မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခင်ပွန်းတို့​—သင်တို့ရဲ့အိမ်ထောင်ကို သာယာချမ်းမြေ့တဲ့ရိပ်မြုံဖြစ်အောင် ကြိုးစားပါ

ခင်ပွန်းတို့​—သင်တို့ရဲ့အိမ်ထောင်ကို သာယာချမ်းမြေ့တဲ့ရိပ်မြုံဖြစ်အောင် ကြိုးစားပါ

ခင်ပွန်းတို့ သင့်ဇနီး စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ပေးနိုင်သလဲ။ မိသားစုရဲ့စားဝတ်နေရေးအတွက် ခင်ပွန်းတွေမှာ အဓိက တာဝန်ရှိတယ်လို့ လူအတော်များများက ယူဆထားကြတယ်။ ဇနီးတချို့ဟာ ငွေကြေးချမ်းသာပေမဲ့ စိတ်ချမ်းသာမှုမရှိတဲ့အပြင် သောကပင်လယ်ဝေနေကြတယ်။ ဥပမာ၊ စပိန်အမျိုးသမီး ရိုဆာက သူ့ခင်ပွန်းနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “သူက တစိမ်းတွေနဲ့ကျတော့ သဘောကောင်းလိုက်တာ၊ အိမ်ရောက်ပြီဆိုတာနဲ့ ဘီလူးဆိုင်းတီးတော့တာပဲ။” နိုင်ဂျီးရီးယားနိုင်ငံက ဂျွိုင်းဆိုတဲ့အမျိုးသမီးကလည်း ဒီလိုပြောတယ်– “ကျွန်မခင်ပွန်းနဲ့ ကျွန်မ စကားများပြီဆိုရင် ‘ငါက မင်းယောက်ျား၊ ငါပြောတာတွေအကုန်လုံး မင်းလုပ်၊ ဘာမှ အတွန့်တက်မနေနဲ့’ လို့ သူ ပြောတတ်တယ်။”

ခင်ပွန်းတစ်ယောက်အနေနဲ့ သင့်ရဲ့အိမ်ထောင်တာဝန်ကို မေတ္တာနဲ့ ဘယ်လိုထမ်းဆောင်နိုင်မလဲ။ သင့်ရဲ့အိမ်ထောင်ကို သာယာချမ်းမြေ့တဲ့ ရိပ်မြုံလေးဖြစ်အောင်၊ သင့်ဇနီးကို စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ပေးနိုင်သလဲ။—ရုသ ၁:၉

ခင်ပွန်းရဲ့အခွင့်အာဏာနဲ့ပတ်သက်ပြီး ကျမ်းစာအဆို

ဘုရားသခင်က ခင်ပွန်းနဲ့ ဇနီးကို အဆင့်အတန်းမခွဲခြားဘဲ တန်းတူညီတူသဘောထားတယ်။ ဒါပေမဲ့ အိမ်ထောင်တာဝန်ကို သူတို့ ထမ်းဆောင်တဲ့အခါ မတူညီကြဘူးလို့ ကျမ်းစာမှာ ဆိုထားတယ်။ အမျိုးသမီးတစ်ယောက်က အိမ်ထောင်ပြုပြီးတဲ့အခါ “ခင်ပွန်း၏တရား” ဥပဒေအောက် ရောက်သွားတယ်။ (ရောမ ၇:၂) အဖွဲ့အစည်းအတော်များများမှာ ကိစ္စဝိစ္စတွေကို ဦးစီးလုပ်ဆောင်ဖို့ ကြီးကြပ်မှူးခန့်အပ်ထားသလို ဇနီးသည်ကို ဦးစီးဖို့ ခင်ပွန်းသည်ကို ဘုရားသခင် ခန့်အပ်ပေးထားပါတယ်။ (၁ ကောရိန္သု ၁၁:၃) ဒါကြောင့် ခင်ပွန်းတို့၊ သင်တို့ရဲ့အိမ်ထောင်ကို ဦးစီးဦးဆောင်ပြုသင့်တယ်။

ခင်ပွန်းဖြစ်တဲ့ သင်ဟာ ဘုရားပေး အခွင့်အာဏာကို ဘယ်လိုကျင့်သုံးသင့်သလဲ။ ‘ခရစ်တော်သည် အသင်းတော်ကို ချစ်သကဲ့သို့ သင်တို့၏ဇနီးကို ဆက်၍ချစ်နေကြလော့’ လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ဧဖက် ၅:၂၅) ယေရှုခရစ်က အိမ်ထောင်သည်မဟုတ်ပေမဲ့ ကိုယ်တော်ရဲ့ပုံနမူနာကို သင် လိုက်လျှောက်မယ်ဆိုရင် သင်လည်း ခင်ပွန်းကောင်း ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

ယေရှုရဲ့ဘဝပုံစံက ခင်ပွန်းတွေအတွက် စံနမူနာကောင်းဖြစ်

ယေရှုက တခြားသူတွေ စိတ်သက်သာမှုရအောင် ကြိုးစားကူညီပေးတယ်။ ဖိနှိပ်ခံရသူတွေ၊ ပြဿနာပေါင်းစုံနဲ့ ဝန်ပိနေတဲ့သူတွေကို ယေရှုက “ငါထံသို့ လာကြလော့။ သင်တို့ကို ငါလန်းဆန်းစေမည်” လို့ ကတိပေးခဲ့တယ်။ (မဿဲ ၁၁:၂၈၊ ၂၉) သူတို့ရဲ့ဆင်းရဲဝေဒနာတွေကို လျော့ပါးစေပြီး ဘုရားသခင်နဲ့ခင်မင်ရင်းနှီးအောင် ယေရှု ကူညီပေးခဲ့တယ်။ ဒါကြောင့် လူအတော်များများက မိမိတို့ရဲ့ဝန်တွေကို ယေရှု ပေါ့ပါးစေမယ်ဆိုတာ ယုံကြည်စိတ်ချလာပြီး ကိုယ်တော့်ကို ခင်မင်တွယ်တာလာကြတယ်။

ခင်ပွန်းတွေ ယေရှုကို တုပနိုင်ပုံ။ ဇနီးရဲ့အလုပ်တွေကို ဝိုင်းကူပေးဖို့ နည်းလမ်းရှာပါ။ “ကျွန်မခင်ပွန်းက ကျွန်မကို အစေခံကျွန်လောက်ပဲ သဘောထားတယ်” လို့ ခံစားရတဲ့ ရိုဆာလိုမျိုး တချို့ဇနီးတွေလည်း ခံစားနေရတယ်။ သာယာချမ်းမြေ့တဲ့အိမ်ထောင်ကို ပိုင်ဆိုင်ထားတဲ့ ကိုရဲသူကတော့ ဒီလိုပြောပြတယ်– “‘မိန်းမရေ၊ ငါ ဘာကူညီပေးရမလဲ’ လို့ ကျွန်တော် မေးတတ်တယ်။ အိမ်မှုကိစ္စတွေကို ကျွန်တော် ဝိုင်းကူပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ကျွန်တော် ချစ်တာကိုး။”

ယေရှုဟာ သူတစ်ပါးကို စာနာထောက်ထားတဲ့သူ ဖြစ်တယ်။ ဆင်းရဲတဲ့အမျိုးသမီးတစ်ယောက်ဟာ မီးယပ်သွေးသွန်နာရောဂါခံစားနေရတာ ၁၂ နှစ်ကြာနေပြီ။ ယေရှုမှာ အနာရောဂါ ကုသပေးနိုင်စွမ်းရှိတယ်လို့ ကြားတဲ့အခါ သူက “ငါသည် ဝတ်လုံကိုထိရုံမျှနှင့် ကျန်းမာလိမ့်မည်” လို့ တစ်ကိုယ်တည်း စဉ်းစားနေတယ်။ အဲဒီအတိုင်း သူ တို့ထိလိုက်တယ်။ အမျိုးသမီးက ယေရှုနားတိုးသွားပြီး ဝတ်လုံအောက်ခြေကို တို့ထိလိုက်တာနဲ့ သူ့ရောဂါပျေက်သွားတယ်။ ဒီအမျိုးသမီးက ရဲတင်းလွန်းလိုက်တာလို့ ဘေးနားကလူတချို့ ကောက်ချက်ချခဲ့ကြတယ်။ ဒါပေမဲ့ ယေရှုကတော့ သူဟာ ရောဂါပျောက်ချင်လွန်းလို့ တို့ထိလိုက်မှန်း သိလိုက်တယ်။ * ဒါနဲ့ သူ့ကို ယေရှုက “ငါ့သမီး . . . ရောဂါနှိပ်စက်ခြင်းကင်း၍ ကျန်းမာပါစေ” လို့ ကြင်ကြင်နာနာနဲ့ပြောခဲ့တယ်။ ယေရှုက သူ့ကို အော်ငေါက်ပြီး အပြစ်မတင်ခဲ့တဲ့အပြင် သူ့ရောဂါရဲ့အခြေအနေကို နားလည်ပေးခဲ့တယ်။ ဒီလိုနည်းနဲ့ ကိုယ်တော်ဟာ စာနာထောက်ထားမှုရှိတယ်ဆိုတာ ဖော်ပြခဲ့တယ်။—မာကု ၅:၂၅-၃၄

ခင်ပွန်းတွေ ယေရှုကို တုပနိုင်ပုံ။ သင့်ဇနီး နေမကောင်းတဲ့အခါ သူ့ကို အရင်ကထက် ပိုပြီးစာနာထောက်ထားပါ၊ စိတ်ရှည်ပါ။ ကိစ္စရပ်တွေကို သူ့လိုမျိုးရှုမြင်တတ်အောင် ကြိုးစားပါ။ သူ့ရဲ့တုံ့ပြန်မှုတွေကို နားလည်ပေးပါ။ ဥပမာ၊ ကိုကျော်စွာက ဒီလိုပြောပြတယ်– “ကျွန်တော့်ဇနီး အထိမခံကြွေပန်းကန်ဖြစ်နေမှန်း ကျွန်တော်ရိပ်မိတဲ့အခါ သူ စိတ်မကောင်းဖြစ်စေမယ့်အရာတွေကို မပြောမိဖို့ ကြိုးစားရှောင်တယ်။”

ယေရှုက တပည့်တွေနဲ့ ပြောဆိုဆက်သွယ်ခဲ့တယ်။ တပည့်တွေနဲ့ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ယေရှု စကားပြောတယ်။ “ငါသည် ခမည်းတော်ထံမှ ကြားသမျှကို သင်တို့အား ပြောပြ၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၁၅:၁၅) တစ်ခါတလေ ယေရှုဟာ တစ်ယောက်တည်း တွေးတောဆင်ခြင်ပြီး ဆုတောင်းချင်မှာပဲ။ ဒါပေမဲ့ တပည့်တွေကို သူ့ရဲ့ရင်တွင်းခံစားချက်တွေ ပြောပြတတ်တယ်။ ယေရှုဟာ ရာဇဝတ်သားလို့ စွပ်စွဲချက်နဲ့ အသတ်မခံရခင်ညမှာ တပည့်တွေကို “ငါသည် သေလောက်အောင် ပူပင်သောကရောက်” နေပြီလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ (မဿဲ ၂၆:၃၈) တပည့်တွေရဲ့လုပ်ရပ်ကြောင့် ယေရှု စိတ်ပျက်ခဲ့တဲ့အချိန်တွေမှာတောင် သူတို့နဲ့ စကားမပြောဘဲ မနေခဲ့ပါဘူး။—မဿဲ ၂၆:၄၀၊ ၄၁

ယေရှုရဲ့ပုံနမူနာကို တုပမယ်ဆိုရင် ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းဖြစ်လာနိုင်

ခင်ပွန်းတွေ ယေရှုကို တုပနိုင်ပုံ။ သင် စဉ်းစားနေတာတွေ၊ ခံစားနေရတာတွေကို ဇနီးကို ရင်ဖွင့်ပြောပြပါ။ ခင်ပွန်းက သူစိမ်းနဲ့တော့ လေပေးဖြောင့်ပြီး အိမ်ရောက်ရင်တော့ အာစေးမိတဲ့ တေမိလိုဖြစ်သွားတယ်လို့ ဇနီးတစ်ယောက် ညည်းညူလာနိုင်တယ်။ မစံပယ်က သူ့ခင်ပွန်း သူ့ကို ရင်ဖွင့်ပြောလာတဲ့အခါ “ကျွန်မကို သူ တကယ်ချစ်ရှာတာပဲ။ ဒါကြောင့် ကျွန်မ သူ့ကို ပိုပြီး တွယ်တာလာတယ်” လို့ ပြောပြတယ်။

ဇနီးကို စိတ်ဆိုးတဲ့အခါ အသံတိတ်ဆန္ဒမပြပါနဲ့။ “ကျွန်မခင်ပွန်း စိတ်ကောက်တဲ့အခါ ကျွန်မနဲ့ ရက်အတော်ကြာကြာ စကားမပြောဘဲနေတော့တာပဲ။ သူ စကားမပြောဘဲနေလေ ကျွန်မမှာ အပြစ်ရှိတယ်လို့ ခံစားရပြီး အနေရခက်လေပဲ” လို့ ဇနီးသည်တစ်ယောက် ပြောပြတယ်။ ဒါပေမဲ့ ကိုသက်ကတော့ ယေရှုရဲ့ပုံနမူနာကို ကြိုးစားတုပခဲ့တယ်။ “ကျွန်တော် စိတ်ဆိုးတဲ့အခါ ချက်ချင်း မတုံ့ပြန်ဘူး။ ပြဿနာကို ဆွေးနွေးဖို့၊ ဖြေရှင်းနည်းကိုရှာဖို့ အချိန်ကောင်းကို ကျွန်တော် စောင့်တယ်။”

ဆောင်းပါးအစမှာပါတဲ့ ဂျွိုင်းက သူ့ခင်ပွန်း ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီးတဲ့နောက် ပြောင်းလဲသွားတာကို သတိထားမိတယ်။ ဂျွိုင်းက “ကျွန်မ ခင်ပွန်းဟာ အရင်ကနဲ့ မတူတော့ဘူး။ ယေရှုကို တုပပြီး ခင်ပွန်းကောင်းဖြစ်ဖို့ ကြိုးစားနေတယ်” လို့ပြောပြတယ်။ သန်းနဲ့ချီတဲ့ဇနီးမောင်နှံတွေဟာ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးတဲ့အတွက် အကျိုးအပြည့်အဝ ရရှိနေကြတယ်။ သင်ကော ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးခြင်းကနေ အကျိုးရယူချင်ပါသလား။ ဒါဆိုရင် ယေဟောဝါသက်သေတစ်ယောက်နဲ့ အခမဲ့ကျမ်းစာလေ့လာဖို့ တောင်းဆိုနိုင်ပါတယ်။

^ စာပိုဒ်၊ 10 ဒီအမျိုးသမီးဟာ သူ့ရောဂါကြောင့် ဘာသာရေးအရ မသန့်ရှင်းတဲ့အနေအထားမှာရှိတယ်လို့ မောရှေပညတ်မှာ ဖော်ပြထားတယ်။ ဒါကြောင့် သူ့ကို ထိမိတဲ့သူတိုင်းလည်း မသန့်ရှင်းဘူးလို့ ယူမှတ်ခံရတယ်။—ဝတ်ပြုရာ ၁၅:၁၉၊ ၂၅