မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့မြေ၊ သူတို့ဓလေ့ | အီတလီ

အီတလီသို့ အလည်တစ်ခေါက်

အီတလီသို့ အလည်တစ်ခေါက်

အီတလီနိုင်ငံဟာ ကြီးမားလှတဲ့ကျောက်တောင်တန်းကြီးတွေနဲ့ ရှည်လျားတဲ့ကမ်းရိုးတန်းရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ တောင်ပိုင်းဒေသနွေရာသီဟာ ပူနွေးပြီး မြောက်ပိုင်းဒေသ ဆောင်းရာသီဟာ အလွန်အေးခဲလှပါတယ်။ အီတလီနိုင်ငံဟာ မီးတောင်ပေါများတဲ့နိုင်ငံဖြစ်ပေမဲ့ စထရိုဘိုလီနဲ့ အက်နာစတဲ့ မီးတောင်အနည်းငယ်လောက်ပဲ မီးတောင်ရှင်တွေ ဖြစ်တယ်။

ကမ္ဘာလှည့်ခရီးသည်တွေဟာ ဗင်းနစ်မြို့မှာရှိတဲ့ များပြားလှတဲ့တူးမြောင်းတွေမှာ ဂွန်ဒိုလာလှေစီးပြီး သွားလာကြ

အီတလီဟာ ဥရောပမှာ လူဦးရေအထူထပ်ဆုံး နိုင်ငံတစ်ခုဖြစ်တယ်။ နှစ်တွေတစ်လျှောက်မှာ အာရပ်၊ ဘိုင်ဇန်တီယန်၊ ဂရိ၊ နောမန်၊ ဖိုနီးရှားတွေအပါအဝင် လူများစွာဟာ အီတလီမှာ ဝင်ထွက်သွားလာ နေထိုင်ခဲ့ကြတယ်။

သမိုင်းဆိုင်ရာအမွေအနှစ်တွေ၊ အနုပညာအမွေအနှစ်တွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်။ အီတလီနိုင်ငံအတွင်းမှာရှိတဲ့ မြို့ကြီးမြို့ငယ်များစွာမှာ ရှေးခေတ်ဂရိနဲ့ရောမတွေရဲ့ အပျက်အယွင်းတွေ၊ အနုပညာဗိသုကာလက်ရာတွေ ခန့်ညားထည်ဝါစွာ တည်ရှိနေပါတယ်။ ပန်းချီပန်းပု အနုပညာရှင်တွေဖြစ်တဲ့ ဘာနီနီ၊ မိုက်ကယ်အန်ဂျလို၊ ရာဖေးတို့ရဲ့ ပန်းချီကားတွေ၊ စကျင်ကျောက်ရုပ်တုတွေ၊ ရေပန်းတွေကိုလည်း တွေ့ရှိနိုင်ပါတယ်။

အီတလီလူမျိုးတွေဟာ နေ့စဉ်ဘဝသက်တာမှာ အစားအစာကို အလွန်အလေးထားကြပြီး ရိုးရာအစားအစာကိုပဲ အဓိကစားသုံးကြတယ်။ အီတလီခေါက်ဆွဲ (pasta) ကို အရင်ဆုံးတည်ခင်းပေးတယ်။ ပြီးတဲ့နောက် အသား ဒါမှမဟုတ် ငါးဟင်းနဲ့ အသီးအရွက်တွေကို ဆက်တည်ခင်းပြင်ဆင်ပေးပါတယ်။ သံလွင်ဆီကို အမြောက်အများ ထုတ်လုပ်တဲ့အတွက်ကြောင့် ဖောဖောသီသီ အသုံးပြုကြတယ်။ ပီဇာ (Pizza) နဲ့ အီတလီဆီထမင်း (risotto) က လူကြိုက်များတဲ့ အီတလီအစားအစာတွေ ဖြစ်တယ်။

အီတလီခေါက်ဆွဲက အီတလီလူမျိုးတွေရဲ့ အဓိကအစားအစာဖြစ်

အီတလီလူမျိုးတွေဟာ နွေးထွေးဖော်ရွေပြီး ဧည့်ဝတ်ပျူငှာကြတယ်။ စကားလက်ဆုံပြောတာကို သဘောကျကြတယ်။ ဒါကြောင့် အများပြည်သူအပန်းဖြေတဲ့နေရာတွေမှာ အေးအေးလူလူထိုင်ပြီး စကားလက်ဆုံကျနေတာတွေ၊ လမ်းလျှောက်ရင်း ကိုယ်ဟန်အမူအယာအပြည့်နဲ့ စကားပြောသွားလာနေတာတွေကို နေရာတကာမှာ တွေ့မြင်နိုင်ပါတယ်။

အီတလီလူမျိုးအများစုဟာ ရိုမန်ကက်သလစ်ဘာသာဝင်တွေဖြစ်ကြပေမဲ့ အနည်းငယ်လောက်ပဲ ပုံမှန်ချာ့ခ်ျတက်ကြတယ်။ ချာ့ခ်ျသွန်သင်ချက်တွေနဲ့ နှစ်ပေါင်းများစွာလက်ခံကျင့်သုံးလာတဲ့ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ကွာရှင်းခြင်းပညတ်တွေကိုလည်း လျစ်လျူရှုလာကြတယ်။

အီတလီနိုင်ငံမှာ ယေဟောဝါသက်သေတွေ များစွာရှိပါတယ်။ သူတို့တွေဟာ လူတွေကို သမ္မာကျမ်းစာသွန်သင်ချက်တွေအကြောင်း ပြောပြကြပြီး ကျမ်းစာလမ်းညွှန်ချက်တွေအတိုင်း အသက်ရှင်နေကြတာကို လူသိများကြတယ်။ အီတလီတစ်နိုင်ငံလုံးမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်စုစုပေါင်း ၃,၀၀၀ ကျော်ရှိပြီး အသင်းတော်များစွာဟာ အီတလီဘာသာစကားထက် ဘာသာခြားစကားပြောဆိုသူတွေကို သမ္မာကျမ်းစာအကြောင်းသိအောင် ကူညီပေးနေကြတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း အီတလီနိုင်ငံမှာ တိုင်းတစ်ပါးသားအရေအတွက် သုံးဆတိုးများလာခဲ့တဲ့အတွက် သူတို့တွေရဲ့ဘာသာစကားနဲ့ သမ္မာကျမ်းစာလမ်းညွှန်ချက်တွေ ပြောပြဖို့ လိုအပ်လာပါတယ်။

သင်သိပါသလား

ဗာတီကန်စီးတီးဟာ ရောမမြို့ထဲမှာပဲတည်ရှိပေမဲ့ ၁၉၂၉ ခုနှစ်ကစပြီး လွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာတယ်။ ဒါကြောင့် အီတလီနိုင်ငံသားတွေဟာ ဗာတီကန်စီးတီးကို နိုင်ငံခြားတိုင်းပြည်အဖြစ် သတ်မှတ်ကြတယ်။

အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းက ကျောက်ဆောင်ချောက်ကမ်းပါးပေါတဲ့ ဒိုလိုမိုက်တောင်တန်း