မာတိကာဆီ ကျော်သွား

ဘုရား တကယ်ရှိသလား

ဘုရား တကယ်ရှိသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

 ရှိပါတယ်။ ဘုရားရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘာသာရေးသွန်သင်ချက်တွေကြောင့် ဘုရားရှိတယ်ဆိုပြီး အလွယ်တကူ ယုံလိုက်တာမျိုးမဟုတ်ဘဲ “စဉ်းစားဆင်ခြင်နိုင်စွမ်း၊” “ဉာဏ်စွမ်း” ကို သုံးပြီးမှယုံဖို့ ကျမ်းစာက တိုက်တွန်းထားပါတယ်။ (ရောမ ၁၂:၁; ၁ ယောဟန် ၅:၂၀) ဘုရားကိုယုံကြည်နိုင်ဖို့ ကျမ်းစာပေါ်အခြေခံထားပြီး ကျိုးကြောင်းညီညွတ်တဲ့ ဒီအချက်တွေကို သုံးသပ်ကြည့်ပါ–

  •   သက်ရှိတွေအပါအဝင် စည်းစနစ်ကျနစွာ လည်ပတ်နေတဲ့ စကြဝဠာကြီးကို ကြည့်မယ်ဆိုရင် ပြုလုပ်သူရှိတယ်ဆိုတာ ဖော်ပြနေတယ်။ ကျမ်းစာမှာ ခုလိုပြောထားတယ်- “အိမ်မည်သည်ကား တစ်စုံတစ်ဦး တည်ဆောက်သောကြောင့် ဖြစ်၏။ အရာခပ်သိမ်းကို တည်ဆောက်သောသူမူကား ဘုရားသခင်ဖြစ်တော်မူ၏။” (ဟေဗြဲ ၃:၄) ဒီအတွေးအခေါ်က ရိုးရှင်းပေမဲ့ ပညာတတ်အများစုအတွက် အဓိပ္ပာယ်ပြည့်ဝပြီး သူတို့ရဲ့ စဉ်းစားပုံကို ပြောင်းလဲစေနိုင်တယ်။ a

  •   ဘာအတွက် အသက်ရှင်နေရတာလဲ ဆိုတဲ့မေးခွန်းကို သိချင်စိတ်က လူသားတွေမှာ မွေးကတည်းက ပါလာတယ်။ အရာရာ ပြီးပြည့်စုံတဲ့သူတွေတောင် ဒီမေးခွန်းရဲ့ အဖြေကို သိချင်နေကြတုန်းပဲ။ အဲဒီလိုသိချင်စိတ်ဟာ “ဘုရားသခင်ကို မှီခို” လိုတဲ့စိတ် ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီစိတ်မှာ ဘုရားကို သိချင်စိတ်နဲ့ ကိုးကွယ်ချင်စိတ်ပါဝင်တယ်။ (မဿဲ ၅:၃; ဗျာဒိတ် ၄:၁၁) ဘုရားကို မှီခိုဖို့လိုတယ်ဆိုတဲ့ စိတ်က ဘုရားရှိတယ်ဆိုတာ သက်သေထူရုံသာမက ကိုယ်တော်က ဒီစိတ်ကို ဖြည့်ဆည်းပေးချင်တဲ့ မေတ္တာရှိတဲ့ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြနေတယ်။—မဿဲ ၄:၄

  •   နှစ်ပေါင်းများစွာ အသေးစိတ် ကြိုဟောထားတဲ့ ကျမ်းစာမှာပါတဲ့ ဖြစ်ရပ်တွေက အတိအကျ ပြည့်စုံခဲ့တယ်။ တိကျမှန်ကန်ပြီး အသေးစိတ်ကျတဲ့ ဒီကြိုဟောချက်တွေက လူ့ထက်သာလွန်တဲ့ ဘုရားဆီကလာတယ်ဆိုတာ အခိုင်အမာ သက်သေထူနေပါတယ်။—၂ ပေတရု ၁:၂၁

  •   ကျမ်းရေးသူတွေမှာ သူတို့နဲ့ တစ်ခေတ်တည်းသားတွေထက် သိပ္ပံအသိပညာ ပိုရှိခဲ့တယ်။ ဥပမာ၊ ကမ္ဘာကြီးကို ဆင်၊ တောဝက်၊ နွားထီးစတဲ့ သတ္တဝါတစ်ကောင်ကောင် ထမ်းထားတယ်လို့ ဟိုးတုန်းကလူတွေ ယုံကြည်ခဲ့ကြတယ်။ ကျမ်းစာမှာတော့ ဘုရားသခင်က “မြေကြီးကို အခုအခံမရှိဆွဲထားတော်မူ၏” လို့ ဖော်ပြထားပါတယ်။ (ယောဘ ၂၆:၇) ကမ္ဘာကြီးက “စက်ဝန်း” ပုံစံရှိတယ်လို့လည်း ကျမ်းစာမှာ တိတိကျကျ ဖော်ပြထားတယ်။ (ဟေရှာယ ၄၀:၂၂ကဘ) ဒီအချက်အလက်တွေကို ဘုရားသခင်ဆီကရခဲ့လို့ သိပ္ပံပညာနဲ့ ကိုက်ညီတဲ့နားလည်မှုကို ကျမ်းရေးသူတွေ ရေးနိုင်ခဲ့တယ်ဆိုပြီး လူအများစု လက်ခံကြတယ်။

  •   ခက်ခဲတဲ့မေးခွန်းတွေရဲ့ အဖြေကို ကျမ်းစာမှာ ရှာတွေ့နိုင်ပါတယ်။ ဒီမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့ အဖြေမရဘူးဆိုရင် လူတစ်ယောက်ကို ဘုရားမဲ့ဝါဒီတောင် ဖြစ်သွားစေနိုင်တယ်။ ဥပမာ၊ ဘုရားက မေတ္တာရှင်၊ တန်ခိုးအကြီးဆုံးအရှင်ဖြစ်တယ်ဆိုရင် ကမ္ဘာမှာ ဆင်းရဲဒုက္ခတွေနဲ့ မကောင်းမှုတွေ ဘာလို့ ရှိနေတာလဲ။ ဘာသာရေးက လူတွေကို ကောင်းတာတွေထက် ဆိုးတာတွေကို ဘာလို့ ပြုလုပ်စေတာလဲ။—တိတု ၁:၁၆

a ဥပမာ၊ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ အယ်လန်ဆန်ဒေချ်က စကြဝဠာနဲ့ပတ်သက်ပြီး ခုလိုပြောခဲ့တယ်- “စကြဝဠာရဲ့ စနစ်ကျမှုက ပရမ်းပတာပေါ်ထွက်လာတာ မဖြစ်နိုင်ဘူး။ စီစဉ်ဖွဲ့စည်းပေးဖို့ အခြေခံနိယာမတစ်ခုခုရှိရမယ်။ ဘုရားဆိုတာ ကျွန်တော့်အတွက် လျှို့ဝှက်နက်နဲရာပဲ။ ဒါပေမဲ့ အရာအားလုံး တည်ရှိနေတာက ဖန်ဆင်းရှင်ဘုရား ရှိနေတယ်ဆိုတာ ဖော်ပြနေတယ်။”