မာတိကာဆီ ကျော်သွား

အလိုလို ဖြစ်လာနိုင်ပါ့မလား

ဂန္နက်ငှက်ရဲ့ ဒိုင်ဗင်ထိုးနိုင်စွမ်း

ဂန္နက်ငှက်ရဲ့ ဒိုင်ဗင်ထိုးနိုင်စွမ်း

 ဂန္နက်ငှက်တွေဟာ ပင်လယ်ပျော် ငှက်ကြီးတွေပါ။ ပင်လယ်ရေမျက်နှာပြင်ကို တစ်နာရီ ၁၁၈ မိုင် (၁၉၀ ကီလိုမီတာ) နှုန်းနဲ့ ဒိုင်ဗင်ထိုးဆင်းတတ်ကြတယ်။ ဂန္နက်ငှက် ဒိုင်ဗင်ထိုးတဲ့ အရှိန်ဟာ ကမ္ဘာ့ဆွဲငင်အားထက် အဆ ၂၀ ကျော်ပိုများနိုင်တယ်။ ဒီလို အရှိန်ပြင်းပြင်း ဒိုင်ဗင် အကြိမ်ကြိမ်ထိုးပေမဲ့လည်း ဘယ်လိုကြောင့် အသက်ရှင် လှုပ်ရှားနိုင်တာလဲ။

 စဉ်းစားကြည့်ပါ– ဂန္နက်ငှက်ဟာ ရေပြင်ကိုမထိခင် တောင်ပံတွေကို မြှားဦးခေါင်း ပုံစံမျိုးဖြစ်အောင် ကိုယ်ခန္ဓာအနောက်ဘက်ကို ဆန့်ထုတ်လိုက်တယ်။ မျက်စိတွေမှာလည်း အကာအကွယ်ပေးတဲ့ အမြှေးပါးတစ်လွှာရှိတယ်။ လည်ပင်းနဲ့ ရင်ဘတ်က အင်္ဂါတွေကို လေဖြည့်လိုက်တဲ့အတွက် အကျသက်သာအောင် အရှိန်သတ်ပေးတဲ့ လေအိတ်တွေလို ဖြစ်သွားတယ်။

 ဂန္နက်ငှက် သမုဒ္ဒရာ မျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်သွားချိန်မှာ နှုတ်သီး၊ ဦးခေါင်းနဲ့ လည်ပင်းဟာ ကတော့ပုံစံမျိုး ဖြစ်နေတယ်။ ဒီပုံစံကြောင့် ရေဖိအားက ကြွက်သားတစ်ခုပေါ်ကိုပဲ မသက်ရောက်ဘဲ လည်ပင်းကြွက်သားအားလုံးပေါ် သက်ရောက်သွားတယ်။ ချက်ချင်းဆိုသလိုပဲ ဂန္နက်ငှက်ရဲ့ မျက်လုံးတွေဟာ ရေအောက်ကို ပြန်အာရုံစိုက်လိုက်တယ်။

 ဂန္နက်ငှက်ဟာ ရေအနက် ဘယ်လောက်အထိ ဒိုင်ဗင်ထိုးနိုင်သလဲ။ ငှက်ရဲ့ အရှိန်နှုန်းက ၃၆ ပေ (၁၁ မီတာ) အနက် နီးပါးအထိ ရောက်နိုင်တယ်။ တောင်ပံရဲ့ အကူအညီ၊ ရေယက်ပြားတွေပါတဲ့ ခြေထောက်ရဲ့ အကူအညီနဲ့ အဲဒီထက်ပိုနက်တဲ့အထိ ရောက်နိုင်တယ်။ တကယ်တော့ ဂန္နက်ငှက်တွေဟာ သမုဒ္ဒရာ ရေမျက်နှာပြင်အောက် ၈၂ ပေ (၂၅ မီတာ) ကျော်အထိ ရောက်အောင် ဒိုင်ဗင်ထိုးနိုင်တာ တွေ့ရတယ်။ ဒိုင်ဗင်ထိုးပြီးသွားတဲ့အခါ ဘာခွန်အားမှ သုံးစရာမလိုပဲ ရေမျက်နှာပြင်ပေါ် ပြန်ပေါ်လာပြီး ပျံသန်းဖို့ အသင့်ဖြစ်နေတယ်။

 သုတေသီတွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အထောက်အကူပြုမယ့် စက်ရုပ်ဂန္နက်ငှက်တွေကို ဒီဇိုင်းဆွဲ တီထွင်ခဲ့ကြတယ်။ အဲဒီစက်ရုပ်တွေဟာ ပျံသန်းနိုင်၊ ရေထဲ ဒိုင်ဗင်ထိုးနိုင်၊ ပြီးတဲ့နောက် လေထဲ ပျံတက်သွားနိုင်မယ်လို့ မျှော်လင့်ထားကြတယ်။ ဒါပေမဲ့ စက်ရုပ်ဂန္နက်ငှက်တွေကို စမ်းသပ်ဒိုင်ဗင်ထိုးစေတဲ့အခါ ငှက်တစ်ကောင်ဟာ ရေမျက်နှာပြင်ကို ထိတဲ့အရှိန်ပြင်းလွန်းလို့ ကျိုးပဲ့ပျက်စီးတာ အကြိမ်ကြိမ် ရှိခဲ့တယ်။ ဒါကြောင့် သုတေသီတွေက မိမိတို့ တီထွင်ထားတဲ့ငှက်ဟာ “ဂန္နက်ငှက် ဒိုင်ဗင်ထိုးတာကို မမီနိုင်ဘူး” လို့ ကောက်ချက်ရပါတော့တယ်။

 ဘယ်လို ထင်ပါသလဲ။ ဂန္နက်ငှက်ရဲ့ ဒိုင်ဗင်ထိုးနိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြု ဖန်တီးထားတာလား။

 ဂန္နက်ငှက် ဒိုင်ဗင်ထိုးပုံကို ကြည့်ပါ