၁ ကောရိန္သု ၁၁:၁-၃၄

  • “ကျွန်​တော့်​ကို အတု​ယူ​ကြ​ပါ” ()

  • ဦး​စီး​မှု​နဲ့ ခေါင်း​ဖုံး​ခြင်း (၂-၁၆)

  • သခင့်​ည​စာ​စား​ပွဲ​ကို ကျင်း​ပခြင်း (၁၇-၃၄)

၁၁  ခရစ်​တော်​ကို ကျွန်​တော် အတု​ယူ​သလို ခင်​ဗျား​တို့​လည်း ကျွန်​တော့်​ကို အတု​ယူ​ကြ​ပါ။+ ၂  ကျွန်​တော့်​ကို  အမြဲသတိ​ရ​ပြီး​ ကျွန်​တော်​ပေး​ထား​တဲ့ ညွှန်​ကြား​ချက်​တွေ​ကို  ဆက်​ပြီး​  လိုက်​နာ​ကြ​တဲ့​အ​တွက် ခင်​ဗျား​တို့​ကို   ချီး​မွမ်း​ပါ​တယ်။ ၃  ယောက်ျားရဲ့  ဦး​ခေါင်း​ဟာ ခ​ရစ်​တော်၊+   မိန်း​မရဲ့ ဦး​ခေါင်း​ဟာ ယောက်ျား၊+  ခ​ရစ်​တော်ရဲ့ဦး​ခေါင်း​ဟာ  ဘု​ရား​သခင်​ပဲ​ဆို​တာ​ကို​တော့+ ခင်​ဗျား​တို့​ကို  သိ​စေ​ချင်​တယ်။ ၄  ယောက်ျား​က ခေါင်း​ကို​ဖုံး​ပြီး ဆု​တောင်း​ရင် ဒါ​မှ​မဟုတ် ပရော​ဖက်​ပြု​ရင် မိမိ​ရဲ့​ခေါင်း​အသရေ​ကို ရှုတ်​ချ​ရာ ရောက်​တယ်။ ၅  မိန်း​မက ခေါင်း​ကို​မဖုံး​ဘဲ  ဆု​တောင်း​ရင်  ဒါ​မှ​မဟုတ် ပရော​ဖက်​ပြု​ရင်+ မိမိ​ရဲ့​ခေါင်း​အသရေ​ကို ရှုတ်​ချ​ရာရောက်​တယ်။ ဒီ​လို​လုပ်​တဲ့​မိန်း​မဟာ ခေါင်း​တုံး​တုံး​ထား​တဲ့* မိန်းမ​နဲ့ အတူ​တူ​ပဲ။ ၆  မိန်းမက ခေါင်း​ကို​မဖုံး​ရင် ဆံ​ပင်​ကို ဖြတ်​လိုက်​တော့။ ဆံပင်​ဖြတ်​တာ၊ ခေါင်း​တုံး​တုံး​တာ ရှက်​စရာ​ဖြစ်​မယ်​ဆို​ရင် ခေါင်း​ကို​ဖုံး​ပါ​စေ။ ၇  ယောက်ျား​ဟာ ဘု​ရား​သခင်​ရဲ့ ပုံ​သဏ္ဌာန်၊+ ဘု​ရား​သခင်​ရဲ့ ဘုန်း​အသရေ ဖြစ်​တဲ့​အတွက် ခေါင်း​ကို မဖုံး​ရ​ဘူး။ မိန်းမ​က​တော့ ယောက်ျားရဲ့ ဘုန်း​အသရေ​ပဲ။ ၈  ယောက်ျား​ဟာ မိန်း​မက​နေ ဖြစ်​လာ​တာ မဟုတ်​ဘူး။ မိန်း​မက​သာ ယောက်ျား​က​နေ ဖြစ်​လာ​တာ။+ ၉  ဒါ့​အပြင်  ယောက်ျား​ကို  မိန်း​မ​အတွက် ဖန်​ဆင်း​ထား​တာ မဟုတ်​ဘူး။ မိန်း​မကို  ယောက်ျား​အတွက်  ဖန်​ဆင်း​ထား​တာ။+ ၁၀  ဒါ​ကြောင့် ကောင်း​ကင်​တ​မန်​တွေ​ကို ထောက်​ပြီး+ မိန်း​မက လက်​အောက်​ခံ​တဲ့ အမှတ်​အသား​အနေ​နဲ့ ခေါင်း​ကို ဖုံး​ရ​မယ်။ ၁၁  ဒါ့​အပြင် သခင်​ရဲ့ အသင်း​တော်​ထဲ​မှာ ယောက်ျားရော၊ မိန်း​မရော အပြန်​အလှန် လို​အပ်​တယ်။ ၁၂  ဘာ​လို့​လဲ​ဆို​တော့ မိန်း​မက ယောက်ျား​က​နေ ဖြစ်​လာ​သလို+ ယောက်ျား​က မိန်း​မက​နေ မွေး​ဖွား​လာ​တယ်။ အရာ​ခပ်​သိမ်း​ကို​တော့ ဘု​ရား​သခင် ဖန်​ဆင်း​ထား​တယ်။+ ၁၃  မိန်း​မတစ်​ယောက် ခေါင်း​ကို​မဖုံး​ဘဲ ဘု​ရား​သခင်​ဆီ ဆု​တောင်း​တာ​ဟာ သင့်​တော်၊ မသင့်​တော် ခင်​ဗျား​တို့​ကိုယ်​တိုင် ဆန်း​စစ်​ကြ​ပါ။ ၁၄  ယောက်ျား ဆံ​ပင်​ရှည်​ထား​တာ​ဟာ ရှက်​စ​ရာ​ကောင်း​မှန်း၊ သဘာ​ဝ​မဟုတ်​မှန်း ခင်​ဗျား​တို့ သိ​ပါ​တယ်။ ၁၅  မိန်း​မ ဆံ​ပင်​ရှည်​ထား​ရင်​တော့ ကျက်​သရေ​ရှိ​တယ် မဟုတ်​လား။ ခေါင်း​ဖုံး​စ​ရာ​အဖြစ် မိန်း​မကို ဆံ​ပင်​တွေ ပေး​ထား​တာ​ကိုး။ ၁၆  တစ်​ယောက်​ယောက်​က တ​ခြား​ထုံး​စံ​တစ်​ခု​ခု​ကို လိုက်​ချင်​လို့ ဒီ​အချက်​ကို စော​ဒ​က​တက်​မယ်​ဆို​ရင်​တော့ ကျွန်​တော်​တို့​မှာ​ဖြစ်​စေ၊ ဘု​ရား​သခင်​ရဲ့ အသင်း​တော်​မှာ​ဖြစ်​စေ ဒါ​က​လွဲ​ပြီး တ​ခြား​ထုံး​စံ​မရှိ​ဘူး​လို့ ပြော​ရ​မှာ​ပဲ။ ၁၇  ဒါ​ပေမဲ့ ကျွန်​တော် အခု​လို​သွန်​သင်​ချက်​တွေ ပေး​တဲ့​အခါ ခင်​ဗျား​တို့​ကို မချီး​မွမ်း​ချင်​ဘူး။ ဘာ​လို့​လဲ​ဆို​တော့ ခင်ဗျား​တို့ အတူ​စု​ဝေး​တဲ့​အခါ ကောင်း​တာ​ထက် မကောင်း​တာ​ကို လုပ်​နေ​ကြ​လို့​ပဲ။ ၁၈  ဦး​ဆုံး၊ အသင်း​တော်​မှာ​စု​ဝေး​တဲ့​အခါ အချင်း​ချင်း စိတ်ဝမ်း​ကွဲ​ပြား​နေ​တဲ့​အကြောင်း  ကျွန်​တော်​ကြား​တယ်။ ကြား​တဲ့​အတိုင်း အတော်​အ​တန်  မှန်​မယ်​လို့​လည်း  ယုံ​တယ်။ ၁၉  ခင်ဗျား​တို့​ထဲ​မှာ ဂိုဏ်း​ခွဲ​တာ​တွေ ရှိ​နေ​မှာ သေချာ​တယ်။+ ဒါ​ပေမဲ့ ဘု​ရား​သခင်​ရဲ့​နှစ်​သက်​မှု​ကို ဘယ်​သူ​တွေ ရ​သလဲ​ဆို​တာ​လည်း ပေါ်​လွင်​လာ​မှာ​ပါ။ ၂၀  အတူ​စု​ဝေး​ကြ​တဲ့​အခါ ခင်​ဗျား​တို့​ရဲ့ အခြေ​အနေ​က သခင့်​ည​စာ​စား​ပွဲ​ကို+ သုံး​ဆောင်​ဖို့ မသင့်​တော်​ဘူး။ ၂၁  သုံး​ဆောင်​မယ့်​အချိန် ရောက်​တဲ့​အခါ တ​ချို့​က စား​ထား​နှင့်​ပြီး တ​ချို့​ကျ​တော့ ဆာ​လောင်​နေ​တယ်၊ တ​ချို့​က မူး​ယစ်​နေ​တယ်။ ၂၂  ခင်​ဗျား​တို့​မှာ စား​သောက်​ဖို့ အိမ်​မရှိ​ကြ​ဘူး​လား။ ဒါ​မှ​မဟုတ် ဘု​ရား​သခင်​ရဲ့ အသင်း​တော်​ကို မထီ​လေး​စား​လုပ်​ပြီး နွမ်း​ပါး​သူ​တွေ​ကို အရှက်​ခွဲ​နေ​တာ​လား။ ကျွန်​တော် ဘာ​ပြော​ရ​မလဲ။ ခင်​ဗျား​တို့​ကို ချီး​မွမ်း​ရ​မလား။ ဒီ​ကိစ္စ​မှာ ခင်​ဗျား​တို့​ကို လုံး​ဝ​မချီး​မွမ်း​ဘူး။ ၂၃  သခင့်​ဆီ​က​နေ သိ​ရှိ​ထား​တာ​တွေ​ကို ခင်​ဗျား​တို့​ကို ကျွန်​တော် ပြန်​သင်​ပေး​မယ်။ သခင်​ယေရှု​က ရန်​သူ့​လက်​ထဲ အပ်​နှံ​ခံ​ရ​မယ့်​ည​မှာ+ မုန့်​ကို​ယူ​ပြီး၊ ၂၄  ကျေး​ဇူး​တော် ချီး​မွမ်း​တယ်။ မုန့်​ကို​ဖဲ့​ပြီး​နောက် “ဒါ​ဟာ ခင်​ဗျား​တို့​အ​တွက် စွန့်​လွှတ်​တဲ့ ကျွန်​တော့်​ကိုယ်​ခန္ဓာ​ကို ကိုယ်​စား​ပြု​တယ်။+ ကျွန်​တော့်​ကို အောက်​မေ့​တဲ့​အနေ​နဲ့ ဒီ​လို အမြဲလုပ်​ပါ”+ လို့​ပြော​ခဲ့​တယ်။ ၂၅  ညစာ​အပြီး​မှာ ဝိုင်​ခွက်​ကို​လည်း ယူ​ပြီး အဲ​ဒီ​နည်း​အတိုင်း​ပဲ လုပ်​တယ်။+ “ဒီ​ခွက်​ဟာ ကျွန်​တော့်ရဲ့ သွေး​ကို ကိုယ်​စား​ပြု​တယ်။ ဒါ​ဟာ ကျွန်​တော့်​သွေး​နဲ့​ဖွဲ့​တဲ့+ ပဋိ​ညာ​ဉ်​သစ်​ပဲ။+ ဒါ​ကို သောက်​တဲ့​အခါ​တိုင်း ကျွန်​တော့်​ကို အောက်​မေ့​တဲ့​အနေ​နဲ့ ဒီ​လို အမြဲလုပ်​ပါ”+ လို့​ပြော​ခဲ့​တယ်။ ၂၆  ခင်​ဗျား​တို့ ဒီ​မုန့်​ကို​စား​ပြီး ဒီ​ခွက်​ကို သောက်​တဲ့​အခါ​တိုင်း သခင်​အသေခံ​ခဲ့​တဲ့​အကြောင်း​ကို သခင်​ရောက်​လာ​ချိန်​အထိ ကြွေး​ကြော်​နေ​တဲ့​သဘော​ပဲ။ ၂၇  ဒါ​ကြောင့် မထိုက်​မတန်​ဘဲ မုန့်​ကို​စား​ပြီး သခင့်ရဲ့ ခွက်​ကို သောက်​တဲ့​သူ​ဟာ သခင့်​ကိုယ်​ခ​န္ဓာ​နဲ့ သွေး​ကို ပြစ်​မှား​ရာရောက်​တယ်။ ၂၈  အရင်​ဆုံး၊ ကိုယ့်​ကိုယ်​ကိုယ် အသေအချာ ဆန်း​စစ်​ပြီး​မှ+  မုန့်​ကို​စား​ပါ၊  ခွက်​ကို​လည်း သောက်​ပါ။ ၂၉  သခင့်​ကိုယ်​ခန္ဓာကို  ကိုယ်​စား​ပြု​မှန်း  သတိ​မမူ​ဘဲ  စား​သောက်​တာ​ဆို​ရင် ကိုယ့်​ကိုယ်​ကိုယ် ပြစ်ဒဏ်​စီ​ရင်ရာရောက်​တယ်။ ၃၀  ခင်ဗျား​တို့​ထဲ​မှာ တ​ချို့​က အား​နည်း​နေ​တယ်။ တ​ချို့​က ဖျား​နေ​တယ်။ တ​ချို့​က​တော့  အသေဖြစ်​နေ​တယ်။*+ ၃၁  ဒါ​ပေမဲ့ ကိုယ့်​အခြေ​အနေ​ကို သတိ​ပြု​မိ​ရင် ပြစ်​ဒဏ်​စီ​ရင်​ခံ​ရ​မှာ မဟုတ်​ဘူး။ ၃၂  သတိ​မပြု​မိ​တဲ့​အတွက် ပြစ်​ဒဏ်​စီ​ရင်​ခံ​ရရင်​တော့ ယေဟောဝါ​ရဲ့* ဆုံး​မမှု​ခံ​ရ​တာ​ဖြစ်​လို့+ လော​က​နဲ့​အတူ ပြစ်​ဒဏ်​စီ​ရင်​ခံ​ရ​မှာ  မဟုတ်​ဘူး။+ ၃၃  ဒါ​ကြောင့်  ညီ​အစ်​ကို​တို့၊  သခင့်​ညစာ​စား​ပွဲ​အတွက်  စု​ဝေး​ကြ​တဲ့​အခါ  တစ်​ယောက်​ကို​တစ်​ယောက် စောင့်​ကြ​ပါ။ ၃၄  ဆာ​တဲ့​သူ​က​တော့ ကိုယ့်​အိမ်​မှာ စား​ပါ​စေ။ ဒါ​မှ​သာ အတူ​စု​ဝေး​ကြ​တဲ့​အခါ ပြစ်​ဒဏ်​စီ​ရင်​စ​ရာ​အကြောင်း ရှိ​တော့​မှာ မဟုတ်​ဘူး။+ ကျန်​တဲ့​ကိစ္စတွေ​ကို​တော့ ကျွန်​တော်ရောက်​လာ​မှ ဖြေရှင်း​ပေး​မယ်။

အောက်ခြေမှတ်ချက်များ

လိင်​အကျင့်​ယို​ယွင်း​မှု​အတွက်​ပေး​တဲ့​ အ​ပြစ်​ဒဏ်။
တ​ကယ်​သေဆုံး​တာ​ကို မဟုတ်​ဘဲ ဘု​ရား​သခင်​နဲ့​ဆက်​ဆံ​ရေး​ကောင်း ဆုံး​ရှုံး​နေ​တာ​ကို ဆို​လို။