မာတိကာဆီ ကျော်သွား

“ယေရှုကို ယုံကြည်ခြင်း”—ကယ်တင်ခြင်းရဖို့ ယေရှုကို ယုံကြည်ရုံနဲ့ လုံလောက်သလား

“ယေရှုကို ယုံကြည်ခြင်း”—ကယ်တင်ခြင်းရဖို့ ယေရှုကို ယုံကြည်ရုံနဲ့ လုံလောက်သလား

ကျမ်းစာ အဖြေ

 လူသားတွေရဲ့ အပြစ်အတွက် ယေရှု အသေခံခဲ့တယ်လို့ ခရစ်ယာန်တွေ ယုံကြည်ကြတယ်။ (၁ ပေတရု ၃:၁၈) ဒါပေမဲ့ ကယ်တင်ခြင်းရဖို့ဆိုရင် ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်တာထက်မက ပိုလိုအပ်တယ်။ နတ်ဆိုးတွေက ယေရှုဟာ “ဘုရားသခင်ရဲ့သား” ဆိုတာ သိကြတယ်။ ဒါပေမဲ့ သူတို့ ကယ်တင်ခြင်း ရမှာမဟုတ်ဘူး၊ ဖျက်ဆီးခံရမယ်။—လုကာ ၄:၄၁။ ယုဒ ၆

 ကယ်တင်ခံရဖို့ ဘာလုပ်ရမလဲ

  •   ယေရှုဟာ မိမိရဲ့အသက်ကို ကျွန်တော်တို့အပြစ်အတွက် ပူဇော်သက္ကာအဖြစ် ပေးခဲ့တယ်ဆိုတာ ယုံကြည်ရမယ်။ (တမန်တော် ၁၆:၃၀၊ ၃၁။ ၁ ယောဟန် ၂:၂) ယေရှုဟာ တကယ့်ပုဂ္ဂိုလ်ဖြစ်တယ်၊ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ အချက်တွေအားလုံး မှန်ကန်တယ်ဆိုတာ ယုံကြည်ခြင်း ပါဝင်တယ်။

  •   ယေရှုနဲ့ ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို လေ့လာပါ။ (၂ တိမောသေ ၃:၁၅) တမန်တော်ပေါလုနဲ့ သိလက ထောင်မှူးကို “သခင်ယေရှုကို ယုံကြည်ပါ။ ယုံကြည်ရင် ခင်ဗျား . . . ကယ်တင်ခြင်း ရလိမ့်မယ်” လို့ ပြောတယ်ဆိုပြီး ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ အဲဒီနောက် ထောင်မှူးကို “ယေဟောဝါရဲ့ တရားစကားအကြောင်း” a စပြီး သင်ပေးခဲ့တယ်။ (တမန်တော် ၁၆:၃၁၊ ၃၂) ထောင်မှူးအနေနဲ့ ဘုရားသခင့် တရားစကားရဲ့ အခြေခံအမှန်တရားကို နားမလည်ရင် ယေရှုကို ယုံကြည်နိုင်မှာ မဟုတ်ဘူးဆိုတာ ဒီအချက်က ဖော်ပြတယ်။ ကျမ်းစာပါ တိကျမှန်ကန်တဲ့ အသိပညာ ရှိဖို့ လိုအပ်ခဲ့တယ်။—၁ တိမောသေ ၂:၃၊ ၄

  •   နောင်တရပါ။ (တမန်တော် ၃:၁၉) အရင်က လုပ်ခဲ့တဲ့ အတွေးမှား၊ လုပ်ရပ်မှားတွေအတွက် တကယ် ဝမ်းနည်းပြီး နောင်တရဖို့ လိုတယ်။ ဘုရားမကြိုက်တာတွေ ဆက်မလုပ်တော့ဘဲ “နောင်တရကြောင်း လုပ်ရပ်နဲ့ သက်သေပြ” တဲ့အခါ သင့်ရဲ့နောင်တကို တခြားသူတွေ မြင်တွေ့ပါလိမ့်မယ်။—တမန်တော် ၂၆:၂၀

  •   နှစ်ခြင်းခံပါ။ (မဿဲ ၂၈:၁၉) ယေရှုက မိမိနောက်လိုက် ဖြစ်လာမယ့်သူတွေ နှစ်ခြင်းခံရမယ်လို့ ပြောခဲ့တယ်။ အစောပိုင်းမှာ ပြောခဲ့တဲ့ ထောင်မှူးလည်း နှစ်ခြင်းခံခဲ့တယ်။ (တမန်တော် ၁၆:၃၃) အလားတူပဲ၊ တမန်တော် ပေတရုက လူအုပ်ကို ယေရှုနဲ့ ပတ်သက်တဲ့ အမှန်တရားအကြောင်း သွန်သင်ပေးပြီးနောက်မှာ “ပေတရုရဲ့စကားကို ဝမ်းသာအားရ လက်ခံသူတွေ နှစ်ခြင်းခံခဲ့ကြ” တယ်။—တမန်တော် ၂:၄၀၊ ၄၁

  •   ယေရှုရဲ့ မိန့်မှာချက်တွေကို နာခံပါ။ (ဟီဘရူး ၅:၉) “မိန့်မှာထားသမျှကို လိုက်နာ” သူတွေဟာ ယေရှုရဲ့ နောက်လိုက်ဖြစ်တယ်ဆိုတာ အသက်ရှင်နေထိုင်ပုံနဲ့ ပြကြတယ်။ (မဿဲ ၂၈:၂၀) သူတို့ဟာ “တရားစကားတော်ကို လက်တွေ့ကျင့်သုံးသူတွေ ဖြစ်ကြ” တယ်။ “ကြားရုံကြား” တဲ့သူတွေ မဟုတ်ဘူး။—ယာကုပ် ၁:၂၂

  •   အဆုံးထိ ခံနိုင်ရည်ရှိပါ။ (မာကု ၁၃:၁၃) ယေရှုရဲ့ တပည့်တွေဟာ ကယ်တင်ခံရဖို့ “ခံနိုင်ရည်ရှိ” ရမယ်။ (ဟီဘရူး ၁၀:၃၆) ဥပမာ၊ တမန်တော်ပေါလုဟာ ယေရှုရဲ့ သွန်သင်ချက်တွေကို ကြပ်ကြပ်မတ်မတ် လိုက်နာပြီး ဘုရားသခင်ကို သစ္စာရှိခဲ့တယ်။ ခရစ်ယာန်ဖြစ်လာတဲ့နေ့ကစပြီး သေဆုံးချိန်အထိ ခံနိုင်ရည် တင်ပြခဲ့တယ်။—၁ ကောရိန္သု ၉:၂၇

 “အပြစ်သားရဲ့ ဆုတောင်းချက်” ဆိုတာ ဘာလဲ

 ဘာသာတချို့မှာ အသင်းသားတွေက “အပြစ်သားရဲ့ ဆုတောင်းချက်၊” “ကယ်တင်ခြင်း ဆုတောင်းချက်” ဆိုတာတွေနဲ့ ဆုတောင်းကြတယ်။ ဆုတောင်းသူတွေက မိမိတို့ရဲ့ အပြစ်ကို အသိအမှတ်ပြုကြတယ်။ မိမိတို့ရဲ့ အပြစ်တွေအတွက် ယေရှုအသေခံခဲ့တယ်ဆိုတာ ယုံကြည်ကြောင်း တင်ပြကြတယ်။ မိမိတို့ရဲ့ နှလုံးသားထဲ ဒါမှမဟုတ် ဘဝထဲမှာ ရှိနေပေးဖို့ ယေရှုကို တောင်းဆိုကြတယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ “အပြစ်သားရဲ့ ဆုတောင်းချက်” ဆိုတာ မပါဘူး၊ အဲဒီဆုတောင်းချက်ကိုလည်း မထောက်ခံထားဘူး။

 “အပြစ်သားရဲ့ ဆုတောင်းချက်” ကို တောင်းပြီးတဲ့အခါ ကယ်တင်ခံရဖို့ သေချာပြီလို့ တချို့ ယူဆကြတယ်။ ဒါပေမဲ့ ဆုတောင်းရုံနဲ့ ကယ်တင်ခြင်းရမယ်ဆိုတဲ့ အာမခံချက် မရှိဘူး။ အပြစ်သားဖြစ်တဲ့ လူသားတွေဟာ အမှားတွေ ဆက်လုပ်ကြတယ်။ (၁ ယောဟန် ၁:၈) ဒါကြောင့် ယေရှုက နောက်လိုက်တွေကို အပြစ်တွေ ခွင့်လွှတ်ခံရဖို့ မှန်မှန်ဆုတောင်းရမယ်လို့ သင်ပေးခဲ့တယ်။ (လုကာ ၁၁:၂၊) ဒါ့အပြင် ခရစ်ယာန်တချို့ဟာ ဘုရားသခင်ကို ကျောခိုင်းသွားကြတဲ့အတွက် ထာဝစဉ်အသက်ရှင်ခွင့် အလားအလာကို ဆုံးရှုံးခဲ့ကြတယ်။—ဟီဘရူး ၆:၄-၆။ ၂ ပေတရု ၂:၂၀၊ ၂၁

 “အပြစ်သားရဲ့ ဆုတောင်းချက်” ဇာစ်မြစ်က ဘယ်ကလဲ

 “အပြစ်သားရဲ့ ဆုတောင်းချက်” ဇာစ်မြစ်နဲ့ ပတ်သက်ပြီး သမိုင်းပညာရှင်တွေ သဘောထား ကွဲလွဲနေကြတယ်။ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာ စတင်ခဲ့တဲ့ ထုံးစံလို့ တချို့ ပြောကြတယ်။ တချို့ကျတော့ ၁၈ ရာစုနဲ့ ၁၉ ရာစုအတွင်း ဘာသာရေးလှုပ်ရှားမှုတွေကနေ အစပြုတယ်လို့ ယုံကြည်ကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ အဲဒီအလေ့အထဟာ ကျမ်းစာသွန်သင်ချက်နဲ့ မကိုက်ညီဘူး။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်ပါတယ်။