မာတိကာဆီ ကျော်သွား

မာရိဟာ ဘုရားရဲ့ မယ်တော်လား

မာရိဟာ ဘုရားရဲ့ မယ်တော်လား

ကျမ်းစာအဖြေ

 မဟုတ်ပါဘူး။ မာရိဟာ ဘုရားရဲ့ မယ်တော်လို့ ကျမ်းစာ မသွန်သင်သလို မာရိကို ခရစ်ယာန်တွေ ကိုးကွယ်ကြည်ညိုသင့်တယ်လို့လည်း မသွန်သင်ဘူး။ a သုံးသပ်ကြည့်ပါ–

  •   မိမိဟာ ဘုရားရဲ့ မယ်တော် ဖြစ်တယ်လို့ မာရိ တစ်ခါမှ မပြောခဲ့ဘူး။ ကျမ်းစာကလည်း မာရိကို “ဘုရားကို မွေးဖွားသူ” လို့ မဖော်ပြဘဲ “ဘုရားသခင်ရဲ့သား” ကိုမွေးဖွားသူလို့ ဖော်ပြတယ်။—မာကု ၁:၁။ လုကာ ၁:၃၂

  •   ယေရှုခရစ်က မာရိဟာ ဘုရားမယ်တော် ဖြစ်တယ်၊ မာရိကို အထူး ဝတ်ပြုဆည်းကပ်ထိုက်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ အမျိုးသမီးတစ်ဦးက မာရိဟာ ယေရှုရဲ့ မိခင် ဖြစ်ရတဲ့အတွက် ပျော်ရွှင်ချမ်းမြေ့မှာပဲလို့ အမွှမ်းတင်တဲ့အခါ ယေရှုက “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်” လို့ပြောပြီး တည့်မတ်ပေးခဲ့တယ်။—လုကာ ၁၁:၂၇၊ ၂၈

  •   “ဘုရားရဲ့ မယ်တော်၊” “သီအိုတိုကော့စ်” (ဘုရားကို မွေးဖွားသူ) ဆိုတဲ့ အသုံးအနှုန်းတွေကို ကျမ်းစာမှာ မတွေ့ရဘူး။

  •   ကျမ်းစာမှာပါတဲ့ “ကောင်းကင် မိဖုရား” ဆိုတဲ့ စကားလုံးက မာရိကို မဟုတ်ဘဲ အယူဖောက်ပြန်တဲ့ အစ္စရေးတွေ ကိုးကွယ်တဲ့ ဘုရားမကို ရည်ညွှန်းတယ်။ (ယေရမိ ၄၄:၁၅-၁၉) “ကောင်းကင် မိဖုရား” ဟာ ဗာဗုလုန်ဘုရားမ အီရှတာ (အက်စတာ) ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။

  •   အစောပိုင်း ခရစ်ယာန်တွေဟာ မာရိကို ကိုးကွယ်တာမျိုး၊ အထူးဂုဏ်တင် ချီးမြှောက်တာမျိုး မလုပ်ခဲ့ဘူး။ သမိုင်းဆရာတစ်ယောက်အဆိုအရ အစောပိုင်း ခရစ်ယာန်တွေဟာ “မာရိကိုးကွယ်ခြင်းကို ငြင်းပယ်ခဲ့ကြတယ်။ မာရိကို အထူးအလေးပေးရာကနေ ဘုရားမအဖြစ် ကိုးကွယ်တာမျိုး ဖြစ်လာမှာစိုးလို့ ဖြစ်နိုင်တယ်။”—In Quest of the Jewish Mary.

  •   ဘုရားသခင်ကို ထာဝစဉ် တည်တဲ့အရှင်အဖြစ် ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၉၀:၁၊ ၂။ ဟေရှာယ ၄၀:၂၈) ဘုရားမှာ အစမရှိတဲ့အတွက် မယ်တော် မရှိဘူး။ ကောင်းကင်ကြီးတောင် ဘုရားစံမြန်းနိုင်လောက်အောင် မကျယ်ဝန်းဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့အတွက် မာရိဟာ ဘုရားကို ဝမ်းနဲ့လွယ်ပြီး မွေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။—၁ ဘုရင်များ ၈:၂၇

မာရိဟာ “ဘုရားရဲ့ မယ်တော်” မဟုတ်ဘဲ ယေရှုရဲ့ မိခင် ဖြစ်

 မာရိဟာ ဘုရင်ဒါဝိဒ်မျိုးရိုးက ဆင်းသက်လာတဲ့ ဂျူးအမျိုးသမီး ဖြစ်တယ်။ (လုကာ ၃:၂၃-၃၁) မာရိဟာ ယုံကြည်ခြင်းရှိသူ၊ ဘုရားတရားကိုင်ရှိုင်းသူ ဖြစ်လို့ ဘုရားရဲ့ မျက်နှာသာရသူ ဖြစ်တယ်။ (လုကာ ၁:၂၈) ယေရှုရဲ့ မိခင် ဖြစ်ဖို့ မာရိကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။ (လုကာ ၁:၃၁၊ ၃၅) မာရိမှာ ခင်ပွန်းယောသပ်နဲ့ရတဲ့ တခြားသားသမီးတွေလည်း ရှိတယ်။—မာကု ၆:၃

 မာရိဟာ ယေရှုရဲ့ နောက်လိုက်တစ်ယောက် ဖြစ်လာတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပေမဲ့ နောက်ပိုင်း သူ့အကြောင်း ထပ်မဖော်ပြဘူး။—တမန်တော် ၁:၁၄

a ဘာသာတချို့က မာရိဟာ ဘုရားရဲ့ မယ်တော် ဖြစ်တယ်လို့ သင်ပေးကြတယ်။ မာရိကို “ကောင်းကင်မိဖုရား၊” “ကောင်းကင်ဘုံ ဘုရင်မ၊” ဒါမှမဟုတ် “ဘုရားကို မွေးဖွားသူ” လို့ အဓိပ္ပာယ်ရှိတဲ့ ဂရိစကားလုံး သီအိုတိုကော့စ် လို့ ခေါ်ဆိုကြတယ်။