဖြစ်တယ်။ အဲဒါကို တင်စားချက်အနေနဲ့ ယူလိုက်မယ်ဆိုရင် ဒီကျမ်းစောင်မှာပါတဲ့ ကိန်းဂဏန်းတစ်ခုကိုမှ တကယ့်စာသားအတိုင်းယူဖို့ မဖြစ်နိုင်တော့ဘူး။”​—ဗျာဒိတ်ကျမ်း ၁-၇- အနက်ဖွင့်ဋီကာကျမ်း၊ စာမျက်နှာ ၄၇၄။