မာတိကာဆီ ကျော်သွား

“အသက်စာစောင်” ထဲမှာ ဘယ်သူတွေရဲ့ နာမည်ကို ရေးထားသလဲ

“အသက်စာစောင်” ထဲမှာ ဘယ်သူတွေရဲ့ နာမည်ကို ရေးထားသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 “အသက်စာစောင်” ကို “အသက်စာလိပ်” ဒါမှမဟုတ် “အောက်မေ့ရာစာအုပ်” လို့လည်းခေါ်ထားပြီး အဲဒီစာစောင်ထဲမှာ ထာဝရအသက်ဆုရမယ့် လူတွေရဲ့ နာမည်ကို ရေးထားတယ်။ (ဗျာဒိတ် ၃:၅; ၂၀:၁၂; မာလခိ ၃:၁၆ကဘ) ဘုရားသခင်ဟာ မိမိအပေါ် သစ္စာရှိခြင်း၊ နာခံမှုရှိခြင်းဆိုတဲ့ အချက်ပေါ် အခြေခံပြီး ဒီနာမည်စာရင်းတွေကို ထည့်သွင်းမှာဖြစ်တယ်။​—ယောဟန် ၃:၁၆; ၁ ယောဟန် ၅:၃

 ဘုရားသခင်ဟာ လူသားတွေရဲ့ “လောကတည်ချိန်” ကစပြီး သစ္စာရှိကျေးကျွန်တွေရဲ့ နာမည်တွေကို စာစောင်တစ်စောင်ထဲမှာ ရေးမှတ်ထားသလိုမျိုး ကိုယ်တော့် မှတ်ဉာဏ်ထဲမှာ မှတ်သားထားတယ်။ (ဗျာဒိတ် ၁၇:၈) အသက်စာစောင်ထဲမှာ ပထမဆုံး မှတ်တမ်းတင်ခံရသူကတော့ သစ္စာရှိသူ အာဗေလရဲ့နာမည် ဖြစ်နိုင်တယ်။ (ဟေဗြဲ ၁၁:၄) ဒီအသက်စာစောင်က နာမည်စာရင်းတစ်ခုလောက်သာမဟုတ်ဘဲ ယေဟောဝါဘုရားက “မိမိ၏လူတို့ကို သိကျွမ်း” တဲ့ မေတ္တာရှင်ဘုရားသခင် ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။​—၂ တိမောသေ ၂:၁၇; ၁ ယောဟန် ၄:၈

“အသက်စာစောင်” မှာ ရေးမှတ်ထားတဲ့ နာမည်တွေက ပယ်ဖျက်ခံရနိုင်သလား

 ပယ်ဖျက်ခံရနိုင်ပါတယ်။ နာခံမှုမရှိတဲ့ ရှေးခေတ် အစ္စရေးလူမျိုးကို ဘုရားသခင် ဒီလိုမိန့်ဆိုခဲ့တယ်– “အကြင်သူသည် ငါ့ကို ပြစ်မှား၏။ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည်။” (ထွက်မြောက်ရာ ၃၂:၃၃) ကျွန်ုပ်တို့က ဆက်ပြီးသစ္စာရှိမယ်ဆိုရင်တော့ “အသက်စာလိပ်” မှာ ကျွန်ုပ်တို့နာမည် ဆက်ရှိနေမှာဖြစ်တယ်။​—ဗျာဒိတ် ၂၀:၁၂