မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တွေ့ဆုံမေးမြန်းခန်း | ဖန်းလင် ယန်

အဏုဇီဝဗေဒပညာရှင်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း ရှင်းပြ

အဏုဇီဝဗေဒပညာရှင်တစ်ဦးက ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း ရှင်းပြ

ဖန်းလင် ယန် ဟာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့ သုတေသနစင်တာက သုတေသီတစ်ဦး ဖြစ်ပြီး သူ့ရဲ့သုတေသနပြုချက်တွေကို သိပ္ပံဂျာနယ်တွေမှာတောင် ဖော်ပြခဲ့တယ်။ အရင်က ဆင့်ကဲသီအိုရီကို ယုံကြည်ခဲ့သူဖြစ်ပေမဲ့ နောက်ပိုင်း ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြည်လာခဲ့တယ်။ နိုးလော့! က သူ့ရဲ့အလုပ်အကြောင်းနဲ့ ဘုရားသခင်ကို ယုံကြည်လာရတဲ့အကြောင်းရင်းကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဘဝနောက်ခံကို ပြောပြပေးနိုင်မလား

ကျွန်မမိဘတွေက အရမ်းဆင်းရဲတယ်၊ အမေဆိုရင် စာလည်းမတတ်ဘူး။ ကျွန်မတို့ဟာ တိုင်ပေမြို့နားက မကြာခဏ ရေကြီး ရေလျှံလေ့ရှိတဲ့ ရပ်ကွက်မှာနေပြီး ဝက်မွေးတယ်၊ ဟင်းသီးဟင်းရွက်စိုက်စားတယ်။ ကျွန်မရဲ့မိဘတွေက အလုပ်ကြိုးစားဖို့၊ တခြားသူတွေကို ကူညီတတ်ဖို့ သင်ပေးခဲ့တယ်။

မိသားစုက ဘာသာတရား ကိုင်းရှိုင်းသူတွေလား

မိသားစုက တာအိုဘာသာဝင်တွေပါ။ ဘုရားကို ပူဇော်ပသတာတွေ လုပ်ခဲ့ကြပေမဲ့ ဘုရားအကြောင်းတော့ ဘာမှမသိခဲ့ဘူး။ ‘လူတွေ ဘာကြောင့် ဒုက္ခရောက်နေကြတာလဲ၊ လူတွေ ဘာကြောင့် တစ်ကိုယ်ကောင်းဆန်ကြတာလဲ’ လို့တော့ အမြဲစဉ်းစားခဲ့တယ်။ တာအိုဘာသာနဲ့ အရှေ့တိုင်းဘာသာစာအုပ်တွေ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်းသမိုင်းကြောင်းတွေကို ဖတ်ရှုလေ့လာခဲ့တယ်။ ခရစ်ယာန်ချာ့ခ်ျ တော်တော်များများကိုလည်း သွားတက်ဖူးတယ်။ ဒါပေမဲ့ ကျွန်မမေးခွန်းတွေအတွက် အဖြေမရခဲ့ဘူး။

သိပ္ပံပညာကို ဘာကြောင့်လေ့လာ ခဲ့တာလဲ

သင်္ချာဘာသာကို ကျွန်မကြိုက်တယ်။ အရာဝတ္ထုတွေရဲ့ တည်ဆောက်ပုံအားလုံးဟာ တိတိကျကျ ဖွဲ့စည်းတည်ရှိနေတာကို အရမ်းသဘောကျတယ်။ ကြီးမားကျယ်ပြောလှတဲ့ စကြဝဠာကြီးအပါအဝင် အဏုကြည့်မှန်ဘီလူးနဲ့ပဲမြင်နိုင်တဲ့ အရာလေးတွေကအစ အားလုံးရဲ့ တည်ဆောက်ပုံဟာ တိကျပြီး စနစ်ကျတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်နေတယ်ဆိုတာ ကျွန်မသိချင်ခဲ့တယ်။

ဆင့်ကဲသီအိုရီကို ဘာကြောင့် ယုံကြည် ခဲ့တာလဲ

ဆင့်ကဲကလွဲလို့ တခြားဘာမှ မသင်ခဲ့ရဘူး။ အလယ်တန်းကျောင်းကနေ တက္ကသိုလ်ရောက်တဲ့အထိ ဆင့်ကဲအကြောင်းပဲ သင်ခဲ့ရတာ။ ကျွန်မက သက်ရှိတွေအကြောင်းလေ့လာတဲ့ သိပ္ပံပညာရှင်ဖြစ်တော့ တခြားပညာရှင်တွေလိုပဲ ဆင့်ကဲကို အလိုလိုလက်ခံသွားတယ်။

ကျွန်မက သက်ရှိတွေအကြောင်းလေ့လာတဲ့ သိပ္ပံပညာရှင်ဖြစ်တော့ တခြားပညာရှင်တွေလိုပဲ ဆင့်ကဲကို အလိုလိုလက်ခံသွားတယ်

သမ္မာကျမ်းစာကို ဘာကြောင့် ဖတ်ဖြစ် ခဲ့တာလဲ

၁၉၉၆ ခုနှစ်မှာ ဘွဲ့လွန်တက်ဖို့ ဂျာမနီကို သွားခဲ့တယ်။ ရောက်ပြီးတစ်နှစ်အကြာမှာ စီမွန် လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက ယေဟောဝါသက်သေ တစ်ယောက်ဖြစ်ပြီး ကျွန်မသိချင်တဲ့ မေးခွန်းတွေရဲ့အဖြေကို သမ္မာကျမ်းစာကနေ ပြပေးခဲ့တယ်။ သမ္မာကျမ်းစာမှာ ဘဝရဲ့ရည်ရွယ်ချက်ကို ရှင်းပြထားတယ်လို့ သူပြောပြတော့ ကျွန်မ စိတ်ဝင်စားသွားတယ်။ အဲဒီအချိန်ကစပြီး မနက်လေးနာရီခွဲထ၊ ကျမ်းစာကို တစ်နေ့တစ်နာရီ ဖတ်တယ်။ ဖတ်ပြီးတဲ့နောက် တွေးတောဆင်ခြင်ဖို့ လမ်းလျှောက်ထွက်တယ်။ တစ်နှစ်အတွင်းမှာ ကျမ်းစာတစ်အုပ်လုံး ဖတ်ပြီးသွားတော့တယ်။ ကျမ်းစာထဲမှာကြိုဟောထားတာတွေ ပြည့်စုံတာတွေ့ရတော့ တကယ့်ကိုနှလုံးထိတယ်။ ဒါနဲ့ပဲ သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီကဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချလာတယ်။

အသက်စတင်ဖြစ်ပေါ်လာတာနဲ့ပတ်သက်ပြီး ဘယ်လိုယူဆခဲ့သလဲ

အသက်ရဲ့အစနဲ့ပတ်သက်ပြီး ကျွန်မ အလေးအနက် စစဉ်းစားလာတဲ့အချိန်လောက်မှာ သက်ရှိတွေရဲ့ တည်ဆောက်ပုံဟာ အရင်သိထားတာထက် အများကြီး ပိုရှုပ်ထွေးနက်နဲတာကို ပညာရှင်တွေ စတွေ့ရှိလာကြတယ်။ သက်ရှိဆဲလ်တွေထဲက ပရိုတင်းမော်လီကျူးဟာ တည်ရှိသမျှမော်လီကျူးတွေမှာ အရှုပ်ထွေးဆုံးဖြစ်တယ်ဆိုတာ သိပ္ပံပညာရှင်တွေ သိထားတာကြာပြီ။ ဒါပေမဲ့ အခုတော့ အဲဒီပရိုတင်းတွေ အချင်းချင်း အပြန်အလှန် စနစ်တကျ လုပ်ဆောင်ကြပုံတွေကို အသစ်သိရှိလာကြတယ်။ ပရိုတင်းမော်လီကျူး အဖွဲ့အစည်းတစ်ခုကို ပရိုတင်းမော်လီကျူး ၅၀ ကျော်လောက်နဲ့ ဖွဲ့စည်းထားတယ်။ အရိုးရှင်းဆုံးဆဲလ်တစ်ခုတည်းမှာတောင်မှ ပရိုတင်း မော်လီကျူးအဖွဲ့အစည်း အမျိုးမျိုးလိုအပ်ပါတယ်။ ဥပမာ၊ စွမ်းအင်ထုတ်ပေးဖို့၊ အချက်အလက်တွေကို ပွားပေးဖို့၊ ဆဲလ်အမြှေးပါးရဲ့လုပ်ဆောင်မှုကို ထိန်းချုပ်ဖို့ဖြစ်ပါတယ်။

ဘယ်လို ကောက်ချက်ချဖြစ်ခဲ့သလဲ

‘ဒီလောက်သေးငယ်တဲ့ ပရိုတင်းမော်လီကျူးတွေဟာ ဘယ်လိုကြောင့်များ စနစ်တကျ ဖွဲ့စည်းတည်ရှိရတာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးမိတယ်။ ဆဲလ်တွေရဲ့ အလွန်ရှုပ်ထွေးနက်နဲမှုတွေကြောင့် သိပ္ပံပညာရှင်အတော်များများလည်း အဲဒီလိုပဲ မေးခဲ့ကြတယ်။ အမေရိကန်က ဇီဝဓာတုပညာရှင် ပါမောက္ခတစ်ဦးဟာ ဆဲလ်တွေထဲမှာရှိတဲ့ မော်လီကျူးတွေရဲ့ နက်နဲရှုပ်ထွေးမှုကိုထောက်ပြီး သူ့အလိုလိုဖြစ်လာတာ မဖြစ်နိုင်တဲ့အကြောင်း ဆွေးနွေးထားတဲ့ စာအုပ်ထုတ်ဝေခဲ့တယ်။ ကျွန်မလည်း အဲဒါကို သဘောတူတယ်။ အသက်ဆိုတာ ဖန်ဆင်းခံရတာပဲ ဖြစ်ရမယ်။

‘ဒီလောက်သေးငယ်တဲ့ ပရိုတင်းမော်လီကျူးတွေဟာ ဘယ်လိုကြောင့်များ စနစ်တကျ ဖွဲ့စည်းတည်ရှိရတာလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးမိတယ်

ယေဟောဝါသက်သေ ဘာကြောင့် ဖြစ်လာသလဲ

စီမွန်ဟာ ကျန်းမာရေးမကောင်းပေမဲ့ ကျွန်မကို ကျမ်းစာအကြောင်းပြောပြဖို့ ၃၅ မိုင်လောက်ဝေးတဲ့ခရီးကို အပတ်တိုင်းလာတယ်။ အဲဒါက ကျွန်မနှလုံးကို ထိမိခဲ့တယ်။ နာဇီဂျာမနီ ကြီးစိုးတုန်းက သက်သေခံတချို့ဟာ နိုင်ငံရေးမှာ ကြားနေတဲ့အတွက် အကျဉ်းချခံရတယ်ဆိုတာလည်း သိလာတယ်။ သူတို့ရဲ့သတ္တိကို တကယ်လေးစားတယ်။ ဘုရားသခင်ကိုချစ်တဲ့ သူတို့ရဲ့မေတ္တာကြောင့် ကျွန်မလည်း သူတို့လို ဖြစ်ချင်ခဲ့တယ်။

ဘုရားသခင်ကို ယုံကြည်တာက တကယ်အကျိုးရှိရဲ့လား

ကျွန်မဟာ အရင်ကထက် အခု ပိုပျော်ရွှင်လာတယ်ဆိုပြီး အလုပ်ဖော်တွေ ပြောကြတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းခဲ့ရလို့ သိမ်ငယ်တဲ့စိတ် ဝင်နေတတ်တဲ့အတွက် ကျွန်မရဲ့နေရပ်အကြောင်း၊ မိဘတွေအကြောင်း ဘယ်သူ့ကိုမှ မပြောပြဖူးဘူး။ ကျမ်းစာလေ့လာတော့ ဘုရားသခင်ဟာ လူမှုအဆင့်အတန်း မခွဲဘူး၊ ယေရှုဟာ ကျွန်မလိုပဲ ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းလာတယ်ဆိုတာ သိလာတယ်။ အခုတော့ ကျွန်မရဲ့မိဘတွေကို ဂရုစိုက်နေပါပြီ၊ မိတ်ဆွေတွေနဲ့လည်း မိတ်ဆက်ပေးနေပါပြီ။