မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း လေး

“အမေသွားတဲ့နေရာကို ကျွန်မလိုက်မယ်”

“အမေသွားတဲ့နေရာကို ကျွန်မလိုက်မယ်”

၁၊ ၂။ (က) ရုသ​နဲ့ နောမိ​တို့ သွား​နေတဲ့​ခရီး​နဲ့ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှု​ကို ပြောပြပါ။ (ခ) ရုသ​နဲ့ နောမိ​တို့ သွားတဲ့​ခရီး​က တူ​ပေမဲ့ မတူတာ​က ဘာလဲ။

ရုသ​နဲ့ နောမိ​ဟာ လေ​တ​ဟူးဟူး တိုက်​နေတဲ့ မောဘ​ကုန်းပြင်မြင့်​က လမ်းပေါ်မှာ လမ်းလျှောက်​နေတယ်။ အခု အဲဒီ လွင်ပြင်ကျယ်​ကြီး​ထဲမှာ သူတို့​နှစ်ယောက်​ပဲ ရှိတယ်။ ညနေစောင်း​နေပြီ​ဖြစ်လို့ အိပ်စက်​အနားယူဖို့ နေရာ​တစ်​နေရာ ရှာ​ရင်​ကောင်းမလား​လို့ ယောက္ခမ​နောမိ​ကို ကြည့်ပြီး စဉ်းစား​နေတဲ့ ရုသ​ကို မြင်ယောင်​ကြည့်​လိုက်ပါ။ ရုသ​က နောမိ​ကို သိပ်​ချစ်လို့ သူ့​အတွက် ဘာမဆို လုပ်ပေး​ချင်တယ်။

သူတို့​နှစ်ယောက်စလုံး ပူဆွေး​သောက ရောက်နေ​ကြတယ်။ နောမိ​ဟာ မုဆိုးမ​ဖြစ်တာ နှစ်​အတော်​ကြာပြီ။ သား​နှစ်ယောက်​ဖြစ်တဲ့ ခိလျုန်​နဲ့ မဟာ​လု​န်​လ​ည်း သိပ်​မကြာခင်​က ဆုံးပါး​သွား​တော့ ဝမ်းနည်းပူဆွေး ရ​ပြန်တယ်။ ရုသလည်း သူ့​ယောက်ျား မဟာ​လု​န် သေဆုံးသွားလို့ ဝမ်းနည်းပူဆွေး​နေတယ်။ သမီး​ယောက္ခမ​နှစ်ယောက်စလုံးဟာ အစ္စရေး​ပြည်​က ဘက်သလီဟင်မြို့​ဆီ​ကို အတူတူ သွား​နေ​ကြတယ်။ ခရီး​က တူ​ပေမဲ့ ခံစားချက်​ချင်း​ကတော့ မတူကြဘူး။ နောမိ​က သူ့ရဲ့ ဇာတိမြေ​ကို သွား​နေတာ။ ရုသ​ကတော့ သူ​ကိုးကွယ်တဲ့ ဘုရားတွေနဲ့ သူ့ရဲ့ ဆွေမျိုး၊ နိုင်ငံ၊ ဓလေ့​ထုံးစံတွေ အားလုံးကို ထားရစ်​ခဲ့​ပြီး သူစိမ်း​နယ်မြေ​ကို အရဲစွန့်​သွား​နေရတာ။ရုသ ၁:၃-၆ ကိုဖတ်ပါ။

၃။ ဘယ်​မေးခွန်းတွေရဲ့ အဖြေ​က ရု​သရဲ့ ယုံကြည်ခြင်းကို အတု​ယူဖို့ ကူညီပေး​မလဲ။

ရုသဟာ ဘာကြောင့် အရဲစွန့်​ပြီး သွား​နေတာလဲ။ ရုသ​အနေနဲ့ ဘဝ​သစ်​စပြီး နောမိ​ကို စောင့်ရှောက်​ဖို့ ဘယ်​ကနေ ခွန်အားရ​မလဲ။ အဖြေတွေကို သိလာတဲ့​အခါ မောဘ​ပြည်သူ ရုသရဲ့ ယုံကြည်ခြင်းက​နေ အတုယူ​စ​ရာ အများကြီး တွေ့ရလိမ့်မယ်။ (“ လက်ရာမြောက်​တဲ့ စာပေ” ဆိုတဲ့ လေးထောင့်ကွက်​ကိုလည်း ကြည့်ပါ။) အရင်ဆုံး၊ ဘက်သလီဟင်​မြို့ကို ဦးတည်​နေတဲ့ လမ်းပေါ်မှာ အဲဒီ​အမျိုးသမီး​နှစ်ယောက် ဘယ်လို ရောက်နေ​သလဲ​ဆိုတာ ကြည့်ကြရအောင်။

အဖြစ်ဆိုး ကြုံရပြီး ဖရိုဖရဲ​ဖြစ်သွားတဲ့ မိသားစု

၄၊ ၅။ (က) နောမိ​တို့​မိသားစု ဘာကြောင့် မောဘ​ပြည်​ကို ပြောင်းရွှေ့​သွား​သလဲ။ (ခ) မောဘ​ပြည်မှာ နောမိ ဘာ​အခက်အခဲ​တွေ ကြုံတွေ့ခဲ့ရသလဲ။

ပင်လယ်သေ​ရဲ့ အရှေ့ဘက်မှာ​ရှိတဲ့ မောဘ​ပြည်မှာ ရုသ ကြီးပြင်း​လာတယ်။ သစ်တော​တွေ ကွက်တိ​ကွက်​ကြား ဖုံးလွှမ်း​နေတဲ့ အဲဒီ​ဒေသရဲ့ ကုန်းမြင့်​တွေ​ကြားမှာ နက်ရှိုင်း​တဲ့ လျှိုမြောင်​တွေ ရှိတယ်။ အစ္စရေး​ပြည်မှာ အငတ်ဘေး​ဆိုက်​နေတဲ့ အချိန်မှာတောင် “မောဘ​ပြည်” မှာ​တော့ အစာရေစာ ပေါများ​တ​ယ်။ အဲဒါက မဟာ​လု​န်​နဲ့ ရုသ​တို့ တွေ့ပြီး လက်ထပ်​ဖို့ ဖြစ်​စေခဲ့တယ်။—ရု. ၁:၁

အစ္စရေး​ပြည်မှာ အငတ်ဘေး ဆိုက်​နေလို့ နောမိ​ရဲ့​ခင်ပွန်း ဧလိမလက်​ဟာ သူ့​ဇနီးနဲ့ သား​နှစ်ယောက်ကို​ခေါ်ပြီး မောဘ​ပြည်မှာ သွား​နေထိုင်ဖို့ ဆုံးဖြတ်​ခဲ့​တ​ယ်။ အဲဒီလို ပြောင်းရွှေ့​လို့ သူတို့​တစ်ဦးစီ​အတွက် ယုံကြည်ခြင်း စမ်းသပ်မှုတွေ ပေါ်လာ​မှာ​ပဲ။ ဘာကြောင့်လဲ​တော့ အစ္စရေး​လူတွေဟာ ယေဟောဝါ​ဘုရား သတ်မှတ်​ထားတဲ့ နေရာကို မှန်မှန်​သွားပြီး ဝတ်ပြု​ရတယ်။ (တရား. ၁၆:၁၆၊ ၁၇) နောမိ​ဟာ သူ့ရဲ့​ယုံကြည်ခြင်း ခိုင်မြဲ​နေဖို့ လုပ်ဆောင်​နိုင်ခဲ့တယ်။ ဒါပေမဲ့ ခင်ပွန်း ဆုံးပါး​သွားတဲ့အခါ သူ့​ခမျာ ဝမ်းနည်းပူဆွေး​ရ​ရှာတယ်။—ရု. ၁:၂၊ ၃

၆၊ ၇။ (က) သား​နှစ်ယောက် မောဘ​အမျိုးသမီး​တွေ​နဲ့ အိမ်ထောင်ပြု​သွားတဲ့အခါ နောမိ ဘာကြောင့်​ စိုးရိမ်​ခဲ့​နိုင်သလဲ။ (ခ) ချွေးမ​တွေ​နဲ့ နောမိ ဆက်ဆံပုံ​က ဘာကြောင့် ချီးကျူး​စ​ရာ​ကောင်း​သလဲ။

နောက်ပိုင်း သား​နှစ်ယောက်စလုံး မောဘ​အမျိုးသမီး​တွေ​နဲ့ အိမ်ထောင်ကျ​တဲ့အခါ နောမိ ဝမ်းနည်း​ခဲ့​မှာ သေချာတယ်။ (ရု. ၁:၄) အစ္စရေးတွေရဲ့ ဘိုးဘေး အာဗြဟံ​ဟာ ယေဟောဝါ​ဘုရားကို ဝတ်ပြုသူ​တွေ​ထဲ​က​ပဲ သား အိဇက်​အတွက် ဇနီး ရှာဖွေ​ပေးခဲ့တာကို နောမိ သိထားတယ်။ (က. ၂၄:၃၊ ၄) နောက်ပိုင်းမှာ တခြား​ဘုရားတွေကို ဝတ်ပြု​သွားမှာ​စိုးလို့ ကိုယ့်ရဲ့​သားသမီးတွေကို လူမျိုးခြားတွေ​နဲ့ မပေး​စားဖို့ မောရှေ​ပညတ်​က အစ္စရေး​လူတွေကို တားမြစ်​ထားတယ်။—တရား. ၇:၃၊ ၄

ဒါပေမဲ့ မဟာ​လု​န်​နဲ့ ခိလျုန်​တို့ဟာ မောဘ​အမျိုးသမီး​တွေ​နဲ့ လက်ထပ်ခဲ့​ကြတယ်။ နောမိ​ဟာ စိုးရိမ်​ပြီး စိတ်ပျက်​ခဲ့ရင်​တောင် သူ့​ချွေးမ ရုသ​နဲ့ သြရပ​ကို ချစ်ခင်​ကြင်နာစွာ ဆက်ဆံ​ခဲ့​မှာ သေချာတယ်။ တစ်နေ့ကျရင် ချွေးမ​တွေ​လ​ည်း ယေဟောဝါကို ဝတ်ပြု​ကိုးကွယ်​လာလိမ့်မယ်​လို့ မျှော်လင့်​ထား​ပုံ​ရတယ်။ ဘာပဲ​ဖြစ်ဖြစ် ချွေးမ​နှစ်ယောက်စလုံး​က နောမိ​ကို ချစ်​ကြတယ်။ ယောက္ခမနဲ့ ချွေးမ​တွေ ချစ်ခင်​ရင်းနှီးမှု ရှိလို့ အဖြစ်ဆိုး ကြုံရတဲ့​အခါ ခံနိုင်ရည်ရှိခဲ့ကြတယ်။ ချွေးမ​တွေဟာ ကလေး​မရ​ခင်မှာ​ပဲ မုဆိုးမ​တွေ ဖြစ်သွားကြတယ်။—ရု. ၁:၅

၈။ ယေဟောဝါ​ဘုရားနဲ့ ရင်းနှီး​လာဖို့ ရုသ​ကို ဘာက ကူညီ​ပေးနိုင်​သလဲ။

အရင်​ဘာ​သာ​တရား​က အဲဒီ​အဖြစ်​ဆိုး​ကို ခံရပ်​နိုင်​အောင် ရုသ​ကို ကူညီ​ပေး​ခဲ့​သလား။ ကူညီ​ပေး​နိုင်​ခဲ့​ပုံ မရဘူး။ မောဘ​ပြည်သား​တွေဟာ ဘုရား​အများကြီး​ကို ကိုးကွယ်​ကြတယ်။ အဲဒီ​ထဲမှာ အကြီးဆုံး​က ခေမုရှ​ဘုရား​ပဲ။ (တော. ၂၁:၂၉) အဲဒီ​အချိန်​တုန်း​က မောဘ​ဘာ​သာ​တရား​မှာ က​လေး​ယဇ်​ပူ​ဇော်​ခြင်း အ​ပါ​အဝင် ရက်​စက်​ကြမ်း​ကြုတ်​တဲ့ အလေ့​အ​ထ​တွေ ရှိ​ပုံ​ရတယ်။ အဲဒါကြောင့် အစ္စရေးတွေရဲ့ မေတ္တာ​ကရုဏာ​ရှိတဲ့ ဘုရားသခင် ယေဟောဝါ​အကြောင်း မဟာ​လု​န် ဒါမှမဟုတ် နောမိ​ဆီကနေ ရုသ ကြားရ​တဲ့​အခါ မောဘ​ဘုရား​နဲ့ တ​ခြား​စီ​ပဲ​ဆို​တာ သိ​လာ​တ​ယ်။ ယေဟောဝါ​ဘုရားဟာ မ​ခြောက်လှန့်​ဘဲ မေတ္တာနဲ့ အုပ်ချုပ်တယ်။ (တရားဟောရာ ၆:၅ ကိုဖတ်ပါ။) ခင်ပွန်း​ဆုံးသွားတဲ့​နောက်မှာ ရုသဟာ နောမိ​နဲ့ ပိုပြီး ရင်းနှီး​လာ​ပုံ​ရတယ်။ ယေဟောဝါ​ဘုရား​အကြောင်း၊ ကိုယ်တော်ရဲ့ အံ့သြစရာ​ကောင်းတဲ့ လုပ်ရပ်တွေ​အကြောင်း၊ လူတွေနဲ့ ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ ဆက်ဆံ​တဲ့​အကြောင်း နောမိ ပြော​ပြတာ​တွေ​ကို ပို​ပြီး နားထောင်​ချင်​လာ​မှာ​ပဲ။

ဝမ်းနည်း​ကြေကွဲ​နေချိန်မှာ ရုသဟာ နောမိ​အနားကနေ တစ်​ဖဝါး​မှ မခွာ​ဘဲ​နေခဲ့

၉-၁၁။ (က) နောမိ၊ ရုသ​နဲ့ သြရပ​တို့ ဘာလုပ်ဖို့ ဆုံးဖြတ်လိုက်​ကြသလဲ။ (ခ) နောမိ၊ ရုသ​နဲ့ သြရပ​တို့ ကြုံတွေ့ရတဲ့ အဖြစ်ဆိုး​တွေ​ကနေ ဘာ​သိရသလဲ။

နောမိ​ကတော့ သူ့​ဇာတိမြေ​က သတင်းတွေကို​ပဲ နားစွင့်​နေတယ်။ တစ်နေ့မှာ​တော့ ခရီးသွား ကုန်သည်​တစ်ယောက်​ဆီကနေ အစ္စရေး​ပြည်မှာ အငတ်ဘေး မရှိတော့ဘူး၊ ယေဟောဝါ​ဘုရားက အစ္စရေး​လူတွေကို ပြန်​ကူညီ​ထောက်မ​နေပြီ​လို့ ကြားလိုက်​တာ ဖြစ်နိုင်တယ်။ “စပါးကျီ” လို့ အဓိပ္ပာယ်​ရှိတဲ့ ဘက်သလီဟင်​ဟာ နာမည်​နဲ့​လိုက်​အောင် ပြန်ဖြစ်​နေပြီ။ အဲဒါနဲ့ နောမိ​က ဇာတိမြေ​ကို ပြန်​ဖို့ ဆုံးဖြတ်​လိုက်တယ်။—ရု. ၁:၆

၁၀ ရုသ​နဲ့ သြရပ​တို့ ဘာလုပ်ကြမလဲ။ (ရု. ၁:၇) ယောက်ျား​တွေ သေဆုံးသွားလို့ သူတို့ဟာ နောမိ​နဲ့ ပို​ရင်းနှီး​လာကြတယ်။ နောမိ​ရဲ့ ကြင်နာမှု​နဲ့ ခိုင်မြဲ​တဲ့ ယုံကြည်ခြင်းက အထူးသဖြင့် ရုသ​ကို နောမိ​နဲ့ ပို​ချစ်ခင်​ရင်းနှီး လာ​စေ​ပုံ​ရတယ်။ ဒါနဲ့ မုဆိုးမ​သုံးယောက်စလုံး ယုဒပြည်​ကို အတူတူ ခရီးထွက်​လာ​ခဲ့​ကြတယ်။

၁၁ ရိုးသား​ဖြောင့်မတ်တဲ့​လူတွေ​ရော ဆိုးသွမ်းတဲ့​လူတွေပါ အဖြစ်ဆိုး​တွေ ကြုံရ​တတ်တယ်လို့ ရုသ​ကျမ်းက သတိ​ပေးတယ်။ (ဒေ. ၉:၂၊ ၁၁) မခံရပ်​နိုင်​လောက်​တဲ့ ဆုံးရှုံးမှု ရင်ဆိုင်​ရတဲ့အခါ တခြား​သူတွေ၊ အထူးသဖြင့် ယေဟောဝါ​ဘုရားကို မှီခို​အားကိုး​သူတွေဆီ​ကနေ အားပေး​နှစ်သိမ့်မှု ရယူ​တာ​က ပညာ​ရှိတယ်ဆိုတာ​ကိုလည်း ဒီ​ကျမ်းက​နေ သိရတယ်။—ပညာ. ၁၇:၁၇

ရုသ​ပြခဲ့တဲ့ ခိုင်မြဲ​တဲ့​မေတ္တာ

၁၂၊ ၁၃။ နောမိ​က ရုသ​နဲ့ သြရပ​တို့ကို သူနဲ့​လိုက်မယ့်​အစား အိမ်ပြန်​ဖို့ ဘာကြောင့် ပြောသလဲ။ အစမှာ ချွေးမ​နှစ်ယောက်စလုံး ဘယ်လို​တုံ့ပြန်​သလဲ။

၁၂ မုဆိုးမ​သုံးယောက် ခရီး​အတော်ဝေးဝေး ရောက်သွားတဲ့​အခါ နောမိ​ဟာ နောက်​တစ်မျိုး စိုးရိမ်​ရ​ပြန်တယ်။ သူ့​ဘေးမှာ​ရှိတဲ့ ချွေးမ​နှစ်ယောက်​အကြောင်း၊ သူနဲ့ သား​နှစ်ယောက်ကို သူတို့​ပြခဲ့တဲ့ မေတ္တာ​အကြောင်း စဉ်းစား​မိတယ်။ ချွေးမ​တွေ ထပ်​ကြုံရမယ့် ဒုက္ခတွေကို တွေး​ပြီး စိုးရိမ်​မိ​ပြန်တယ်။ သူတို့ နေရင်းပြည်​ကို စွန့်ပြီး သူ့​နောက် လိုက်​လာမယ်​ဆိုရင် ဘက်သလီဟင်​မြို့မှာ သူတို့​အတွက် ဘာလုပ်​ပေးနိုင်​မှာ​လဲ။

၁၃ နောက်ဆုံး၊ နောမိ​က “သမီးတို့၊ ကိုယ့်​အမေ​အိမ်ကို ပြန်​ကြပါ။ သမီးတို့​က သေဆုံးသွားတဲ့ ကိုယ့်​ယောက်ျားကို​ရော အမေ့ကို​ပါ ခိုင်မြဲ​တဲ့ မေတ္တာပြ​ခဲ့​သလို ယေဟောဝါ​ဘုရားကလည်း သမီးတို့​ကို ခိုင်မြဲ​တဲ့​မေတ္တာပြ​ပါစေ” လို့​ပြောတယ်။ ဒါ့အပြင် နောက်​အိမ်ထောင်ပြု​ပြီး ဘဝ​သစ် ထူထောင်​နိုင်ဖို့ ယေဟောဝါ​ဘုရား ကူညီ​ပေးပါစေ​လို့​လ​ည်း ဆုမွန်​ကောင်း တောင်းပေး​လိုက်တယ်။ အဲဒီနောက် နောမိ​က သူတို့ကို “နမ်း​တဲ့အခါ သူတို့ အကြီးအကျယ် ငို​ကြတယ်” လို့​မှတ်တမ်းက ဆိုတယ်။ ကြင်နာ​တတ်​ပြီး တစ်​ကောင်း​မ​ဆန်​တဲ့ နောမိ​ကို ရုသ​နဲ့ သြရပ​တို့ ဘာကြောင့် ဒီလောက် ချစ်ခင်​တွယ်တာ​ကြတယ်ဆိုတာ သိမြင်​နိုင်ပါတယ်။ သူတို့​နှစ်ယောက်စလုံး​က “မပြန်​ပါရစေ​နဲ့ အမေ​ရ​ယ်။ အမေနဲ့​အတူ အမေ့​လူမျိုး​ဆီ လိုက်ပါ​ရစေ” လို့ အထပ်ထပ် ပြော​နေ​ကြတယ်။—ရု. ၁:၈-၁၀

၁၄၊ ၁၅။ (က) ဘယ်သူတွေ​ဆီ သြရပ ပြန်သွား​သလဲ။ (ခ) ရုသလည်း ပြန်​လိုက်သွား​ဖို့ နောမိ ဘယ်လို ဖျောင်းဖျ​သလဲ။

၁၄ သူတို့​ပြောတာကို နောမိ လွယ်လွယ်နဲ့ လက်မခံ​ခဲ့​ဘူး။ သူ့​မှာ ထောက်ပံ့​ပေး​မ​ယ့် ခင်ပွန်း​သ​ည်​လ​ည်း မရှိ၊ သူတို့​ကို လက်​ထပ်​ပေး​ဖို့ သား​တွေ​လ​ည်း မရှိ၊ ဘာ​ဆို​ဘာ​မှ မျှော်​လင့်​စရာ မရှိ​တော့​လို့ အစ္စရေး​ပြည်​မှာ သူတို့​အတွက် ဘာ​မှ​မ​လုပ်​ပေး​နိုင်​ဘူး ​ဆို​ပြီး နော​မိ အကျိုး​အကြောင်း​ပြောပြီး ရှင်းပြတယ်။ သူတို့ကို မစောင့်ရှောက်​ပေးနိုင်​လို့ တကယ်​စိတ်မကောင်း​ဘူးလို့​လ​ည်း ပြောတယ်။ မောဘ​ပြည်မှာ သြရပ​ရဲ့ မိခင်နဲ့ ဆွေမျိုးသားချင်း​တွေ စောင့်ကြို​နေမှာ​ဖြစ်လို့ နောမိ​ရဲ့​စကားကို သြရပ လက်ခံ​လိုက်တယ်။ မောဘ​ပြည်မှာ နေရစ်ခဲ့​တာ​က သူ့​အတွက် ပိုပြီး လက်တွေ့ကျ​ပုံ​ပဲ။ ဒါနဲ့ သြရပ​ဟာ စိတ်မကောင်း​ပေမဲ့ နောမိ​ကို နမ်း​ပြီး ပြန်​သွားတယ်။—ရု. ၁:၁၁-၁၄

၁၅ ရုသ​က​ကော။ နောမိ​ရဲ့ အကြောင်းပြချက်​တွေ​က သူနဲ့​လ​ည်း သက်ဆိုင်တာ​ပဲ။ ဒါပေမဲ့ “ရုသ​ကတော့ အနားကနေ မခွာ​ဘူး။” ခရီးဆက်​ခဲ့​တဲ့ နောမိ​ဟာ သူ့​နောက်မှာ ရုသ တ​ကောက်​ကော​က် လိုက်​လာတာကို သတိပြုမိ​လိုက်တယ်။ ဒါနဲ့ နောမိ​က “အမေ့​ချွေးမ တစ်ယောက်ကတော့ ကိုယ့်လူမျိုး၊ ကိုယ့်​ဘုရားတွေဆီ ပြန်​သွားပြီ။ သမီးလည်း လိုက်​သွားပါ” လို့​ပြောတယ်။ (ရု. ၁:၁၅) နောမိ​ရဲ့ စကားတွေက​နေ အရေးကြီးတဲ့ အချက်တစ်ချက်​ကို သိရတယ်။ သြရပ​ဟာ သူ့ရဲ့ ဆွေမျိုးသားချင်း​တွေ​ဆီ​ကို သာမက သူ့ရဲ့ “ဘုရား” တွေ​ဆီ​ကို​ပါ ပြန်သွား​တာ​ဖြစ်တယ်။ ခေမုရှ​ဘုရားနဲ့ တခြား​ဘုရားတွေကို သူ​ဆ​က်​ဝတ်ပြု​ချင်တယ်။ ရုသ​ကော။

၁၆-၁၈။ (က) ခိုင်မြဲ​တဲ့​မေတ္တာ​ရှိကြောင်း ရုသ ဘယ်လို ဖော်ပြခဲ့သလဲ။ (ခ) ခိုင်မြဲ​တဲ့​မေတ္တာ​အကြောင်း ရုသ​ဆီကနေ ဘာသင်ယူနိုင်သလဲ။ (အမျိုးသမီး​နှစ်ယောက်ရဲ့ ရုပ်ပုံတွေ​ကိုလည်း ကြည့်ပါ။)

၁၆ လူ​ပြတ်​တဲ့ လမ်းမ​ပေါ်မှာ နောမိ​ကို မျက်နှာ​ချင်း​ဆိုင်​ပြီး ရုသ​က နောမိ​နဲ့ နောမိ​ကိုးကွယ်တဲ့ ဘုရားကို ဘယ်လောက်​ချစ်တယ်​ဆိုတာ ခုလို ပြော​ပြတယ်– “အမေ့ကို ထားရစ်ပြီး လှည့်ပြန်​သွားဖို့ မ​တိုက်တွန်း​ပါ​နဲ့။ အမေ​သွားတဲ့ နေရာကို ကျွန်မ​လိုက်မယ်။ အမေ​အိပ်​တဲ့ နေရာမှာ ကျွန်မ​အိပ်​မ​ယ်။ အမေ့​ရဲ့​လူမျိုးဟာ ကျွန်မရဲ့​လူမျိုး။ အမေ့​ရဲ့ ဘုရားသခင်ဟာ ကျွန်မရဲ့ ဘုရားသခင်ပါ​ပဲ။ အမေ​သေ​တဲ့ နေရာမှာ ကျွန်မ​သေပြီး သင်္ဂြိုဟ်​ခံ​ပါ့​မ​ယ်။ သေခြင်းက​လွဲလို့ တခြား​အကြောင်း တစ်ခုခု​ကြောင့် အမေ့ကို ကျွန်မ ခွဲခွာ​ခဲ့​မ​ယ်​ဆိုရင် ကျွန်မကို ယေဟောဝါ​ဘုရား ပြစ်ဒဏ်​တစ်ခု​ပြီး​တစ်ခု ပေးပါစေ။”—ရု. ၁:၁၆၊ ၁၇

“အမေ့​ရဲ့​လူမျိုးဟာ ကျွန်မရဲ့​လူမျိုး။ အမေ့​ရဲ့ ဘုရားသခင်ဟာ ကျွန်မရဲ့ ဘုရားသခင်ပါ​ပဲ”

၁၇ ရု​သရဲ့ စကားတွေက မှတ်သားထိုက်​တ​ယ်။ ဘယ်လောက်ထိ​လဲ​ဆိုရင် သူ​သေဆုံး​ပြီး အနှစ် ၃,၀​၀​၀ ကြာပြီးတဲ့နောက်​မှာ​တောင် လူတွေက သူ့ရဲ့​စကားကို အမှတ်ရနေ​တုန်း​ပါပဲ။ ရုသရဲ့ စကားတွေက တန်ဖိုးရှိ အရည်အသွေး​ဖြစ်တဲ့ ခိုင်မြဲ​တဲ့​မေတ္တာ​အကြောင်း သိရှိစေတယ်။ နောမိ​အပေါ် ထားတဲ့ ရု​သရဲ့​မေတ္တာ​က အလွန်​ခိုင်မြဲ​ပြီး တည်တံ့​တဲ့​အတွက် နောမိ ဘယ်​ကိုပဲ​သွား​သွား နောက်ကနေ တ​ကော​က်​ကော​က် လိုက်​မှာ​ဖြစ်တယ်။ သေခြင်းက​ပဲ သူတို့ကို ခွဲ​နိုင်မယ်။ ရုသဟာ မောဘ​ပြည်​က အရာအားလုံး၊ အဲဒီ​က ဘုရားတွေကို​တောင် စွန့်လွှတ်ဖို့ အသင့်ရှိ​တဲ့​အတွက် နောမိ​ရဲ့​လူမျိုးဟာ ရု​သရဲ့​လူမျိုး ဖြစ်လာ​ရမယ်။ သြရပ​နဲ့ မတူဘဲ ရုသဟာ နောမိ​ဝတ်ပြုတဲ့ ဘုရားသခင် ယေဟောဝါကို သူ့ရဲ့ ဘုရား​အဖြစ် စိတ်နှလုံး​အကြွင်းမဲ့ ကိုးကွယ်​ချင်တယ်​လို့ ပြော​နိုင်ခဲ့တယ်။ *

၁၈ ဒါနဲ့​ပဲ သမီး​ယောက္ခမ​နှစ်ယောက်ဟာ ဘက်သလီဟင်​မြို့ကို ဦးတည်​တဲ့ ခရီးရှည်​ကြီး​ကို ဆက်သွား​ကြတယ်။ အဲဒီ​ခရီး​က တစ်ပတ်လောက်​တော့ ကြာနိုင်တယ်။ သူတို့ဟာ ဝမ်းနည်း​ပူဆွေး နေကြ​ရပေမဲ့ ခရီးသွား​နေရင်း တစ်ယောက်ကို​တစ်ယောက် အတော်အတန် နှစ်သိမ့်​ပေး​နိုင်မယ်​ဆိုတာ သေချာတယ်။

၁၉။ မိသားစုမှာ၊ မိတ်ဆွေ​တွေ​ကြားမှာ၊ အသင်းတော်မှာ ရုသ​လို ခိုင်မြဲ​တဲ့​မေတ္တာကို ဘယ်လို​ပြ​နိုင်မလဲ။

၁၉ အခု​ချိန်မှာလည်း လူ​အတော်များများ ဝမ်းနည်းပူဆွေး​နေကြပါ​တ​ယ်။ “ခက်ခဲ​ကျပ်တည်းမယ်” လို့ သမ္မာကျမ်းစာ ဖော်ပြတဲ့ ဒီ​အချိန်မှာ ဆုံးရှုံးမှု အမျိုးမျိုး​အပြင် ပူဆွေးမှု​တွေ​ပါ ခံစား​နေကြ​ရတယ်။ (၂ တိ. ၃:၁) ဒါကြောင့် ရုသ​ဆီမှာ တွေ့ရတဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ရှိဖို့ ပို​လိုအပ်​လာတယ်။ ခိုင်မြဲ​တဲ့​မေတ္တာ​ဆိုတာ တစ်ဦးတစ်ယောက်​အပေါ် စွဲစွဲမြဲမြဲ ချစ်မြတ်နိုး​တာ​ကို ဆိုလိုတယ်။ အဲဒါက မေတ္တာ​ကင်းမဲ့​တဲ့ ဒီ​လောကမှာ ကောင်းမှုပြု​ဖို့ လှုံ့ဆော်​ပေးတဲ့ အရည်အသွေး​တစ်ခု ဖြစ်တယ်။ အိမ်ထောင်မှာ၊ မိသားစုမှာ၊ မိတ်ဆွေ​တွေ​ကြားမှာ၊ ခရစ်ယာန်​အသင်းတော်မှာ ရှိဖို့လို​တဲ့ အရည်အသွေး​ပါပဲ။ (၁ ယောဟန် ၄:၇၊ ၈၊ ၂၀ ကိုဖတ်ပါ။) ခိုင်မြဲ​တဲ့​မေတ္တာကို မွေးမြူတာ​က ရု​သရဲ့ စံနမူနာ​ကောင်း​ကို အတုယူ​နေတာ​ဖြစ်တယ်။

ရုသ​နဲ့ နောမိ​တို့ ဘက်သလီဟင်​မြို့ ရောက်တဲ့အခါ

၂၀-၂၂။ (က) မောဘ​ပြည်မှာ နောမိ ကြုံခဲ့​တဲ့ အဖြစ်အပျက်​တွေ​ကြောင့် သူ ဘယ်လို​ခံစား​နေရ​သလဲ။ (ခ) နောမိ ခံခဲ့ရတဲ့​ဒုက္ခ​နဲ့ ပတ်သက်ပြီး သူ ဘယ်လို အထင်မှား​နေသလဲ။ (ယာကုပ် ၁:၁၃ ကိုလည်း ကြည့်ပါ။)

၂၀ ခိုင်မြဲ​တဲ့​မေတ္တာကို အပြော​နဲ့ မဟုတ်ဘဲ အလုပ်နဲ့ တင်ပြ​ရမယ်။ ရုသဟာ နောမိ​ကို​သာမက သူ ကိုးကွယ်​ဖို့ ရွေးချယ်​ခဲ့​တဲ့ ယေဟောဝါ​ဘုရား​ကိုလည်း ခိုင်မြဲ​တဲ့​မေတ္တာ​ပြဖို့ အခွင့်အရေး​ရရှိတယ်။

၂၁ နောက်ဆုံး​တော့ သမီး​ယောက္ခမ​နှစ်ယောက်ဟာ ဘက်သလီဟင်​မြို့ကို ရောက်လာ​ပါပြီ။ အဲဒီမြို့​က ဂျေရုဆလင်​မြို့ရဲ့​တောင်ဘက် ခြောက်မိုင်​အကွာ​လောက်​မှာ တည်​ရှိတယ်။ နောမိ ပြန်​ရောက်လာတဲ့​အကြောင်း တစ်မြို့လုံး ပြော​နေကြတာ​ကို​ကြည့်ရင် နောမိ​တို့ မိသားစုဟာ တစ်ချိန်က အဲဒီမြို့​ငယ်​လေးမှာ မြို့​မျက်နှာဖုံး ဖြစ်ခဲ့မယ်​ဆိုတာ သိနိုင်တယ်။ မြို့​ခံ​အမျိုးသမီးတွေဟာ နောမိ​ကို​ကြည့်ပြီး “ဒါ နောမိ​မဟုတ်လား” လို့​မေးကြတယ်။ မောဘ​ပြည်မှာ သွား​နေပြီး ပြန်လာတဲ့ နောမိ​ရဲ့​ပုံစံ​က တော်​တော့်​ကို ပြောင်းလဲ​သွားတယ်။ ဆင်းရဲတဲ့​ဒဏ်​နဲ့ ပူဆွေးမှုဒဏ်​တွေကို သူ့ရဲ့​ရုပ်သွင်​မှာ သိသိသာသာ မြင်တွေ့​နေ​ရတယ်။—ရု. ၁:၁၉

၂၂ နောမိ​ဟာ သူ့ရဲ့​ဘဝ ဘယ်လောက် ခါးသီး​ခဲ့​တ​ယ်​ဆိုတာ နှစ်​အတော်ကြာ အဆက်ပြတ်​နေတဲ့ အိမ်နီးချင်းတွေ၊ ဆွေမျိုးသားချင်း​တွေကို ပြော​ပြတယ်။ “နှစ်သက်ဖွယ်ကောင်း​သူ” လို့ အဓိပ္ပာယ်​ရှိတဲ့ နောမိ​ဆိုတဲ့ နာမည်က​နေ “ခါးသီးခြင်း” လို့ အဓိပ္ပာယ်​ရှိတဲ့ မာ​ရလို့ပဲ ပြောင်း​ခေါ်​သင့်တယ်လို့ နောမိ ခံစား​နေ​ရတယ်။ သနားစရာ​ကောင်းတဲ့ နောမိ​ပါပဲ။ မိမိ​အပေါ် ယေဟောဝါ ဘုရား ဆင်းရဲ​ခက်​ခဲ​မှု​တွေ ကျရောက်​စေ​တ​ယ်​လို့ ယောဘ ထင်​ခဲ့​သလို နော​မိ​လည်း အဲဒီ​လို ထင်နေ​တ​ယ်။—ရု. ၁:၂၀၊ ၂၁။ ယောဘ ၂:၁၀။ ၁၃:၂၄-၂၆

၂၃။ ရုသ ဘာ​တွေးမိ​နိုင်သလဲ။ ဆင်းရဲသား​တွေ​အတွက် မောရှေ​ပညတ်​မှာ ဘာ​အစီအစဉ် ရှိသလဲ။ (အောက်ခြေမှတ်ချက်​ကိုလည်း ကြည့်ပါ။)

၂၃ သမီး​ယောက္ခမ​နှစ်ယောက် ဘက်သလီဟင်​မြို့မှာ အခြေချ​လိုက်တာနဲ့ ရုသ​ခေါင်း​ထဲ​မှာ သူ​နဲ့ နော​မိ ဘယ်လို ရပ်တည်​ကြ​မလဲ​ဆို​တဲ့ အတွေး​ဝင်​လာ​တ​ယ်။ အစ္စရေး​လူတွေကို ယေဟောဝါ​ဘုရား ပေးထားတဲ့ ပညတ်​ထဲမှာ ဆင်းရဲသား​တွေ​အတွက် မေတ္တာ​ပါတဲ့ အစီအစဉ်​တစ်ခု ရှိတယ်ဆိုတာ ရုသ သိလာတယ်။ ရိတ်သိမ်းချိန်​ကျရင် ဆင်းရဲသား​တွေဟာ လယ်ကွက်​တွေ​ဆီ သွားပြီး ရိတ်သိမ်း​သူတွေ နောက်ကနေ ကောက်သင်း​ကော​က်​ခွင့် ရှိတယ်။ သူတို့ ကျန်​ခဲ့​တဲ့ ကော​က်​ပင်​တွေ၊ လယ်ကွက် ထောင့်​နား​တွေ​က ကော​က်​ပင်​တွေကို ရိတ်သိမ်း​ခွင့်​ရှိတယ်။ *ဝတ်. ၁၉:၉၊ ၁၀။ တရား. ၂၄:၁၉-၂၁

၂၄၊ ၂၅။ ဗောဇ​ရဲ့ လယ်ကွက်​ဆီ အမှတ်မထင် ရောက်သွားတဲ့အခါ ရုသ ဘာ​လုပ်သလဲ။ ကောက်သင်း​ကော​က်​တဲ့​အလုပ်​ဟာ ဘယ်လို​အလုပ်​မျိုး​လဲ။

၂၄ အဲဒီ​အချိန်​က မုယော​စပါး ရိတ်သိမ်းချိန် ဖြစ်တယ်။ အခုခေတ် ပြက္ခဒိန်​အရ ဧပြီလ ဖြစ်နိုင်တယ်။ ဒါနဲ့ ရုသ​က လယ်ကွက်​တွေ​ဆီ သွားပြီး သူ့ကို ဘယ်သူ ကောက်သင်း​ကော​က်​ခွင့် ပေး​မလဲ​လို့ လိုက်​ရှာတယ်။ အဲဒီအခါ ဗောဇ​လို့​ခေါ်တဲ့ အမျိုးသား​တစ်ယောက်ရဲ့ လယ်ကွက်​တွေ​ဆီ အမှတ်မထင် ရောက်​သွားတယ်။ အဲဒီ​အမျိုးသား​က ချမ်းသာတဲ့ မြေပိုင်ရှင်​ဖြစ်ပြီး နောမိ​ရဲ့ သေဆုံးသွားတဲ့​ခင်ပွန်း ဧလိမလက်​နဲ့​လ​ည်း ဆွေမျိုး​တော်တယ်။ မောရှေ​ပညတ်​အရ ရုသဟာ ကောက်သင်း​ကော​က်​ခွင့်​ရှိပေမဲ့ ကောက်​ရိတ်​သမား ခေါင်းဆောင်​လူငယ်​ဆီ သွားပြီး ခွင့်ပြုချက် တောင်းခဲ့တယ်။ ခွင့်ပြုချက်​ရတာ​နဲ့ ကောက်သင်း​ကော​က်​တော့​တ​ယ်။—ရု. ၁:၂၂–၂:၃၊ ၇

၂၅ ရိတ်သိမ်း​သူတွေ​နောက်ကနေ လိုက်ပြီး ကောက်သင်း​ကောက်နေ​တဲ့ ရုသ​ကို မြင်ယောင်​ကြည့်ပါ။ ရိတ်သိမ်း​သူတွေက တံစဉ်​နဲ့​ရိတ်​ပြီး ကျ​ကျန်​ခဲ့​တဲ့ ဒါမှမဟုတ် ချန်​ခဲ့​တဲ့ ကောက်နှံ​တွေကို ရုသ လိုက်​ကောက်သိမ်း​ပြီး စည်း​လိုက်တယ်။ ပြီးတော့ ကောက်နှံ​တွေကို ရိုက်​ခြွေ​မ​ယ့်​နေရာ​ဆီ ယူ​သွားတယ်။ ကောက်သင်း​ကော​က်​ရတဲ့ အလုပ်​ဟာ အချိန်ကုန်​ပြီး ပင်ပန်း​တဲ့​အ​လုပ်ပါ။ နေမြင့်​လေ ပင်ပန်း​လေ​ပဲ။ ဒါပေမဲ့ ရုသဟာ မနားတမ်း ဆ​က်​ကော​က်​တ​ယ်။ နဖူး​ပေါ်​က ချွေးတွေကို သုတ်​ဖို့၊ အလုပ်သမားတွေ​နား​တဲ့ တဲ​မှာ နေ့လယ်​စာ​စားဖို့​လောက်​ပဲ ခဏနား​တ​ယ်။

ရုသဟာ ကိုယ်​ကိုယ်တိုင်နဲ့ နောမိ​အတွက် ပင်ပန်းခက်ခဲ​ပြီး နိမ့်ကျတဲ့​အလုပ်ကို လုပ်ချင်စိတ်​ရှိ

၂၆၊ ၂၇။ ဗောဇ​က ဘယ်လို လူစားမျိုး​လဲ။ ရုသ​ကို ဘယ်လို ဆက်ဆံ​ခဲ့သလဲ။

၂၆ ရုသဟာ သူ့ကို လူတွေ သတိပြုမိ​လိမ့်မယ်လို့ မထင်​ဘူး။ ဒါပေမဲ့ ဗောဇ​က ရုသ​ကို သတိပြုမိ​ပြီး ခေါင်းဆောင်​လူငယ်​ကို ရုသ​အကြောင်း မေးတယ်။ အလွန်​ထူးခြားတဲ့ ယုံကြည်ခြင်း​ရှိသူ ဗောဇ​ဟာ သူ့​လယ်​တွေ​ထဲ​က အလုပ်သမားတွေကို “မင်းတို့နဲ့​အတူ ယေဟောဝါ​ဘုရား ရှိပါစေ” လို့ နှုတ်ဆက်​တတ်တယ်။ အဲဒီ အလုပ်သမားတွေ​ထဲမှာ နေ့​စား​အလုပ်သမားတွေ​အပြင် လူမျိုးခြားတွေ​လ​ည်း ရှိတယ်။ သူတို့က​လ​ည်း ဗောဇ​ကို အဲဒီလိုပဲ ပြန်​နှုတ်ဆက်​ကြတယ်။ ယေဟောဝါ​ဘုရားကို​ချစ်တဲ့ အသက်ကြီးသူ ဗောဇ​ဟာ ရုသ​ကို သမီး​တစ်ယောက်လို စိတ်ဝင်စား​ခဲ့​တ​ယ်။—ရု. ၂:၄-၇

၂၇ ဗောဇ​ဟာ ရုသ​ကို “ငါ့ သမီး” လို့​ခေါ်ပြီး သူ့​လယ်​မှာ ကောက်သင်း​ကောက်ဖို့၊ တခြား အလုပ်သမားတွေ မနှောင့်ယှက်​အောင် အလုပ်​သ​မ​တွေ အနားမှာ​ပဲ နေဖို့ မှာ​ထားတယ်။ ရုသ​အတွက် နေ့​လယ်​စာ​လ​ည်း စီ​စဉ်​ပေး​တ​ယ်။ (ရုသ ၂:၈၊ ၉၊ ၁၄ ကိုဖတ်ပါ။) အဲဒီအပြင် ရုသ​ကို ချီးမွမ်း​ပြီး အားပေးခဲ့တယ်။ ဘယ်လို​နည်းနဲ့လဲ။

၂၈၊ ၂၉။ (က) ရုသဟာ ဘယ်လို​နာမည်ကောင်း ရထားသလဲ။ (ခ) ရုသ​လို သင်လည်း ယေဟောဝါ​ဘုရားကို ဘယ်လို ခိုလှုံ​နိုင်သလဲ။

၂၈ လူမျိုးခြား​ဖြစ်တဲ့ သူ့ကို ဘာကြောင့် ဒီလို​ဂရုစိုက်​ပြီး မျက်နှာသာ​ပေးတာ​လဲ​လို့ ဗောဇ​ကို ရုသ မေးတယ်။ အဲဒီအခါ ဗောဇ​က ယောက္ခမ​နောမိ​အတွက် ရုသ လုပ်ပေး​ခဲ့​သ​မျှ​ကို သူ ကြားတယ်​လို့ ပြန်​ဖြေတယ်။ ချစ်​ရတဲ့ ချွေး​မ​အကြောင်း ဘက်​သ​လီ​ဟ​င်​မြို့​သူ​တွေ​ကို နော​မိ​ပြော​ပြခဲ့​လို့ ဗော​ဇ​လ​ည်း ဒီ​အကြောင်း​တွေ​ကို တစ်ဆင့်​ကြား​တာ ​ဖြစ်​နိုင်​တ​ယ်။ အဲဒီအပြင် ရုသဟာ ယေဟောဝါ​ဘုရားကို ဝတ်ပြုသူ ဖြစ်လာတဲ့​အကြောင်း သိထား​ပုံ​ရတယ်။ ဒါကြောင့် ဗောဇ​က “သမီး လုပ်ခဲ့တာ​တွေ​အတွက် ယေဟောဝါ​ဘုရား ဆုချ​ပါစေ။ သမီး​က အစ္စရေး​တို့ရဲ့​ဘုရား ယေဟောဝါရဲ့ အတောင်​အောက်မှာ ခိုလှုံ​တဲ့​အတွက် ဘုရား​ဆီကနေ ပြီးပြည့်စုံတဲ့​ဆု ရ​ပါစေ” လို့​ပြောတယ်။ —ရု. ၂:၁၂

၂၉ အဲဒီ​စကားတွေက ရုသ​အတွက် အားရှိစရာ​ဖြစ်မှာ သေချာ​ပါတယ်။ ငှက်​ပေါက်စ​လေး​ဟာ အကာအကွယ်​ရဖို့ ငှက်​မ​ကြီးရဲ့ အတောင်​အောက်မှာ နေ​သလို ရုသကလည်း ယေဟောဝါ​ဘုရားကို ခိုလှုံ​ဖို့ ဆုံးဖြတ်ထား​ပြီးပြီ။ အဲဒီလို အားပေးတဲ့​အတွက် ဗောဇ​ကို ရုသ ကျေးဇူး​တင်တယ်။ အဲဒီနောက် ရုသဟာ ညနေစောင်း​အထိ မနားတမ်း ဆ​က်​အလုပ်လုပ်တယ်။—ရု. ၂:၁၃၊ ၁၇

၃၀၊ ၃၁။ ရု​သရဲ့ အလုပ်​ကြိုးစား​လို​စိတ်၊ ကျေးဇူးတင် လေးမြတ်​တတ်တဲ့​စိတ်နဲ့ ခိုင်မြဲ​တဲ့​မေတ္တာ​တို့​ကနေ ဘာသင်ယူနိုင်သလဲ။

၃၀ လုပ်ရပ်​နဲ့ ယုံကြည်ခြင်းကို တင်ပြခဲ့တဲ့ ရုသဟာ စီးပွားရေး​ကျပ်တည်းတဲ့ ဒီ​အချိန်မှာ ရုန်းကန်​နေရတဲ့ ကျွန်တော်တို့​အားလုံး အတုယူ​ထိုက်တဲ့ စံနမူနာ​ကောင်း ဖြစ်တယ်။ ရုသ​က သူ့ကို ကူညီ​ဖို့ ဘယ်​သူ့​ဆီ​မှာ​မှ တာဝန်​မရှိ​ဘူး​ဆို​တာ သိ​ထား​လို့ သူ့​အတွက် တခြား​သူ​တွေ လုပ်ပေး​သမျှ​ကို ကျေး​ဇူး​တင် လေး​မြတ်​ခဲ့​တ​ယ်။ ရုသဟာ ချစ်​ရတဲ့​သူ​အတွက်​ဆိုရင် ဘယ်လောက်ပဲ နိမ့်ကျ​ပင်ပန်း​တဲ့​အလုပ် ဖြစ်ပါစေ မရှက်မကြောက် လုပ်ခဲ့တယ်။ ဘေးအန္တရာယ် ကင်းကင်း​နဲ့ ဘယ်လို အလုပ်​လုပ်ရမယ်၊ ဘယ်သူတွေနဲ့ ပေါင်းသင်း​ရမယ်ဆိုတဲ့ ပညာရှိ အကြံပေး​ချက်​အတွက်လည်း ရုသ ကျေးဇူးတင်​မှာ​ပဲ။ အရေးကြီးဆုံး​ကတော့ ဖခင်​တစ်ယောက်လို ကာကွယ်​ပေးတဲ့ ယေဟောဝါ​ဘုရားကို ရုသ အမြဲ မှီခို​အား​ထားတယ်။

၃၁ ကျွန်တော်တို့လည်း ရုသ​လို​ပဲ ခိုင်မြဲ​တဲ့​မေတ္တာ တင်​ပြပြီး နှိမ့်​ချ​မှု၊ လုံ့​လ​ဝီရိယ​ရှိ​မှု​နဲ့ ကျေး​ဇူး​တင် လေး​မြတ်​မှု​တွေ​ကို အတု​ယူ​မ​ယ်​ဆို​ရင် ကျွန်တော်တို့ရဲ့ ​ယုံ​ကြည်​ခြင်း​က တခြား​သူ​တွေ​အတွက် စံ​န​မူ​နာ​ကောင်း ဖြစ်​ပါ​လိမ့်​မ​ယ်။ ဒါပေမဲ့ ယေဟောဝါ​ဘုရားက ရုသ​နဲ့ နောမိ​တို့ကို ဘယ်လို ထောက်မ​ကူညီ​ပေးခဲ့သလဲ။ ဒီ​အကြောင်းကို နောက်​အခန်းမှာ ဆွေးနွေးပါမယ်။

^ အပိုဒ်၊ 17 ရုသဟာ လူမျိုးခြားတွေ​လို “ဘုရားသခင်” လို့​ပဲ မပြော​ဘဲ ယေဟောဝါ​ဆိုတဲ့ ဘုရားရဲ့​နာမည်ကို သုံးခဲ့​တာ​က မှတ်သား​စ​ရာ​ပါပဲ။ ဘာသာပြန်ကျမ်း​တစ်ကျမ်း (The In​t​e​r​p​r​e​t​e​r’s Bible) က ဒီလို မှတ်ချက်​ပေးထားတယ်– “လူမျိုးခြား​ဖြစ်တဲ့ ဒီ​အမျိုး​သမီးဟာ စစ်မှန်တဲ့ ဘုရားသခင်ကို ဝတ်ပြုတဲ့​သူ ဖြစ်တယ်​ဆိုပြီး ကျမ်းရေးသူ​က အလေးအနက် ဖော်ပြခဲ့တယ်။”

^ အပိုဒ်၊ 23 ကောက်သင်း​ကော​က်​ခွင့်​ပညတ်ကို မောဘ​ပြည်မှာ ရုသ မ​ကြားဖူး​တာ သေချာ​ပါတယ်။ ရှေးခေတ် အရှေ့အလယ်ပိုင်း​ဒေသမှာ မုဆိုးမ​တွေဟာ မတရား အနိုင်ကျင့်​ခံခဲ့ရတယ်။ အ​ကိုး​အ​ကား စာအုပ်​တစ်အုပ်​မှာ ဒီလို​ဖော်ပြ​ထားတယ်– “အများအားဖြင့် မုဆိုးမ​တစ်ယောက်ဟာ သားတွေရဲ့ ထောက်ပံ့မှု​ကို မှီခို​အားထား​ရတယ်။ သား​မရှိရင် ကိုယ့်ကိုယ်ကိုယ် ကျွန်​အဖြစ် ရောင်းစား​ရတယ်၊ မတတ်သာ​တဲ့​အဆုံး ပြည့်တန်ဆာ လုပ်​ရတယ်၊ ဒီလို​မှ​မဟုတ်​ရင် သေ​ဖို့​ပဲ​ရှိတယ်။”