မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်ချက်အမှား ၁- ဝိညာဉ်မသေနိုင်

သွန်သင်ချက်အမှား ၁- ဝိညာဉ်မသေနိုင်

ထိုသွန်သင်ချက်အမှား၏ ဇာစ်မြစ်ကား အဘယ်နည်း။

“အစောပိုင်း ခရစ်ယာန် အတွေးအခေါ် ပညာရှင်များသည် ဝိညာဉ်မသေနိုင်ဟူသော ဂရိအတွေးအခေါ်ကို လက်ခံခဲ့ကြသည်၊ ဘုရားသခင်သည် ဝိညာဉ်ကို ဖန်ဆင်း၍ သန္ဓေတည်စဉ် ကိုယ်ခန္ဓာထဲ ထည့်သွင်းပေးခဲ့သည်ဟု သူတို့ ယူဆခဲ့ကြသည်။”—ဗြိတဲန်နီကာ စွယ်စုံကျမ်းသစ် (၁၉၈၈)၊ အတွဲ ၁၁၊ စာမျက်နှာ ၂၅။

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း။

“ပြစ်မှားသော ဝိညာဉ် [ဟေဗြဲ၊ နီးဖက်ရှ်] သည် အသက် သေရမည်။”—ယေဇကျေလ ၁၈:၄

ပထမဆုံးလူသားကို ဖန်ဆင်းခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာတွင် ဤသို့ဆိုထားသည်– “ထာ၀ရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါ [ဟေဗြဲ၊ နီးဖက်ရှ်] ဖြစ်လေ၏။”—ကမ္ဘာဦး ၂:၇

“ဝိညာဉ်” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံး နီးဖက်ရှ်သည် ‘အသက်ရှူသောသတ္တဝါ’ ဟူသောအဓိပ္ပာယ် ရှိ၏။ ဘုရားသခင်သည် ပထမဆုံးလူသား အာဒံကို ဖန်ဆင်းခဲ့ချိန်တွင် သူ၏ခန္ဓာကိုယ်ထဲသို့ မသေနိုင်သောဝိညာဉ်ကို မဟုတ်ဘဲ အသက်ရှူခြင်းအားဖြင့် ဆက်ရှင်သန်နေမည့် အသက်စွမ်းအားကို ထည့်သွင်းပေးတော်မူခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ဖော်ပြထားသော “ဝိညာဉ်” ဟူသည် အသက်ရှင်နေသော သတ္တဝါကို ဆိုလိုသည်။ ဘုရားသခင်ပေးထားသော အသက်စွမ်းအား မရှိတော့လျှင် ထိုသတ္တဝါ သို့မဟုတ် ဝိညာဉ်သည် သေလေ၏။—ကမ္ဘာဦး ၃:၁၉။ ယေဇကျေလ ၁၈:၂၀

ဝိညာဉ်မသေနိုင်ဟူသော အယူဝါဒကြောင့် မေးခွန်းများစွာ ပေါ်ထွက်ခဲ့ပြီ– လူသေလွန်ပြီးနောက် ဝိညာဉ်သည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ လူဆိုးများ၏ဝိညာဉ် မည်သို့ ဖြစ်သွားသနည်း။ အမည်ခံခရစ်ယာန်များသည် ဝိညာဉ်မသေနိုင်ဟူသော ထိုသွန်သင်ချက်အမှားကို လက်ခံခဲ့ခြင်းကြောင့် ထပ်ဆင့်အမှားတစ်ခုဖြစ်သော မီးငရဲသွန်သင်ချက်ကို လက်ခံခဲ့ရလေပြီ။

ဤကျမ်းချက်များကို နှိုင်းယှဉ်ကြည့်ပါ– ဒေ. ၃:၁၉။ မဿဲ ၁၀:၂၈သမ္မာကျမ်း။ တမန်တော် ၃:၂၃သမ္မာကျမ်း။

အမှန်တရား-

လူတစ်ဦး သေဆုံးသွားသောအခါ ထိုသူ မတည်ရှိတော့