မာတိကာဆီ ကျော်သွား

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ။ ဘုရားသခင် ထိန်းချုပ်ထားသလား။

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောသလဲ။ ဘုရားသခင် ထိန်းချုပ်ထားသလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင် ဒါမှမဟုတ် ကံကြမ္မာက ကျွန်ုပ်တို့ဘာတွေလုပ်ရမယ်ဆိုတာကို ကြိုတင်ပိုင်းဖြတ်ထားတာမျိုး မရှိပါဘူး။ အဲဒီအစား ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်ခွင့်ဆိုတဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပေးထားခြင်းအားဖြင့် ကိုယ်တော် ကျွန်ုပ်တို့ကို ဂုဏ်တင်ပါတယ်။ သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲဆိုတာကို သုံးသပ်ကြည့်ကြရအောင်။

  •   ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကိုယ်တော်ရဲ့ ဂုဏ်ရည်တော်နဲ့အညီ ဖန်ဆင်းထားပါတယ်။ (ကမ္ဘာဦး ၁:၂၆) ဒါကြောင့် ကျွန်ုပ်တို့ဟာ ပင်ကိုအသိစိတ်နဲ့ လုပ်ဆောင်တဲ့ တိရစ္ဆာန်နဲ့မတူဘဲ ဖန်ဆင်းရှင်လို မေတ္တာနဲ့ တရားမျှတမှု တင်ပြနိုင်ကြတယ်။ အဲဒီအပြင် ဖန်ဆင်းရှင်လိုပဲ ကျွန်ုပ်တို့ဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြတယ်။

  •   ကျွန်ုပ်တို့ဟာ အတိုင်းအတာတစ်ခုထိတော့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ ဘုရားပညတ်ကို နားထောင်ပြီး ‘အသက်ရှင်ခြင်းကို ရွေးယူ’ ဖို့ သမ္မာကျမ်းစာမှာ အားပေးထားတယ်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီလိုပြောတာက အဓိပ္ပာယ်မရှိတဲ့အပြင် ရက်စက်ရာတောင် ကျတယ်။ ဘုရားသခင်က မိမိပြောတာကို အတင်းအကျပ်လုပ်စေမယ့်အစား ဒီလိုလှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ထားတယ်– ‘သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့ဖြစ်လိမ့်မည်။’—ဟေရှာယ ၄၈:၁၈

  •   ကျွန်ုပ်တို့ရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ကံကြမ္မာက ကြိုတင်မပိုင်းဖြတ်ထားပါဘူး။ အလုပ်တစ်ခု အောင်မြင်ချင်တယ်ဆိုရင် ကြိုးကြိုးစားစားလုပ်ရမယ်။ “ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့” လို့ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၉:၁၀) နောက်ပြီး ‘လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝပေ၏’ လို့လည်း ပြောထားတယ်။—သုတ္တံ ၂၁:၅

 လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်က ဘုရားသခင်ဆီကရတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဖြစ်တယ်။ အဲဒီလိုရွေးချယ်ပိုင်ခွင့်ရှိလို့ပဲ ဘုရားသခင်ကို “စိတ်နှလုံးအကြွင်းမဲ့” ချစ်မြတ်နိုးနိုင်ကြတယ်။—မဿဲ ၂၂:၃၇

ဘုရားသခင်က အရာရာကို မထိန်းချုပ်ထားဘူးလား

 သမ္မာကျမ်းစာမှာ ဘုရားသခင်ကို အနန္တတန်ခိုးရှင်လို့ ပြောထားပါတယ်။ ဒါကြောင့် ကိုယ်တော်ကလွဲလို့ ဘယ်သူကမှ ကိုယ်တော့်တန်ခိုးကို မထိန်းချုပ်နိုင်ပါဘူး။ (ယောဘ ၃၇:၂၃; ဟေရှာယ ၄၀:၂၆) ဒါပေမဲ့ ကိုယ်တော်က အရာရာကို လိုက်ပြီး ထိန်းချုပ်ဖို့ ကိုယ်တော့်တန်ခိုးကို အသုံးမပြုပါဘူး။ ဥပမာ၊ ကိုယ်တော့်လူမျိုးရဲ့ရန်သူ ရှေးဗာဗုလုန်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် “ချုပ်တည်း” ခဲ့တယ် လို့ကျမ်းစာမှာ ပြောထားတယ်။ (ဟေရှာယ ၄၂:၁၄သမ္မာ) ဒီနေ့အချိန်မှာလည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်တဲ့သူတွေကို ဘုရားသခင် သည်းခံနေတယ်။ ဒါပေမဲ့ အမြဲသည်းခံမှာတော့ မဟုတ်ပါဘူး။—ဆာလံ ၃၇:၁၀၊ ၁၁