မာတိကာဆီ ကျော်သွား

ဘယ်လို ဆုတောင်းရမလဲ—သခင့်ဆုတောင်းချက်က အကောင်းဆုံး ဆုတောင်းနည်းလား

ဘယ်လို ဆုတောင်းရမလဲ—သခင့်ဆုတောင်းချက်က အကောင်းဆုံး ဆုတောင်းနည်းလား

သမ္မာကျမ်းစာအဆို

 ကျွန်တော်တို့ ဘယ်လို ဆုတောင်းရမယ်၊ ဘာအတွက် ဆုတောင်းရမယ်ဆိုတာ သခင့်ဆုတောင်းချက်က ဖော်ပြတယ်။ “သခင်၊ ကျွန်တော်တို့ကို ဆုတောင်းနည်း သင်ပေးပါ” လို့ တပည့်တစ်ဦး တောင်းဆိုတဲ့အခါ ယေရှုက ဒီဆုတောင်းနည်းကို သင်ပေးခဲ့တယ်။ (လုကာ ၁၁:၁) ဒါပေမဲ့ သခင့်ဆုတောင်းချက်တစ်မျိုးကိုပဲ ဘုရား နားထောင်တာ မဟုတ်ပါဘူး။ a ဘယ်လို ဆုတောင်းချက်မျိုးကို ဘုရား နားထောင်ကြောင်း ယေရှု ပြောပြခဲ့တယ်။

ဒီဆောင်းပါးမှာ

 သခင့်ဆုတောင်းချက်ထဲမှာ ဘာတွေ ပါသလဲ

 မဿဲ ၆:၉-၁၃ မှာ ပါတဲ့ သခင့်ဆုတောင်းချက်ကို ဘာသာပြန်ကျမ်းတွေမှာ အမျိုးမျိုး ပြန်ဆိုကြတယ်။ နမူနာနှစ်ခုကို သုံးသပ်ကြည့်ပါ။

 ကမ္ဘာသစ်ဘာသာပြန်ကျမ်း။ “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။ နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။ ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ။ သူတစ်ပါးရဲ့ အပြစ်ကြွေးတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေကိုလည်း ခွင့်လွှတ်ပေးပါ။ သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးပါ။”

 ယုဒသန်ကျမ်း။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။ သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်း ကယ်နုတ်တော်မူပါ။” b

 သခင့်ဆုတောင်းချက်ရဲ့ အဓိပ္ပာယ်က ဘာလဲ

 ယေရှုရဲ့ သွန်သင်ချက်က ကျန်တဲ့ ကျမ်းချက်တွေနဲ့ ကိုက်ညီတယ်။ ဒါကြောင့် သခင့်ဆုတောင်းချက်ရဲ့ အဓိပ္ပာယ်ကို တခြားကျမ်းချက်တွေက ရှင်းပြပေးနိုင်တယ်။

“ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ”

 ကျွန်တော်တို့ကို ဖန်ဆင်းတဲ့အရှင်၊ အသက်ပေးရှင် ဖြစ်တဲ့ ဘုရားသခင်ကို “ကျွန်တော်တို့ရဲ့ အဖ” လို့ ခေါ်သင့်ပါတယ်။—ဟေရှာယ ၆၄:၈

“နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”

 ယေဟောဝါဆိုတဲ့ ဘုရားနာမည်ကို ဂုဏ်တင်သင့်တယ်။ သန့်ရှင်းမြင့်မြတ်စေသင့်တယ်။ ဘုရားရဲ့ အရည်အသွေးတွေ၊ ရည်ရွယ်ချက်တွေအကြောင်း တခြားသူတွေကို ပြောပြတာက ဘုရားနာမည် သန့်ရှင်းမြင့်မြတ်စေရေးမှာ ပါဝင်နေတာ ဖြစ်တယ်။—ဆာလံ ၈၃:၁၈။ ဟေရှာယ ၆:၃

“နိုင်ငံတော် လာပါစေ”

 ဘုရားနိုင်ငံတော်ဟာ ကောင်းကင်အစိုးရ ဖြစ်တယ်။ ဘုရင်ကတော့ ယေရှုပါ။ တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ့် ဒီအစိုးရအတွက် ယေရှု ဆုတောင်းခိုင်းတယ်။—ဒံယေလ ၂:၄၄။ ဗျာဒိတ် ၁၁:၁၅

“အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ”

 ကောင်းကင်မှာ မကောင်းမှု၊ သေခြင်းတို့ မရှိသလိုပဲ ကမ္ဘာမြေပေါ်မှာလည်း လူတွေ ထာဝစဉ် ငြိမ်သက်အေးချမ်းစွာ နေထိုင်ဖို့ ဘုရား အလိုရှိတယ်။—ဆာလံ ၃၇:၁၁၊ ၂၉

“ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ”

 အရာခပ်သိမ်းကို ပေးသနားတဲ့ ဖန်ဆင်းရှင်ကို မှီခိုအားထားမှသာ အသက်ဆက်ရှင်သန်နိုင်မယ်ဆိုတာ သတိရသင့်တယ်။—တမန်တော် ၁၇:၂၄၊ ၂၅

“သူတစ်ပါးရဲ့ အပြစ်ကြွေးတွေကို ကျွန်တော်တို့ ခွင့်လွှတ်သလို ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေကိုလည်း ခွင့်လွှတ်ပေးပါ”

 လူတိုင်း အပြစ်ရှိတဲ့အတွက် အပြစ်တွေ ခွင့်လွှတ်ခံရဖို့ လိုတယ်။ ဘုရားရဲ့ ခွင့်လွှတ်မှုကို လိုချင်ရင် ကျွန်တော်တို့ကိုယ်တိုင် တခြားသူရဲ့ အပြစ်ကို ခွင့်လွှတ်ဖို့ လိုလိုလားလား ရှိရမယ်။—မဿဲ ၆:၁၄၊ ၁၅

“သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပြီး ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးပါ”

 ယေဟောဝါဘုရားဟာ မကောင်းတာတွေ လုပ်ဖို့ ဘယ်သူ့ကိုမှ မသွေးဆောင်ဘူး။ (ယာကုပ် ၁:၁၃) “ဖြားယောင်းသွေးဆောင်သူ” လို့လည်း ခေါ်တဲ့ “ဆိုးညစ်သူ” စာတန်မာရ်နတ်ရဲ့ သွေးဆောင်မှုကို ကျွန်တော်တို့ ခံရကြတယ်။ (၁ ယောဟန် ၅:၁၉။ မဿဲ ၄:၁-၄) မကောင်းတာတွေ လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ယေဟောဝါဘုရားရဲ့ စကားကို နာခံနိုင်ဖို့ ဆုတောင်းနိုင်တယ်။

 သခင့်ဆုတောင်းချက်ကို နှုတ်တိုက်ရွတ်ဆိုတဲ့နည်း တစ်မျိုးပဲ ရှိသလား

 ယေရှုက သခင့်ဆုတောင်းချက်ကို နမူနာအဖြစ် ပေးခဲ့တာပါ။ လုံးစေ့ပတ်စေ့ ရွတ်ဆိုဖို့ မဟုတ်ပါဘူး။ သခင့်ဆုတောင်းချက်ကို မသင်ပေးခင် “ဆုတောင်းတဲ့အခါ လူမျိုးခြားတွေလို အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့” လို့ သတိပေးတယ်။ (မဿဲ ၆:၇) နမူနာဆုတောင်းချက်ကို နောက်တစ်ကြိမ် ယေရှု သင်ပေးတဲ့အခါ တခြားစကားလုံးတွေကို အသုံးပြုခဲ့တယ်။—လုကာ ၁၁:၂-၄

 ဘုရားသခင်ဆီ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းတာဟာ အကောင်းဆုံး ဆုတောင်းနည်းပါ။—ဆာလံ ၆၂:၈

 ဘယ်လို ဆုတောင်းသင့်သလဲ

 ဘုရား နှစ်သက်တဲ့ ဆုတောင်းနည်း ဖြစ်နိုင်ဖို့ သခင့်ဆုတောင်းချက်ဟာ နမူနာကောင်းပါ။ ဒါဟာ ဆုတောင်းခြင်းအကြောင်း တခြားကျမ်းချက်တွေနဲ့လည်း ကိုက်ညီပုံကို သတိပြုပါ။

  •   ဘုရားသခင်ဆီပဲ ဆုတောင်းပါ

     ကျမ်းချက်။ “ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။”—ဖိလိပ္ပိ ၄:၆

     အဓိပ္ပာယ်။ ဘုရားသခင်ဆီ ဆုတောင်းရမယ်။ ယေရှု၊ မာရိ၊ သူတော်စင်တွေဆီ မတောင်းသင့်ဘူး။ “ကောင်းကင်မှာ စံမြန်းတဲ့ အဖ” လို့ အစချီထားတဲ့အတိုင်း ယေဟောဝါဘုရားဆီပဲ ဆုတောင်းဖို့ သခင့်ဆုတောင်းချက်က သင်ပေးပါတယ်။

  •   ဘုရားအလိုတော်နဲ့ ကိုက်ညီတာတွေအတွက် ဆုတောင်းပါ

     ကျမ်းချက်။ “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်ဆိုတာ စိတ်ချတယ်။”—၁ ယောဟန် ၅:၁၄

     အဓိပ္ပာယ်။ ဘုရားအလိုတော်နဲ့ ညီတာမှန်သမျှအတွက် ဆုတောင်းနိုင်တယ်။ “အလိုတော်ဟာ ကမ္ဘာမြေပေါ်မှာလည်း ပြည့်စုံပါစေ” ဆိုတဲ့ စကားစုကို သခင့်ဆုတောင်းချက်ထဲ ထည့်တောင်းခြင်းအားဖြင့် ဘုရားအလိုတော်ဟာ ဘယ်လောက် အရေးကြီးကြောင်း ယေရှု ဖော်ပြခဲ့တယ်။ ကမ္ဘာမြေအတွက်၊ လူတွေအတွက် ဘုရားအလိုတော်ကို သိချင်ရင် ကျမ်းစာကို သင်ယူလေ့လာပါ။

  •   ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ဆုတောင်းပါ

     ကျမ်းချက်။ “ထမ်းထားရတဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ကိုယ်တော် ဖေးမလိမ့်မယ်။”—ဆာလံ ၅၅:၂၂

     အဓိပ္ပာယ်။ ကျွန်တော်တို့ ဘာအတွက် စိုးရိမ်နေမှန်း ဘုရား သိတယ်။ သခင့်ဆုတောင်းချက်ထဲမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ယေရှု ထည့်တောင်းခဲ့တယ်။ ကျွန်တော်တို့လည်း နေ့စဉ် ကာယရေး လိုအပ်ရာတွေကို ရနိုင်ဖို့၊ အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့အခါ လမ်းပြပေးဖို့၊ အခက်အခဲပြဿနာတွေ ရှိတဲ့အခါ ကူညီပေးဖို့၊ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ ဆုတောင်းနိုင်ပါတယ်။ c

a ဥပမာ၊ ယေရှုနဲ့ တပည့်တွေ ဆုတောင်းတဲ့အခါ ဒီနမူနာဆုတောင်းချက်ထဲက စကားလုံးတွေအတိုင်း အတိအကျ ဆုတောင်းတာမျိုး မလုပ်ခဲ့ဘူး။—လုကာ ၂၃:၃၄။ ဖိလိပ္ပိ ၁:၉

b ယုဒသန်ကျမ်းက သခင့်ဆုတောင်းချက်ကို “အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်းခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။ အာမင်” ဆိုပြီး နိဂုံးချုပ်တယ်။ ဒီဂုဏ်တင်ချီးမွမ်းစကားဟာ တချို့ဘာသာပြန်ကျမ်းတွေမှာလည်း ပါပေမဲ့ “တိကျမှန်ကန် စိတ်ချရတဲ့ စာမူတွေမှာ မပါဘူး” ဆိုပြီး ဂျရုမ်းအနက်ဖွင့်ကျမ်းက ဆိုတယ်။

c ဘုရားရဲ့ ခွင့်လွှတ်မှု လိုတယ်လို့ ယူဆပေမဲ့ အပြစ်ကြီးလွန်းတယ်လို့ ခံစားရတဲ့အတွက် ဆုမတောင်းဝံ့သူတွေလည်း ရှိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက “လာကြ။ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့” လို့ ဖိတ်ခေါ်တယ်။ (ဟေရှာယ ၁:၁၈) ခွင့်လွှတ်မှု ရဖို့ စိတ်ရင်းမှန်နဲ့ တောင်းခံသူတွေကို ဘုရား ပစ်ပယ်မထားပါဘူး။