မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ရသည့် အကြောင်းမှန်

ယုံကြည်ရသည့် အကြောင်းမှန်

ယုံကြည်​ရသည့် အကြောင်း​မှန်

လူအများသည် သူတို့၏​မေးခွန်းများ​အတွက် စိတ်​ကျေနပ်ဖွယ်​အဖြေ​များ မရနိုင်​သောကြောင့် ချာ့ခ်ျ​မသွားကြ​တော့​ပါ​ဟု လူငယ်​လူရွယ်​များ ချာ့ခ်ျ​ကို​စွန့်ခွာ​ကြ​သည့်​အကြောင်းရင်း ၃၁ ခု​ဟူသော ကိုရီးယား​စာအုပ်​တစ်စောင်​က​ဆို​၏။ သာဓက​အနေ​နှင့် သူတို့က ‘ဘုရားသခင်​ကို ယုံကြည်သူတွေ ဘာကြောင့်​ဆင်းရဲ​ဝေဒနာ​ခံရ​တာလဲ၊’ ထို့​အပြင် ‘သွန်သင်ချက်​အတော်များများ​က စိတ်ရှုပ်​ထွေး​စ​ရာ​ဖြစ်​ရုံ​မ​က ရှေ့နောက်​မညီ​ဖြစ်နေ​တော့ ချာ့ခ်ျ​သွန်သင်ပေး​သမျှ​ကို ဘာကြောင့်​လက်ခံရ​မှာ​လဲ’ ဟု​မေးမြန်း​ကြသည်။

ခရစ်ယာန်​ဓမ္မ​ဆရာ​တို့၏​အဖြေ​များသည် စိတ်ပျက်​စ​ရာ​ဖြစ်​ရာ ကျမ်းစာ​ထဲ​တွင် အဖြေ​မရှိ​ဟု ကောက်ချက်​ချ​သူများစွာ​ရှိ၏။ ခရစ်ယာန်​ဓမ္မ​ဆရာ​တစ်ဦး​သည် သူ၏​ကိုယ်ပိုင်​ယူဆချက်​ပေါ်​သာ အခြေပြု​၍ ရှင်းပြ​သောအခါ နားလည်မှု​လွဲ​စေ​လေ့​ရှိပြီး ဘုရားသခင်​နှင့် သမ္မာကျမ်းစာ​ကို​ပင် ငြင်းပယ်​စေ​တော့​သည်။

တောင်​အာဖရိကတွင် လူသာ​ရင်​ဘာသာဝင်​တစ်ဦး​အဖြစ် ကြီးပြင်း​လာ​သူ အေ​ဘယ်​လ်​သည် ထိုသို့​တွေ့ကြုံ​ခဲ့​ရသည်။ သူ​ဤသို့​ပြန်​ပြောပြ​သည်– “သေသွား​သူ​တိုင်း​ကို ဘုရားသခင် ‘ခေါ်ဆောင်​သွား’ တယ်လို့ ချာ့ခ်ျ​က​သင်ပေးတယ်။ ဒါပေမဲ့ မေတ္တာရှင်​ဘုရားသခင်​ဟာ မိဘတွေကို သားသမီးတွေ​ဆီက ဘာကြောင့် ‘ခေါ်ဆောင်’ သွားတာ​လဲ၊ ကျွန်တော်​နားမလည်​နိုင်​ခဲ့​ဘူး။ ကျွန်တော်​ကြီးပြင်း​လာခဲ့တဲ့ အာဖရိက​ကျေးလက်​ဒေသမှာ ကြက်​ကလေး​တွေ မကြီး​မချင်း ကြက်မ​ကြီး​ကို မ​သတ်​ဘူး။ နွား​မ​တစ်ကောင် ဇီး​ရှိနေရင် နွား​ကလေး​ပေါက်​ပြီး နို့​မ​ဖြတ်​မချင်း အဲဒီ​နွား​မ​ကို မ​သတ်​ကြဘူး။ မေတ္တာ​ရှိတဲ့​ဘုရားသခင်​ဟာ လူတွေ​အပေါ် ဘာဖြစ်​လို့ အဲဒီလိုမျိုး စာနာမှု​မရှိတာ​လဲ​ဆိုတာ​ကို ကျွန်တော် နားမလည်​နိုင်​ခဲ့​ဘူး။”

ကနေဒါ​ပြည်သား အာရမ်​သည်လည်း အလားတူ​သံသယ​ရှိခဲ့​သည်။ “ကျွန်တော် ၁၃ နှစ်အရွယ်မှာ အဖေ​ဆုံး​သွားတယ်” ဟု​သူ​ပြန်​ပြောပြ​သည်။ “အသုဘ​ဝတ်ပြု​ဆုတောင်းပွဲ​မှာ​နာမည်ကြီး ခရစ်ယာန်​ဓမ္မ​ဆရာ​တစ်ဦး​က ဘုရားသခင်​ဟာ ကောင်းကင်​မှာ သူနဲ့အတူ​နေ​စေ​ချင်​လို့ အဖေ့ကို​သေစေ​ခဲ့​တာ​လို့ ရှင်းပြတယ်။ ‘ဘုရားသခင်​က ဖြောင့်မတ်​တဲ့​သူတွေကို​ချစ်​လို့ လူကောင်းတွေကို ခေါ်ဆောင်​သွားတာ’ လို့​သူပြောတယ်။ ဘုရားသခင်​ဟာ ဒီလောက်တောင် တစ်ကိုယ်ကောင်း​ဆန်​ရ​သလား​ဆိုတာ​ကို ကျွန်တော်​နားမလည်​နိုင်​ခဲ့​ဘူး။”

နောက်ဆုံး​တွင် အေ​ဘယ်​လ်​ကော အာရမ်​ပါ ယေဟောဝါသက်သေ​များနှင့် အဆက်အသွယ်​ရပြီး ကျမ်းစာ​လေ့လာ​ခဲ့​ကြ​ရာ အဆုံး​၌ သူတို့​မေးခွန်းများ​အတွက် အဖြေ​ရခဲ့​ကြသည်။ ဘုရားသခင်​ကို သူတို့​ပိုမို​ချစ်​မြတ်နိုး​လာပြီး ကိုယ်တော့်​အပေါ် အခိုင်အမာ​ယုံကြည်​လာ​ကြသည်။ နောက်ဆုံး​တွင် ယေဟောဝါ​ထံ သူတို့၏​ဘဝကို​ဆက်ကပ်​အပ်နှံ​ပြီး ကိုယ်တော်​၏ တည်ကြည်သော​ကျေးကျွန်​များ​ဖြစ်လာ​ကြ​လေ​သည်။

တိကျ​မှန်ကန်သော​အသိပညာ —ဘုရားသခင်​ကို ယုံကြည်ဖို့ အဓိက​အချက်

အဆိုပါ​တွေ့ကြုံမှု​များ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​နိုင်​သနည်း။ ဘုရားသခင်​ကို ယုံကြည်ခြင်း​နှင့်​ပတ်သက်​လာ​လျှင် တိကျ​မှန်ကန်သော​ကျမ်းစာ​အသိပညာ မရှိမဖြစ်​ကြောင်း ကျွန်ုပ်​တို့ကို​သိစေ​သည်။ ရှေးခေတ်​ဖိလိပ္ပိ​မြို့ရှိ ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု ဤသို့​ပြော​ခဲ့​သည်– “ငါ​ဆုတောင်း​သော​အချက်​ဟူ​မူ​ကား၊ သင်တို့၏​မေတ္တာသည် တိကျသော​အသိပညာနှင့် ပြည့်ဝ​စုံလင်သော​ပိုင်းခြား​ဝေဖန်​နိုင်စွမ်း​တို့​ဖြင့် တိုး၍​ကုံလုံ​ကြွယ်ဝ​နေ . . . မည်​အကြောင်း​တည်း။” (ဖိလိပ္ပိ ၁:၉က​ဘ) ဤ​တွင် ပေါလု​သည် ဘုရားသခင်​နှင့် ယုံကြည်သူချင်း​တို့အား ချစ်​သည့်​မေတ္တာကို ဘုရားသခင်​နှင့်​ပတ်သက်သော တိကျ​သည့်​အသိပညာ၊ ကိုယ်တော်​၏​အလိုတော်ကို ပိုင်းခြား​သိမြင်ခြင်း​တို့​နှင့် ဆက်စပ်​ပြ​ခဲ့​သည်။

ယင်းသည် လျော်​ကန်​သင့်မြတ်​ပါ​သည်၊ အကြောင်း​မှာ လူတစ်ဦး​တစ်ယောက်ကို ယုံကြည်​စိတ်ချ​နိုင်​ရန် ပထမ​လိုအပ်ချက်​မှာ ထို​သူ​အကြောင်း​သိထားခြင်း​ဖြစ်သည်၊ သူ့ကို​အတွင်းကျကျ​သိ​လေ သူ့ကို ပို​စိတ်ချ​လေ​ဖြစ်သည်။ အလားတူ ဘုရားသခင်​ကို ယုံကြည်​ရန်​လှုံ့ဆော်​ခံရ​ဖို့ တိကျ​မှန်ကန်သော​အသိပညာ​ရှိ​ရမည်။ “ယုံကြည်ခြင်း​သည် မျှော်လင့်​သော​အရာ​တို့ကို မျက်မှောက်ပြု​ခြင်း​ဖြစ်၏။ မမြင်​သေး​သော​အရာ​တို့ကို သိမှတ်​စွဲလမ်းခြင်း​အကြောင်း​ဖြစ်၏” ဟု​ပေါလု​ဆို​ခဲ့​သည်။ (ဟေဗြဲ ၁၁:၁) ကျမ်းစာ​ဆိုင်ရာ တိကျ​မှန်ကန်​သည့်​အသိပညာ​မရှိဘဲ ဘုရားသခင်​ကို ယုံကြည်ခြင်း​သည် လေ​တစ်ချက်​မှုတ်​လိုက်​ရုံ​နှင့် ပြိုလဲ​သွားသော စက္ကူ​ဖဲ​အိမ်​နှင့်​တူ​၏။

သမ္မာကျမ်းစာ​ကို​လေ့လာ​လျှင် လူ​အဘယ်ကြောင့်​သေရ​သနည်း​ဟူသော အေ​ဘယ်​လ်​နှင့် အာရမ်​တို့ကို အတန်ကြာ​စိတ်ရှုပ်​ထွေး​စေ​ခဲ့​သည့် မေးခွန်းများ​၏​အဖြေကို သိရှိ​စေနိုင်​သည်။ သမ္မာကျမ်းစာ​က “အပြစ်​တရားသည် တစ်ယောက်​သော​သူအား​ဖြင့် ဤ​လောက​သို့​ဝင်၍၊ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်​အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏” ဟု​ရှင်းပြပါ​သည်။ (ရောမ ၅:၁၂) လူ​တို့​အသက်ကြီး​ပြီး သေဆုံးရခြင်း​သည် မိမိ​နှင့်အတူ​ရှိစေရန် ဘုရားသခင်​ခေါ်ဆောင်​သွားသော​ကြောင့်​မဟုတ်ဘဲ အာဒံ​အပြစ်ပြု​ခဲ့​သောကြောင့်​ဖြစ်၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇; ၃:၆၊ ၁၇-၁၉) ထို့​ပြင် သမ္မာကျမ်းစာ​က ယေဟောဝါ​ဘုရားသခင် ကမ်း​လှမ်း​သည့်​မျှော်လင့်ချက်ကို ဖော်ပြ​ပါ​သည်။ သားတော်​ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​သည် အပြစ်သားများကို ရှင်ပြန်ထမြောက်ခြင်း​ရဖို့ မျှော်လင့်ချက်​ရှိစေသည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်​တော် ၂၄:၁၅

ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်​၍ အမှန်တရားကို ကျွန်ုပ်​တို့​သဘောပေါက်​နားလည်​နိုင်​စေဖို့ ယေရှု​အသက်ပြန်ရှင်​စေ​ခဲ့​သူ​အချို့​အကြောင်း သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​ပါ​သည်။ (လုကာ ၇:၁၁-၁၇; ၈:၄၀-၅၆; ယောဟန် ၁၁:၁၇-၄၅) အဆိုပါ​ကျမ်းစာ​မှတ်တမ်းများ​ကို သင်​ဖတ်ရှု​စဉ် ရှင်ပြန်ထမြောက်​လာ​သူတို့၏ မိတ်ဆွေများ​နှင့် မိသားစု​တို့ ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​ကြ​ပုံ​ကို သတိပြုပါ။ သူတို့သည် ဘုရားသခင်​ကို​ချီးမွမ်း​ပြီး ယေရှုကို​ယုံကြည်​လာ​ကြသည်​ကိုလည်း သတိပြုပါ။

ဘုရားသခင်​နှင့် ကိုယ်တော့်​ရည်ရွယ်ချက်များ​ကို တိကျ​မှန်ကန်​စွာ​သိစေ​သော အသိပညာ​သည် မျက်မှောက်ခေတ်​လူ​တို့​အပေါ်​၌ အလားတူ အကျိုးပြု​နိုင်​ပါ​သည်။ လူအများသည် အရေးကြီးသော​မေးခွန်းများ​အတွက် စိတ်​ကျေနပ်ဖွယ်​အဖြေ​များ မရခဲ့​သောကြောင့် တစ်ချိန်က စိတ်ရှုပ်​ထွေး၊ ဝန်ပိ​ပြီး ထိမိ​လဲစရာ​ပင်​ဖြစ်​ခဲ့​ကြသည်။ သို့သော် သမ္မာကျမ်းစာ​ကို သူတို့​လေ့လာ​ကြသောအခါ အဖြေ​များ​ရရှိ​ပြီး သူတို့၏​ဘဝကို လုံးလုံး​ပြောင်းလဲ​ခဲ့​ကြသည်။

ဘုရားသခင်​ကို ချစ်​မြတ်နိုးခြင်း —ကိုယ်တော်​အား​ဝတ်ပြု​ရသည့် အဓိက​အကြောင်းရင်း

ဘုရားသခင်​ကို​ယုံကြည်ဖို့ တိကျ​မှန်ကန်သော​အသိပညာ မရှိမဖြစ်​လိုအပ်​သော်လည်း ကိုယ်တော်​အား နာခံ​၍​ဝတ်ပြု​ရန် လှုံ့ဆော်​ခံရ​ဖို့ ထို​ထက်မက​လိုအပ်​သည်။ ဘုရားသခင့်​ပညတ်​တွင် အဘယ်​ပညတ်​သည် အမြတ်​ဆုံး​ဖြစ်​ကြောင်း အမေး​ခံရ​ချိန်​တွင် ယေရှု​ဤသို့​ဖြေဆိုခဲ့သည်– “သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်​လော့။” (မာကု ၁၂:၃၀) လူတစ်ဦး​သည် ယေရှု​ဖော်ပြ​သည့်​အတိုင်း ဘုရားသခင်​ကို​ချစ်​မည်​ဆိုလျှင် ကိုယ်တော်​အား နာခံ၊ ဝတ်ပြု​ရန် အသင့်ရှိ​ပါ​လိမ့်​မည်။ အသင်​ကော ထိုသို့​ပင်​လော။

ခရစ်ယာန်​သာသနာပြု​တစ်ဦး​အဖြစ် ကိုရီးယား​နိုင်ငံ​တွင် ဆယ်စုနှစ်​အတော်ကြာ အမှုထမ်းခဲ့​သူ ရေချယ်လ်​က သူ​ယုံကြည်​ရသော​အကြောင်းရင်းကို ဤသို့​ပြောပြ​သည်– “ဖန်ဆင်း​ခံ​များ​အပေါ် ယေဟောဝါ​ရက်ရောမှု​ပြ​တာ၊ လူမျိုးတော်ကို ကိုယ်တော်​ခွင့်လွှတ်​ပြီး​ဆက်ဆံ​ခဲ့​တာ​နဲ့ ကျွန်မ​တို့​ဆီက ဘာ​တောင်းဆို​တယ်​ဆိုတာ​ကို သိစေ​ပြီး ကျွန်မ​တို့ကို အကျိုးပြု​ချင်​တဲ့​ကိုယ်တော်​ရဲ့​ဆန္ဒ​ကို ကျွန်မ စဉ်းစား​ဆင်ခြင်​တယ်။ အဲဒါတွေ​အားလုံး​က ဘုရားသခင်​ကို ပို​ချစ်​မြတ်နိုး​စေတယ်။ အဲဒီ​ချစ်​မြတ်နိုး​စိတ်​က ကိုယ်တော့်​အမှုကို ထမ်း​ချင်စိတ်​ပေါ်​စေ​ပြန်​တယ်။”

ဂျာမနီ​နိုင်ငံ​မှ မုဆိုးမ​ဖြစ်သူ မာ​သာ​သည် ယေဟောဝါ​အမှုတော်ကို​ထမ်း​သည်​မှာ ၄၈ နှစ်​ရှိခဲ့​ပြီ။ သူ​ဤသို့​ပြော​သည်– “ကျွန်မ ယေဟောဝါ​အမှုကို ဘာဖြစ်​လို့​ထမ်းဆောင်​တာလဲ။ ကိုယ်တော်​ကို ချစ်​မြတ်နိုး​လို့​ပါ။ ကိုယ်တော်​ရဲ့​ဆုကျေးဇူး​အားလုံး၊ အထူးသဖြင့် ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်ကို ကျွန်မ​ဘယ်လောက် ကျေးဇူး​တင်​တယ်​ဆိုတာ ညနေ​တိုင်း ဆုတောင်း​တဲ့​အခါ ယေဟောဝါ​ကို​ပြောပြ​တယ်။”

မှန်ပါသည်၊ ဘုရားသခင်​ကို​ချစ်​သည့်​မေတ္တာက ကိုယ်တော်​၏​အမှုတော်ကို ထမ်း​လို​စိတ်​ပေါ်လာ​စေ​သည်။ သို့သော် ထိုသို့​သော​မေတ္တာ​မျိုး မည်သို့​ရှိလာနိုင်​သနည်း။ ဘုရားသခင်​အား ချစ်​သည့်​မေတ္တာကို ပြုစု​ပျိုးထောင်​ရန် အကြီးမားဆုံး​လှုံ့ဆော်မှု​ကား ကိုယ်တော်​ပြသ​ခဲ့​သော​မေတ္တာကို အလွန်​လေးမြတ်​တန်ဖိုး​ထားခြင်း​ဖြစ်၏။ သမ္မာကျမ်းစာ​မှ ကြည်နူး​အားရဖွယ် ဤ​သတိပေး​ချက်​ကို သတိပြုပါ– “ချစ်ခြင်း​မရှိသော​သူသည် ဘုရားသခင်​ကို​မသိ။ အကြောင်း​မူ​ကား၊ ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။ သားတော်​အားဖြင့် ငါ​တို့သည်​အသက်ရှင်​စေခြင်း​ငှာ၊ ဘုရားသခင်​သည် တစ်ပါး​တည်း​သော​သားတော်ကို ဤ​လောက​သို့​စေလွှတ်​တော်​မူ​သော​အရာ​၌ ငါ​တို့ကို​ချစ်တော်မူ​သော​မေတ္တာတော်​သည် ထင်ရှား​လျက်​ရှိ၏။ ငါ​တို့သည် ဘုရားသခင်​ကို​ချစ်​ကြသည်​ဟု​မဆို။ ဘုရားသခင်​သည်​ငါ​တို့ကို​ချစ်၍ ငါ​တို့​အပြစ်ဖြေ​စ​ရာ​အကြောင်း​ဖြစ်စေ​ခြင်း​ငှာ သားတော်ကို​စေလွှတ်​တော်​မူ​သော​အရာ​၌ ချစ်ခြင်း​မေတ္တာ​ရှိ၏။”—၁ ယောဟန် ၄:၈-၁၀

ဤ​မေတ္တာတော် မည်မျှ​ကြီးမား​သည်ကို သင်​သဘောပေါက်​နားလည်​ပါသလော။ သင်သည် အရှိန်​နှင့်​စီး​နေသော ရေစီးကြောင်း​တွင် ရေနစ်​နေရာ လူတစ်ဦး​က သင့်ကို သက်စွန့်​ကြိုးပမ်း ကယ်ဆယ်​လိုက်​သည်​ဆိုပါစို့။ ထို​သူကို သင်​မေ့​ပစ်လိုက်​မည်​လော၊ သို့​မဟုတ် သူ့ကို အလွန်​တ​ရာ​ကျေးဇူး​တင်​မည်​မဟုတ်လော။ ထို​သူ​အတွက် သင်​တတ်နိုင်​သမျှ လုပ်ဆောင်ပေး​ရန် အသင့်ရှိ​မည်​မဟုတ်လော။ ဘုရားသခင်​သည် မိမိ၏​သားတော်၊ ယေရှု​ခရစ်​ကို ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​အဖြစ်​ပေး​ရာ​၌ ကိုယ်တော်​တင်ပြ​ခဲ့​သော​မေတ္တာ​မှာ တု​နှိုင်း​မရအောင် သာလွန်​ကြီးမား​ပါ​သည်။ (ယောဟန် ၃:၁၆; ရောမ ၈:၃၈၊ ၃၉) ဘုရားသခင့်​မေတ္တာတော်​ကြောင့် သင့်​နှလုံး​ထိမိ​သောအခါ ကိုယ်တော်​အား စိတ်နှလုံး​အကြွင်းမဲ့​ချစ်​မြတ်နိုး​ပြီး ကိုယ်တော့်​အမှုတော်ကို ထမ်း​လို​ပေ​လိမ့်​မည်။

ယခု​နှင့် အနာဂတ်​ကောင်းချီး​များ

ဘုရားသခင့်​အလိုတော်​ဆောင်​ရသော အဓိက​အကြောင်းရင်း​မှာ ကိုယ်တော်​အား ချစ်သော​ကြောင့်​ဖြစ်​သင့်​သည်​မှန်​သော်လည်း ဘုရားသခင်​သည် မိမိ​အမှုတော်ကို​ထမ်းဆောင်သူ​တို့အား ဆုချ​ပေး​တော်​မူ​ကြောင်း သိရ​ခြင်း​သည် နှလုံး​နွေးထွေး​စ​ရာ​ပင်​ဖြစ်သည်။ တမန်​တော်​ပေါလု​က ဤသို့​ဖော်ပြ​သည်– “ယုံကြည်ခြင်း​မ​ရှိလျှင် ဘုရားသခင်​၏​စိတ်တော်နှင့်​မ​တွေ့​နိုင်။ အကြောင်း​မူ​ကား၊ ဘုရားသခင့်​အထံတော်​သို့​ချဉ်းကပ်​သော​သူသည် ဘုရားသခင်​ရှိ​တော်​မူ​သည်ကို​လည်းကောင်း၊ ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို​လည်းကောင်း ယုံကြည်​ရမည်။”—ဟေဗြဲ ၁၁:၆

ဘုရားသခင်​ကို ချစ်​မြတ်နိုး​ပြီး နာခံ​သူတို့ကို ကိုယ်တော်​အမှန်​ကောင်းချီး​ပေး​တော်​မူ​သည်။ ကျမ်းစာ​မူများ​ကို လိုက်နာခြင်း​ကြောင့် လူများစွာ ကျန်းမာ​ရေး​ပို​ကောင်း​ကြသည်။ (သု. ၂၃:၂၀၊ ၂၁; ၂ ကောရိန္သု ၇:၁) ရိုးသား​ဖြောင့်မတ်ခြင်း​နှင့် လုံ့လ​ဝီရိယ​ရှိ​ခြင်း​နှင့်​ဆိုင်သော ကျမ်းစာ​မူများ​ကို လက်တွေ့​ကျင့်သုံး​သူများ​သည် အလုပ်ရှင်​များ​၏ ယုံကြည်​စိတ်ချမှု​ကို အများအားဖြင့်​ရရှိကြ​သဖြင့် ငွေကြေး​ပို​ဖူလုံ​ကြသည်။ (ကောလောသဲ ၃:၂၃) ဘုရားသခင့်​ကျေးကျွန်​များသည် ယေဟောဝါ​ကို ယုံကြည်​ကိုးစားခြင်း​ကြောင့် ခံရ​ခက်​သော​အခြေအနေ​များ​တွင်​ပင် စိတ်​ငြိမ်သက်မှု​ရရှိ​ကြသည်။ (သု. ၂၈:၂၅; ဖိလိပ္ပိ ၄:၆၊ ၇) ထို့​ထက်​ကား၊ လာ​မည့်​မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ကောင်းချီး​ခံစား​ရဖို့ သူတို့​စိတ်ချ​လက်ချ စောင့်မျှော်​ကြသည်။—ဆာလံ ၃၇:၁၁၊ ၂၉

ယေဟောဝါ​ထံ​တော်​မှ အဆိုပါ​ကောင်းချီး​များ​ခံစား​နေရသူ​တို့သည် ကိုယ်တော့်​အပေါ် အဘယ်​စိတ်ထား​မျိုး​ရှိကြ​သနည်း။ ကနေဒါ​နိုင်ငံ​မှ ခရစ်ယာန်​တစ်ဦး​ဖြစ်သူ ဂျက်​က​လင်း​က ဘုရားသခင်​အား ကျေးဇူး​တင်​ကြောင်း ဤသို့​ဖော်ပြ​သည်– “ကိုယ်တော်​ဟာ ကျွန်မ​တို့ကို တကယ်​ကောင်း​တဲ့​လက်ဆောင်မွန်​တွေ အမြဲ​ပေးသနား​တော်​မူ​ပြီး ထာဝရ​အသက်​ရမယ်​လို့​လည်း ကျွန်မ​တို့ကို​စိတ်ချ​စေတယ်။” အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သော အေ​ဘယ်​လ်​က သူ၏​စိတ်ထား​ကို ဤသို့​ဖော်ပြ​သည်– “မြေကြီး​ပရဒိသု​ပေါ်မှာ ထာဝစဉ်​အသက်ရှင်​ရဖို့​မျှော်လင့်ချက်ဟာ ကျွန်တော့်​အတွက် အသစ်အဆန်းပဲ၊ အဲဒီ​အချိန်ကို ကျွန်တော်​စောင့်မျှော်​နေပါတယ်။ ဒါပေမဲ့ ပရဒိသု​မရှိခဲ့​ရင်တောင် ဘုရားသခင့်​အမှုထမ်း​ပြီး ကိုယ်တော့်​ကို​ချစ်​ကြောင်း တင်ပြ​ခွင့်​ရတာဟာ ကျွန်တော့်​အတွက် ပျော်ရွှင်မှု​တစ်ခု​ပဲ။”

အသင်​လည်း စစ်မှန်သော​ယုံကြည်ခြင်း​ရှိ​နိုင်

ယေဟောဝါ​သည် “နှလုံး​ကျောက်ကပ်​ကို​စစ်ကြော​၍ တရား​သဖြင့်​စီရင်တော်မူ” သည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (ယေရမိ ၁၁:၂၀) မှန်ပါသည်၊ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ အတွင်းအကျဆုံး​စိတ်ထဲ​၌ ဝှက်ထား​ရာ​တို့ကို ဆန်းစစ်​တော်​မူ​၏။ တစ်ဦးစီ​သည် ဘုရားသခင်​အား အဘယ်ကြောင့်​ယုံကြည်​ရ​ကြောင်း ဆန်းစစ်​ကြည့်​သင့်​သည်။ ဘုရားသခင်​နှင့်​ပတ်သက်​၍ လွဲမှား​သော​အယူအဆ​များ​ကြောင့် အတိတ်​တွင် မှားယွင်းသော​လုပ်ရပ်များ​ပြုလုပ်​မိ​ခဲ့​မည်။ သို့သော် တိကျ​မှန်ကန်သော​ကျမ်းစာ​အသိပညာက ဖန်ဆင်း​ရှင်၊ ယေဟောဝါ​ဘုရားသခင်​နှင့် မှန်ကန်သော​ဆက်ဆံ​ရေး​ရရှိ​စေနိုင်​သည်။—၁ တိမောသေ ၂:၃၊ ၄

ယေဟောဝါသက်သေ​များသည် အိမ်များတွင် အခမဲ့​ကျမ်းစာ​သင်ပေးခြင်း​အားဖြင့် ဘုရားသခင်​၏​တိကျ​မှန်ကန်သော​အသိပညာကို လူ​တို့အား သိရှိ​စေ​ကြသည်။ (မဿဲ ၂၈:၂၀) ထို​အကူအညီကို လက်ခံခဲ့​သူများစွာ​သည် ဘုရားသခင်​ကို ချစ်​မြတ်နိုး​လာပြီး ကိုယ်တော့်​အား အမှန်တကယ်​ယုံကြည်​အားထား​လာ​ခဲ့​ကြပြီ။ သမ္မာကျမ်းစာ​ကို လေ့လာခြင်း​အားဖြင့် သူတို့သည် အန္တရာယ်​ထူပြော​သော ဤ​အချိန်ကာလ​တွင် “လုံခြုံစွာ​သွား” ရန် ထောက်ကူ​ပေး​မည့် ‘လက်တွေ့ကျ​ဉာဏ်ပညာ​နှင့် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း’ ကို​ရရှိခဲ့​ကြသည်။ (သု. ၃:၂၁-၂၃သမ္မာ) အရေး​အကြီးဆုံး​မှာ၊ အနာဂတ်​အတွက် “မြဲမြံ​ခိုင်ခံ့​သော” မျှော်လင့်ချက် ယခု သူတို့တွင်​ရှိ၏။ (ဟေဗြဲ ၆:၁၉) အသင်​လည်း စစ်မှန်သော​ယုံကြည်ခြင်း​ရှိပြီး အဆိုပါ​ကောင်းချီး​များ​ကို ခံစား​နိုင်​ပါ​သည်။

[စာမျက်နှာ ပါ လေးထောင့်ကွက်]

အဖြေ​လိုအပ်သော စိတ်ရှုပ်​ထွေး​စ​ရာ​မေးခွန်းများ

“ဆေး​ကျောင်းသား​ဘဝက ဆေးရုံ​မှာ ကျွန်တော်​လက်တွေ့​သင်တန်းဆင်း​တဲ့​အချိန်​မှာ အနာ​ရောဂါ​နဲ့ ဘေးဆိုးတွေ​ကြောင့် နာကျင်​ညည်းတွား​နေကြ​တဲ့ လူကောင်းတွေကို ကျွန်တော်​မြင်တွေ့ ခဲ့​ရတယ်။ ဘုရားသခင်​ရှိမယ်ဆိုရင် ဘာကြောင့် ဒါတွေ​ဖြစ်လာ​ရတာလဲ။ ဘာသာရေး​ဆိုတာ စိတ်​ငြိမ်သက်မှု​ရဖို့ နည်းလမ်း​တစ်ခု​ဖြစ်​ရုံ​ပဲ​လား။”—ကိုရီးယား​နိုင်ငံ​မှ . . .။

“ကျွန်မ​ရဲ့​အဖေ အရက်သမား​ဟာ ငရဲ​ပဲ​ရောက်နေ​သလား ဒါမှ​မဟုတ် ကောင်းကင်​ပဲ​ရောက်နေ​သလား​ဆိုတာ​ကို ကျွန်မ​သိချင်​တာ​ကြာပြီ။ လူသေတွေနဲ့ မီးငရဲ​အယူအဆကို ကျွန်မ​အရမ်း​ကြောက်​တာ။ မေတ္တာရှင်​ဘုရားသခင်​ဟာ လူတစ်ယောက်ကို ဘယ်လို​လုပ် မီးငရဲ​မှာ ထာဝရ​ဝေဒနာ​ခံစား​စေနိုင်​တာလဲ​ဆိုတာ ကျွန်မ​နားမလည်​နိုင်​ခဲ့​ဘူး။”—ဘရာဇီး​မှ . . .။

“ကမ္ဘာ​မြေကြီးနဲ့ လူသားတို့​အတွက် ဘာ​အနာဂတ်​ရှိသလဲ။ လူတွေ ဘယ်လို​ထာဝစဉ်​အသက်ရှင်​နိုင်​မလဲ။ စစ်မှန်​တဲ့​ငြိမ်သက်မှု​ကို လူတွေ​ဘယ်လို​ရနိုင်မလဲ။”—ဂျာမနီ​မှ . . .။

ကျွန်တော့်​အတွက် ပြန်ဝင်စားခြင်း​သွန်သင်ချက်​ဟာ အဓိပ္ပာယ်​မရှိဘူး။ တိရစ္ဆာန်​တွေ​က ဝတ်​မှ မပြု​တတ်ကြ​တာ၊ ဒီတော့ အကြောင်း​တစ်ခုခု​ကြောင့် ကိုယ့်​အပြစ်တွေကို​ပေး​ဆပ်​ဖို့ တိရစ္ဆာန်​တစ်ကောင်​အဖြစ် ပြန်ဝင်​စား​ရတယ်​ဆိုရင် ကိုယ့်​အမှားတွေကို​ပြုပြင်​ပြီး အဲဒီ​အခြေအနေ​ကနေ ဘယ်လို​တိုးတက်လာ​နိုင်​မလဲ။”—တောင်​အာဖရိက​မှ . . .။

“ကွန်ဖြူးရှပ်​ဘာသာဝင်​မိသားစုမှာ ကျွန်တော် ကြီးပြင်း​လာ​ခဲ့​ပြီး အိပ်စက်​နား​နေတဲ့ ဘိုးဘေး​တွေ​အတွက် ကျင်းပ​တဲ့​ပွဲ​တွေ​မှာ ပါဝင်​နေကျ​ဖြစ်တယ်။ ယဇ်​ပူဇော်​တဲ့​စားပွဲ​ကို တည်ခင်း​ပြီး ဦးချ​နေတုန်းမှာ ကွယ်လွန်​သွားတဲ့​ဘိုးဘေး​တွေ အစာ​လာ​စား၊ မစား ကျွန်တော်​တို့​ဦးချ​တာ​ကို သူတို့​တွေ့၊ မ​တွေ့​ဆိုတာ ကျွန်တော်​သိချင်ခဲ့တယ်။”—ကိုရီးယား​မှ . . .။

ထို​သူအား​လုံး​တို့သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​သောအခါ သူတို့​မေးခွန်းများ​၏​အဖြေ​များ​ကို ရသွား​ကြသည်။