မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်တရားစီရင်ချက်များ—ရက်စက်တဲ့ လုပ်ရပ်တွေလား

ဘုရားသခင့်တရားစီရင်ချက်များ—ရက်စက်တဲ့ လုပ်ရပ်တွေလား

အဲဒီမေးခွန်းရဲ့ အဖြေကိုရဖို့ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့ တရားစီရင်ချက်နှစ်ခုကို အကျဉ်းချုပ် သုံးသပ်ကြည့်ရအောင်။ အဲဒါတွေကတော့ နောဧခေတ် ရေလွှမ်းမိုးဘေးနဲ့ ခါနာန်လူမျိုးကို ဖျက်ဆီးခြင်းတို့ဖြစ်ပါတယ်။

နောဧခေတ် ရေလွှမ်းမိုးဘေး

လူတချို့ ပြောဆိုရာ– “နောဧနဲ့ သူ့မိသားစုကလွဲပြီး ကျန်တဲ့လူသားအားလုံးကို ရေလွှမ်းမိုးဘေးနဲ့ ဘုရားသခင် ဖျက်ဆီးလိုက်တာက ရက်စက်ရာကျတယ်။”

သမ္မာကျမ်းစာ ပြောဆိုရာ– ဘုရားသခင် ဒီလိုပြောခဲ့တယ်– “ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။” (ယေဇကျေလ ၃၃:၁၁) ဒါကြောင့် နောဧခေတ်က ဆိုးသွမ်းတဲ့သူတွေ ဖျက်ဆီးခံလိုက်ရတာကို ဘုရားသခင် လုံးဝမနှစ်သက်ပါဘူး။ ဒါဆိုရင် ဘာဖြစ်လို့ ဖျက်ဆီးခဲ့တာလဲ။

အတိတ်က ဘုရားတရားမဲ့သူတွေကို အဲဒီလိုတရားစီရင်ခဲ့တာနဲ့ပတ်သက်ပြီး “ဘုရားတရားမဲ့သူတို့၌ ဖြစ်ရမည့်အရာများ၏ ပုံနမူနာ” ကို ဘုရားသခင် ချမှတ်ခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၂ ပေတရု ၂:၅၊ ၆) ဘယ်ပုံနမူနာကို ဘုရားသခင် ချမှတ်ခဲ့တာလဲ။

ပထမ၊ လူတွေကို ဖျက်ဆီးတာက ဘုရားသခင့်စိတ်ကို နာကျင်စေပေမဲ့လည်း ဆင်းရဲဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့သူတွေကို ကိုယ်တော် သတိပြုမိပြီး သူတို့ရဲ့လုပ်ရပ်အတွက် စာရင်းရှင်းခြင်းဖြစ်တယ်ဆိုတာ သက်သေထူခဲ့တယ်။ ဒါပေမဲ့ အချိန်တန်တဲ့အခါ မတရားမှုနဲ့ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် အဆုံးတိုင်စေပါတော့မယ်။

ဒုတိယ၊ လူတွေကို ဘုရားသခင် တရားမစီရင်ခင် မေတ္တာနဲ့ သတိပေးတယ်ဆိုတာကို ဘုရားသခင်ရဲ့ အတိတ်က တရားစီရင်ချက် ပုံနမူနာက သက်သေထူတယ်။ နောဧဟာ လူတွေကို သတိပေးခဲ့ပေမဲ့ လူအများစုက လျစ်လျူရှုခဲ့ကြတယ်။ “ရေလွှမ်းမိုးဘေးရောက်၍ လူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြ” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—မဿဲ ၂၄:၃၉

ယေဟောဝါဘုရားသခင်ဟာ အဲဒီပုံနမူနာအတိုင်း လုပ်ဆောင်ခဲ့ပါသလား။ လုပ်ဆောင်ခဲ့ပါတယ်။ ဥပမာ၊ အစ္စရေးလူတွေဟာ အိမ်နီးချင်းနိုင်ငံတွေက လူတွေအတိုင်း ဆိုးသွမ်းတဲ့လမ်းစဉ်ကို လိုက်မယ်ဆိုရင် သူတို့တိုင်းပြည်ကို ရန်သူတွေ ကျူးကျော်ဝင်ရောက်လာပြီး ဂျေရုဆလင်မြို့ကို ဖျက်ဆီးမယ့်အပြင် သူတို့ကို သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခွင့်ပြုမယ်လို့ ဘုရားသခင် သတိပေးခဲ့တယ်။ ဒါပေမဲ့ အစ္စရေးလူတွေဟာ ကလေးကို ယဇ်ပူဇော်တဲ့အထိ ကမ်းကုန်အောင် ဆိုးသွမ်းခဲ့ကြတယ်။ သူတို့ကို ဘုရားသခင် အရေးယူခဲ့ပါသလား။ အရေးယူခဲ့ပါတယ်။ ဒါပေမဲ့ အချိန်မနှောင်းခင် သူတို့ရဲ့လမ်းစဉ်ကို ပြောင်းလဲဖို့ ပရောဖက် (ကြိုဟောသူ) တွေကို စေလွှတ်ပြီး သူတို့ကို အထပ်ထပ် သတိပေးပြီးတဲ့နောက်မှပဲ အရေးယူခဲ့ပါတယ်။ ဒီလိုတောင် ဘုရားသခင် မိန့်ဆိုခဲ့တယ်– “အရှင်ထာဝရဘုရားသည် မိမိကျွန် ပရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။”—အာမုတ် ၃:၇

သင်နဲ့သက်ဆိုင်ပုံ– ယေဟောဝါဘုရားသခင်ရဲ့ အတိတ်က တရားစီရင်ချက်ပုံနမူနာက ကျွန်ုပ်တို့ကို မျှော်လင့်ချက်ရှိစေပါတယ်။ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်စေတဲ့သူတွေကို ဘုရားသခင် တရားစီရင်တော့မယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချစွာ စောင့်မျှော်နိုင်တယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အဆိုးပြုကျင့်သောသူတို့သည် ပယ်ရှားခြင်း ခံရကြလိမ့်မည်။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကို အပိုင်ရ၍ များပြားသော ငြိမ်သက်ခြင်းချမ်းသာ၌ မွေ့လျော်ကြရလိမ့်မည်။” (ဆာလံ ၃၇:၉-၁၁သမ္မာ) လူသားတွေကို ဆင်းရဲဒုက္ခကနေ လွတ်မြောက်စေတဲ့ တရားစီရင်ချက်ကို သင် ဘယ်လိုယူဆပါသလဲ။ ရက်စက်တဲ့လုပ်ရပ်လား ဒါမှမဟုတ် သနားကြင်နာတဲ့လုပ်ရပ်လား။

ခါနာန်လူမျိုးကို မျိုးဖြုတ်ဖျက်ဆီးခြင်း

လူတချို့ ပြောဆိုရာ– “ခါနာန်လူမျိုးကို မျိုးဖြုတ်ဖျက်ဆီးလိုက်တာက ရက်စက်တဲ့ စစ်ပွဲဖြစ်ပြီး ဒီနေ့ခေတ် မျိုးဖြုတ်သတ်ဖြတ်မှုနဲ့ ဆင်တူတယ်။”

သမ္မာကျမ်းစာ ပြောဆိုရာ– ‘[ဘုရားသခင်] စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်သောဘုရား ဖြစ်တော်မူ၏။’ (တရားဟောရာ ၃၂:၄) ဘုရားသခင်ရဲ့ တရားစီရင်ချက်တွေကို လူသားတွေရဲ့ စစ်ပွဲနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ လူသားတွေနဲ့မတူဘဲ လူ့အတွင်းစိတ်ကို သိနိုင်တဲ့အတွက်ဖြစ်တယ်။

ဥပမာ၊ သောဒုံနဲ့ ဂေါမောရမြို့ကို တရားစီရင်ပြီး ဖျက်ဆီးဖို့ ဘုရားသခင် ဆုံးဖြတ်လိုက်တဲ့အခါ ကိုယ်တော်ရဲ့ဆုံးဖြတ်ချက်က တရားမျှတမှုရှိမရှိ သစ္စာစောင့်သိတဲ့ အာဗြဟံ သိချင်ခဲ့တယ်။ တရားမျှတတဲ့ ဘုရားသခင်ဟာ “ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ဖျက်ဆီး” မယ်ဆိုတာကို အာဗြဟံ မယုံနိုင်ခဲ့ဘူး။ သောဒုံမြို့မှာ ဖြောင့်မတ်တဲ့သူ ဆယ်ယောက်ရှိမယ်ဆိုရင်တောင် ဖျက်ဆီးမှာမဟုတ်ဘူးလို့ သူ့ကို ဘုရားသခင် စိတ်ချစေခဲ့တယ်။ (ကမ္ဘာဦး ၁၈:၂၀-၃၃) ရှင်းနေတာက၊ ဘုရားသခင်ဟာ အဲဒီမြို့သားတွေရဲ့ အတွင်းစိတ်ကို သိရှိပြီး သူတို့ ဘယ်လောက်ဆိုးသွမ်းတယ်ဆိုတာကို မြင်တွေ့ခဲ့ပါတယ်။—၁ ရာဇဝင်ချုပ် ၂၈:၉

ထပ်တူပါပဲ၊ ခါနာန်လူမျိုးတွေရဲ့ ဆိုးသွမ်းမှုကို ဘုရားသခင် တွေ့မြင်တဲ့အတွက် သူတို့ကို ဖျက်ဆီးဖို့ အမိန့်ပေးခဲ့တယ်။ ခါနာန်လူမျိုးတွေဟာ ရက်စက်တဲ့နေရာမှာ နာမည်ကြီးတယ်။ ကလေးတွေကို အရှင်လတ်လတ် မီးရှို့ပူဇော်တဲ့အထိတောင် ရက်စက်ကြတယ်။ * (၄ ဓမ္မရာဇဝင် ၁၆:၃) ယေဟောဝါဘုရားသခင်က အစ္စရေးလူမျိုးကို ခါနာန်ပြည် တစ်ခုလုံး သိမ်းယူဖို့ မိန့်မှာထားတယ်ဆိုတာ ခါနာန်လူတွေ သိထားတယ်။ ခါနာန်ပြည်မှာ ဆက်နေထိုင်ပြီး စစ်တိုက်ဖို့ ရွေးချယ်တဲ့ ခါနာန်လူတွေဟာ အစ္စရေးလူတွေကိုပဲ ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ အစ္စရေးလူတွေနဲ့အတူ မိမိရှိတယ်ဆိုတာ သက်သေအခိုင်အမာပြခဲ့တဲ့ ယေဟောဝါဘုရားသခင်ကိုပါ ဆန့်ကျင်နေတာဖြစ်တယ်။

ဆိုးသွမ်းတဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး မြင့်မားတဲ့ ကိုယ့်ကျင့်တရားစံနှုန်းတွေကို လိုက်နာတဲ့ ခါနာန်လူမျိုးတွေကို ဘုရားသခင် ကရုဏာပြခဲ့တယ်။ ဥပမာ၊ ခါနာန်လူမျိုး ပြည့်တန်ဆာ ရာခပ်ဟာ သူ့မိသားစုနဲ့အတူ ကယ်တင်ခံခဲ့ရတယ်။ ခါနာန်လူမျိုး ဂိဗောင်မြို့သားတွေဟာ အသနားခံတဲ့အတွက် သူတို့နဲ့ သူတို့သားသမီးတွေအားလုံး အသက်ရှင် ကျန်ရစ်ခဲ့တယ်။—ယောရှု ၆:၂၅; ၉:၃၊ ၂၄-၂၆

သင်နဲ့သက်ဆိုင်ပုံ– ခါနာန်လူမျိုးတွေကို တရားစီရင်ခြင်းကနေ အရေးကြီးတဲ့ သင်ခန်းစာကို ကျွန်ုပ်တို့ သိရှိနိုင်ပါတယ်။ အခုအချိန်မှာ “ဘုရားတရားမဲ့သူတို့ကို ဖျက်ဆီးမည့် တရားစီရင်ရာနေ့” ဟာ နီးသည်ထက် နီးလာနေပါပြီ။ (၂ ပေတရု ၃:၇) ယေဟောဝါဘုရားသခင်ဟာ မိမိရဲ့အုပ်ချုပ်မှုကို ငြင်းပယ်တဲ့သူအားလုံး ကမ္ဘာပေါ်ကနေ ဖယ်ရှားခြင်းအားဖြင့် ဆင်းရဲဒုက္ခအားလုံးကို ပပျောက်စေမှာဖြစ်တယ်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်မြတ်နိုးပြီး ကိုယ်တော်နှစ်သက်ရာကို လုပ်ဆောင်မယ်ဆိုရင် အဲဒီအချိန်ရောက်တဲ့အခါ အကျိုးခံစားရပါလိမ့်မယ်။

ခါနာန်လူမျိုးတွေဟာ ရက်စက်တဲ့နေရာမှာ နာမည်ကြီးပြီး ဘုရားသခင်နဲ့ ကိုယ်တော့်လူမျိုးကို တမင်တကာ ဆန့်ကျင်ကြ

မိဘတွေရဲ့ ရွေးချယ်မှုက သားသမီးတွေအပေါ် ကောင်းကျိုးဆိုးကျိုး သက်ရောက်နိုင်တယ်ဆိုပြီး ကျွန်ုပ်တို့ကို ဘုရားသခင် မေတ္တာပါစွာ သတိပေးတယ်။ ဘုရားသခင် ဒီလိုမိန့်မှာခဲ့တယ်– ‘အသက်ရှင်ခြင်းကို ရွေးယူကြလော့။ သင်တို့နှင့် သင်တို့၏အဆက်အနွယ်များ ကြာရှည်စွာ အသက်ရှင် နေထိုင်နိုင်စေရန် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ချစ်၍ အမိန့်တော်ကို နာခံလျက် ကိုယ်တော်ရှင်အား ဆည်းကပ်ကိုးကွယ်ကြလော့။’ (တရားဟောရာ ၃၀:၁၉၊ ၂၀) ရက်စက်တဲ့ဘုရားသခင်က အဲဒီလိုပြောပါ့မလား။ လူသားတွေကိုချစ်မြတ်နိုးပြီး မှန်ရာကို ရွေးချယ်လုပ်ကိုင်စေလိုတဲ့ ဘုရားသခင်ကပဲ အဲဒီလိုပြောမှာမဟုတ်ဘူးလား။

^ စာပိုဒ်၊ 15 ခါနာန်လူမျိုးတွေရဲ့ ဝတ်ပြုရေးမှာ ကလေးယဇ်ပူဇော်ခြင်း ပါဝင်တယ်ဆိုတာကို ရှေးဟောင်းသုတေသနပညာရှင်တွေ တူးဖော်တွေ့ရှိခဲ့ရာတွေက သက်သေထူတယ်။