မာတိကာဆီ ကျော်သွား

သေချင်တယ်—ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ကျမ်းစာက ကူညီပေးနိုင်သလား

သေချင်တယ်—ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ကျမ်းစာက ကူညီပေးနိုင်သလား

ကျမ်းစာအဖြေ

 ကူညီပေးနိုင်ပါတယ်။ ကျမ်းစာဟာ “အားငယ်သူတွေကို နှစ်သိမ့်ပေးတတ်တဲ့ ဘုရားသခင်” ဆီက ဖြစ်တယ်။ (၂ ကောရိန္သု ၇:၆) ကျမ်းစာဟာ စိတ်ကျန်းမာရေး လမ်းညွှန်စာအုပ် မဟုတ်ပေမဲ့ သတ်သေချင်စိတ်ကို အနိုင်ယူဖို့ လူအတော်များများကို ကူညီပေးခဲ့ပြီ။ ကျမ်းစာမှာပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေက သင့်ကိုလည်း ကူညီပေးနိုင်ပါတယ်။

 လက်တွေ့ကျတဲ့ ဘာအကြံပြုချက်တွေ ကျမ်းစာမှာ ပါသလဲ။

  • ကိုယ့်ခံစားချက်တွေကို ပြောပြပါ။

     ကျမ်းစာအဆို။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇

     အဓိပ္ပာယ်။ စိတ်သောကရောက်တဲ့အခါ တခြားလူတွေရဲ့ အကူအညီ လိုအပ်တယ်။

     ခံစားချက်တွေကို မျိုသိပ်ထားရင် မခံမရပ်နိုင် ဖြစ်လာပါလိမ့်မယ်။ ခံစားချက်ကို ပြောပြလိုက်ရင် ပေါ့ပါးလန်းဆန်းသွားမယ်။

     စမ်းကြည့်ပါ။ မိသားစုဝင်တစ်ဦးကိုဖြစ်ဖြစ်၊ ယုံကြည်တဲ့ မိတ်ဆွေကိုဖြစ်ဖြစ် ဒီနေ့ပဲ ဖွင့်ပြောကြည့်ပါ။ a ဒါမှမဟုတ် ခံစားချက်တွေကို စာရွက်ပေါ် ချရေးကြည့်ပါ။

  • ဆေးဘက်ဆိုင်ရာအကူအညီ ရယူပါ။

     ကျမ်းစာအဆို။ “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။”—မဿဲ ၉:၁၂

     အဓိပ္ပာယ်။ ဖျားနာတဲ့အခါ ဆေးကုသမှု ခံယူရမယ်။

     ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ဟာ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့ လက္ခဏာ၊ စိတ်ဝေဒနာတစ်မျိုး ဖြစ်နိုင်တယ်။ ကာယပိုင်း ဖျားနာမှုနဲ့ တူတဲ့အတွက် ရှက်စရာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှု၊ စိတ်ဝေဒနာတွေကို ကုသလို့ရပါတယ်။

     စမ်းကြည့်ပါ။ ကျွမ်းကျင်တဲ့ဆရာဝန်ဆီ အမြန်ဆုံး အကူအညီ တောင်းခံပါ။

  • ဘုရားသခင် ဂရုစိုက်မှန်း သတိရပါ။

     ကျမ်းစာအဆို။ “စာငှက်ငါးကောင်ကို ငွေနှစ်ပြားနဲ့ ဝယ်လို့ရတယ် မဟုတ်လား။ အဲဒီစာငှက်တစ်ကောင်ကိုမှ ဘုရားသခင် မမေ့ဘူး။ . .  ဒါကြောင့် မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်။”—လုကာ ၁၂:၆၊ ၇

     အဓိပ္ပာယ်။ သင့်ကို ဘုရားသခင် တန်ဖိုးထားတယ်။

     အထီးကျန်စိတ် ဝင်ကောင်းဝင်မယ်။ ဒါပေမဲ့ သင်တွေ့ကြုံခံစားနေရတာတွေကို ဘုရားသခင် သိမြင်တယ်။ အသက်ရှင်ချင်စိတ် မရှိတော့ရင်တောင် သင့်ကို ဘုရား ဂရုစိုက်ပါတယ်။ ဆာလံ ၅၁:၁၇ မှာ “အို ဘုရားသခင်၊ ကျိုးပဲ့ကြေမွတဲ့ စိတ်နှလုံးကို ကိုယ်တော် မပစ်ပယ်ပါဘူး” လို့ ဆိုတယ်။ သင့်ကို ဘုရား ချစ်လို့ အသက်ဆက်ရှင်စေချင်တယ်။

     စမ်းကြည့်ပါ။ သင့်ကို ဘုရားသခင် ချစ်ကြောင်း အထောက်အထား ကျမ်းစာမှာ ရှာကြည့်ပါ။ ဥပမာ၊ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်၊ အခန်း ၂၄ ကို ကြည့်ပါ။

  • ဘုရားသခင်ဆီ ဆုတောင်းပါ။

     ကျမ်းစာအဆို။ “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇

     အဓိပ္ပာယ်။ စိုးရိမ်ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ ဘုရား ဖိတ်ခေါ်နေတယ်။

     စိတ်ငြိမ်သက်မှုသာမက ရှေ့ဆက်ဖို့ ခွန်အားပါ ဘုရားသခင် ပေးနိုင်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇၊ ၁၃) ဒီနည်းအားဖြင့် စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတွေကို ကူညီပေးတယ်။—ဆာလံ ၅၅:၂၂

     စမ်းကြည့်ပါ။ ဒီနေ့ပဲ ဘုရားသခင်ဆီ ဆုတောင်းပါ။ ယေဟောဝါဆိုတဲ့ ဘုရားနာမတော်ကို သုံးပြီး ကိုယ့်ခံစားချက်တွေကို ပြောပြပါ။ (ဆာလံ ၈၃:၁၈) ဆက်ခံရပ်သွားနိုင်ဖို့ အကူအညီ တောင်းပါ။

  • ကျမ်းစာမှာပါတဲ့ အနာဂတ် မျှော်လင့်ချက်ကို တွေးတောဆင်ခြင်ပါ။

     ကျမ်းစာအဆို။ “အဲဒီမျှော်လင့်ချက်ဟာ ကျွန်တော်တို့အသက်အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်။”—ဟီဘရူး ၆:၁၉၊ အောက်ခြေမှတ်ချက်။

     အဓိပ္ပာယ်။ မုန်တိုင်းမိနေတဲ့ သင်္ဘောတစ်စင်းလိုပဲ စိတ်ခံစားမှုတွေ တက်လိုက်ကျလိုက် ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာ မျှော်လင့်ချက်က တည်ငြိမ်အောင် ထိန်းပေးနိုင်တယ်။

     စိတ်ကူးယဉ် မျှော်လင့်ချက် မဟုတ်ဘဲ နာကျင်စေတဲ့အရာ မှန်သမျှကို ကွယ်ပျောက်စေမယ့် ဘုရားကတိပေါ် အခြေပြုတဲ့ မျှော်လင့်ချက် ဖြစ်တယ်။—ဗျာဒိတ် ၂၁:၄

     စမ်းကြည့်ပါ။ ကျမ်းစာမှာပါတဲ့ မျှော်လင့်ချက်တွေအကြောင်း ပိုသိရအောင် လူမျိုးအားလုံးအတွက် သတင်းကောင်း စာစောင်၊ အခန်း ၅ ကို ဖတ်ကြည့်ပါ။

  • ပျော်ရွှင်စေမယ့်အရာတွေ လုပ်ဆောင်ပါ။

     ကျမ်းစာအဆို။ “ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။”—ပညာအလိမ္မာ ၁၇:၂၂

     အဓိပ္ပာယ်။ ပျော်ရွှင်စေမယ့်အရာတွေ လုပ်ဆောင်နေရင် စိတ်ခံစားမှု တိုးတက်ကောင်းမွန်လာမယ်။

     စမ်းကြည့်ပါ။ ကိုယ်ကြိုက်နှစ်သက်ရာ တစ်ခုခုကို လုပ်ဆောင်ပါ။ ဥပမာ၊ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ တေးသီချင်း နားထောင်ပါ။ ခွန်အားပေးစေတဲ့ စာအုပ်တွေ ဖတ်ပါ။ ဝါသနာပါရာ တစ်ခုခုကို လိုက်စားပါ။ အသေးအဖွဲ ဖြစ်ပါစေ၊ အများအကျိုး ဆောင်ပေးခြင်းကြောင့် ပိုပျော်ရပါလိမ့်မယ်။—တမန်တော် ၂၀:၃၅

  • ကာယကျန်းမာရေးကို ဂရုစိုက်ပါ။

     ကျမ်းစာအဆို။ “ကာယလေ့ကျင့်ခန်း လုပ်တာက . .  အကျိုးရှိတယ်။”—၁ တိမောသေ ၄:၈

     အဓိပ္ပာယ်။ လေ့ကျင့်ခန်း လုပ်မယ်၊ အိပ်ရေးဝမယ်၊ ကျန်းမာစေတဲ့ အစားအသောက်တွေ စားမယ်ဆိုရင် အကျိုးရှိတယ်။

     စမ်းကြည့်ပါ။ ၁၅ မိနစ်ပဲဖြစ်ဖြစ် ခပ်သွက်သွက် လမ်းလျှောက်ပါ။

  • ခံစားချက်တွေ၊ ဘဝအခြေအနေတွေ ပြောင်းလဲတတ်ကြောင်း သတိရပါ။

     ကျမ်းစာအဆို။ “မနက်ဖြန် ဘာဖြစ်လာမယ်မှန်း ခင်ဗျားတို့ သိတာမှ မဟုတ်တာ။”—ယာကုပ် ၄:၁၄

     အဓိပ္ပာယ်။ ထိန်းချုပ်လို့ မရနိုင်ပုံရတဲ့ စိတ်ဆင်းရဲစရာ ပြဿနာတောင် ခေတ္တခဏပဲ တည်ရှိမယ်။

     ဒီနေ့ စိတ်ဓာတ်ကျဖို့ သိပ်ကောင်းပေမဲ့ မနက်ဖြန် အခြေအနေ ပြောင်းသွားနိုင်တယ်။ ဒါကြောင့် ရင်ဆိုင်ဖို့ နည်းလမ်း ရှာပါ။ (၂ ကောရိန္သု ၄:၈) စိတ်ဆင်းရဲစရာ အခြေအနေတွေဟာ အချိန်တန်ရင် ပြောင်းသွားနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ရင်တော့ သွားပြီပေါ့။

     စမ်းကြည့်ပါ။ သေချင်စိတ် ပေါက်တဲ့အထိ စိတ်ဓာတ်ကျခဲ့သူတွေအကြောင်း ကျမ်းစာမှတ်တမ်းတွေကို ဖတ်ကြည့်ပါ။ ကြိုမသိနိုင်တဲ့နည်းတွေနဲ့ အကောင်းဘက် ပြောင်းလဲသွားပုံကို လေ့လာကြည့်ပါ။ တချို့သူတွေအကြောင်း လေ့လာကြည့်ပါ။

 သေချင်စိတ်ပေါက်သူတွေအကြောင်း ကျမ်းစာမှာ ပါသလား။

 ပါတယ်။ “သေချင်လိုက်တာ” ဆိုတဲ့သဘောမျိုး ပြောဆိုခဲ့သူတွေအကြောင်း ကျမ်းစာမှာ ပါတယ်။ ဘုရားသခင်က သူတို့ကို အပြစ်မတင်ဘဲ ကူညီပေးခဲ့တယ်။ သင့်ကိုလည်း ကူညီပေးနိုင်ပါတယ်။

ဧလိယ

  •  ဧလိယက ဘယ်သူလဲ။ ရဲစွမ်းသတ္တိရှိတဲ့ ပရောဖက်တစ်ယောက်ပါ။ ဒါပေမဲ့ သူလည်း စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ယာကုပ် ၅:၁၇ မှာ “ဧလိယဟာ ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်ပါ” လို့ ဆိုထားတယ်။

  •  ဧလိယ ဘာကြောင့် သေချင်ရသလဲ။ တစ်ကြိမ်မှာတော့ ဧလိယဟာ အထီးကျန်အားငယ်စိတ်၊ ကြောက်စိတ် ဝင်လာတယ်။ အသုံးမကျဘူးလို့ ခံစားခဲ့တယ်။ ဒါကြောင့် “ယေဟောဝါဘုရား၊ ကျွန်တော့်အသက်ကို ရုပ်သိမ်းလိုက်ပါတော့” လို့ အသနားခံတယ်။—၁ ဘုရင်များ ၁၉:၄

  •  ဘာက သူ့ကို ကူညီပေးခဲ့သလဲ။ ဘုရားသခင်ဆီ ဧလိယ ရင်ဖွင့်ဆုတောင်းခဲ့တယ်။ ဘုရား ဘယ်လို အားပေးသလဲ။ ဧလိယကို ဂရုစိုက်ကြောင်း၊ မိမိတန်ခိုး ဘယ်လောက် ကြီးမားကြောင်း ပြခဲ့တယ်။ ဧလိယ အသုံးဝင်နေဆဲဖြစ်ကြောင်း စိတ်ချစေတဲ့အပြင် ကူညီစောင့်ရှောက်ပေးခဲ့တယ်။

  •  ဧလိယအကြောင်း ဖတ်ကြည့်ပါ။ ၁ ဘုရင်များ ၁၉:၂-၁၈

ယောဘ

  •  ယောဘက ဘယ်သူလဲ။ ယောဘဟာ စစ်မှန်တဲ့ဘုရားကို သစ္စာရှိရှိ ဝတ်ပြုသူ၊ လူကုံထံ၊ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပါ။

  •  ယောဘ ဘာကြောင့် သေချင်ရသလဲ။ ယောဘဟာ အဖြစ်ဆိုးတွေ ဆက်တိုက်ကြုံတွေ့ရတယ်။ ပိုင်ဆိုင်ရာ မှန်သမျှ ဆုံးရှုံးသွားတယ်။ ဘေးဆိုးကျလို့ သားသမီးအားလုံး ဆုံးပါးသွားကြတယ်။ ရောဂါဆိုး ရလာတယ်။ နောက်ဆုံး ကိုယ့်ပြဿနာ ကိုယ်ရှာနေသူလို့ ရက်ရက်စက်စက် စွပ်စွဲခံရတယ်။ ယောဘက “အသက်ရှင်ရတာကို ရွံမုန်းလှပြီ။ ဆက်အသက် မရှင်ချင်တော့ဘူး” လို့ပြောခဲ့တယ်။—ယောဘ ၇:၁၆

  •  ဘာက သူ့ကို ကူညီပေးခဲ့သလဲ။ ဘုရားသခင်ဆီ ဆုတောင်းတယ်၊ တခြားသူတွေနဲ့ စကားပြောတယ်။ (ယောဘ ၁၀:၁-၃) ယောဘကို စာနာတတ်တဲ့မိတ်ဆွေ ဧလိဟုက အားပေးစကား ပြောတယ်။ အခြေအနေကို မတူတဲ့ရှုထောင့်ကနေ ကြည့်စေတယ်။ ဘုရားဆီက အကြံပြုချက်နဲ့ အကူအညီကို ယောဘ လက်ခံရယူတယ်။

  •  ယောဘအကြောင်း ဖတ်ကြည့်ပါ။ ယောဘ ၁:၁-၃၊ ၁၃-၂၂။ ၂:၇။ ၃:၁-၁၃။ ၃၆:၁-၇။ ၃၈:၁-၃။ ၄၂:၁၊ ၂၊ ၁၀-၁၃

မောရှေ

  •  မောရှေက ဘယ်သူလဲ။ ရှေးအစ္စရေးတွေရဲ့ ခေါင်းဆောင်၊ သစ္စာရှိပရောဖက်တစ်ဦးပါ။

  •   မောရှေ ဘာကြောင့် သေချင်ရသလဲ။ မနိုင်ဝန် ထမ်းရတယ်။ တစ်ချိန်လုံး ပြစ်တင်ဝေဖန်ခံရတယ်။ ခြေကုန်လက်ပန်းကျလာတယ်။ ဒါကြောင့် “အခုပဲ သတ်လိုက်ပါတော့” လို့ ပြောခဲ့တယ်။—တောလည်ရာ ၁၁:၁၁၊ ၁၅

  •   ဘာက သူ့ကို ကူညီပေးခဲ့သလဲ။ ခံစားချက်တွေကို ဘုရားသခင်ဆီ ပြောပြတယ်။ ဘုရားကလည်း မောရှေ စိတ်သက်သာရာရပြီး အလုပ်ဝန်ပေါ့အောင် ကူညီပေးခဲ့တယ်။

  •  မောရှေအကြောင်း ဖတ်ကြည့်ပါ။ တောလည်ရာ ၁၁:၄-၆၊ ၁၀-၁၇

a သတ်သေချင်စိတ် ပြင်းပြနေပြီး ရင်ဖွင့်ရမယ့်သူလည်း မရှိရင် အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ခေါ်ပါ။