မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ | တိမောသေ

“သခင်၌သစ္စာရှိသော ငါ၏ချစ်သား”

“သခင်၌သစ္စာရှိသော ငါ၏ချစ်သား”

အိမ်ကနေ ဖြည်းဖြည်းမှန်မှန်လျှောက်လာတဲ့ တိမောသေဟာ ရှေ့မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာ သိချင်စိတ်ပြင်းပြနေတယ်။ သူသွားလာနေကျကွင်းပြင်တွေကို ခရီးသွားဖော်တွေက ဦးဆောင်ဖြတ်သန်းသွားနေတယ်။ ဒီလိုနဲ့ ချိုင့်ဝှမ်းထဲရှိတောင်ကုန်းထိပ်ပေါ်က လုတ္တရမြို့လေးဟာ နောက်မှာ တဖြည်းဖြည်းဝေးလို့ကျန်ရစ်ခဲ့ပါပြီ။ မငိုမိအောင်ထိန်းရင်း ပီတိအပြုံးနဲ့ လက်ပြနှုတ်ဆက်နေတဲ့ အမေနဲ့အဖွားအကြောင်းတွေးမိတော့ တိမောသေ အလိုလိုပြုံးသွားတယ်။ တိမောသေ လက်ပြနှုတ်ဆက်လိုက်တာ နောက်ဆုံးဖြစ်သွားမှာလား။

တမန်တော်ပေါလုဟာ တိမောသေဘက် ခဏခဏလှည့်ကြည့်ပြီး အပြုံးနဲ့အားပေးတယ်။ တိမောသေဟာ ခုထိ ရှက်ကြောက်နေသေးမှန်း ပေါလုသိပေမဲ့ သူ့ရဲ့စိတ်အားထက်သန်မှုကို ကျေနပ်အားရတယ်။ တိမောသေဟာ အသက် ၁၈၊ ၁၉ ဒါမှမဟုတ် အသက် ၂၀ ဝန်းကျင်လောက်ပဲရှိနိုင်ပါတယ်။ ပေါလုကို သူ တအားချစ်ပြီး လေးစားတယ်။ အခု၊ အိမ်ကနေ မိုင်ရာချီဝေးတဲ့ခရီးစဉ်မှာ ဖျတ်လတ်တက်ကြွပြီး သစ္စာရှိတဲ့ပေါလုနောက်ကို တိမောသေလိုက်သွားနေပါပြီ။ ကုန်းကြောင်း၊ ရေကြောင်းခရီးသွားနေရင်း လမ်းမှာအန္တရာယ်မျိုးစုံ သူတို့ကြုံရတယ်။ တိမောသေအတွက် မိသားစုနဲ့ ပြန်တွေ့ရဦးမှာလားဆိုတာ မသေချာပါဘူး။

လူငယ်တိမောသေဟာ ဘာကြောင့် အဲဒီဘဝလမ်းစဉ်ကို လိုက်ခဲ့တာလဲ။ ကိုယ်ကျိုးစွန့်လုပ်ဆောင်ခဲ့လို့ ဘာအကျိုးကျေးဇူးတွေ သူရခဲ့သလဲ။ တိမောသေရဲ့ ယုံကြည်ခြင်းကနေ ဘာသင်ယူနိုင်မလဲ။

“နို့စို့အရွယ်မှစ၍”

လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်အချိန်တုန်းက အဖြစ်အပျက်ကို ပြန်ကြည့်ရအောင်။ တိမောသေရဲ့ ဇာတိမြို့ဟာ လုတ္တရမြို့ဖြစ်နိုင်တယ်။ အဲဒီမြို့ဟာ ဝေးလံတဲ့တောမြို့လေးဖြစ်ပြီး ရေပေါများတဲ့ချိုင့်ဝှမ်းဒေသမှာ တည်ရှိတယ်။ မြို့သားတွေဟာ ဂရိစကားကို နားလည်ပေမဲ့ ဒေသခံဘာသာစကား လုကောနိစကားကိုလည်း ပြောနေကြတုန်းပဲ။ တစ်နေ့မှာ အေးချမ်းတဲ့မြို့လေးက ဆူညံပွက်လောရိုက်သွားပါတယ်။ ခရစ်ယာန်သာသနာပြုတွေဖြစ်တဲ့ တမန်တော်ပေါလုနဲ့ ခရီးသွားဖော် ဗာနဗတို့ဟာ ဣကောနိမြို့ကြီးကနေ ရောက်လာကြလို့ဖြစ်တယ်။ လူအများရှေ့မှာ ဟောပြောနေတုန်း ယုံကြည်မှုအပြည့်နဲ့ နားထောင်နေတဲ့ ခြေဆွံ့သူတစ်ဦးကို ပေါလုတွေ့သွားတဲ့အခါ အံ့ဖွယ်နည်းနဲ့ ကုပေးလိုက်တယ်။­—တမန်တော် ၁၄:၅-၁၀

ဒဏ္ဍာရီပုံပြင်ထဲက နတ်ဘုရားတွေဟာ ရှေးခေတ်မှာ လူယောင်ဆောင်ပြီး ဆင်းလာတတ်တယ်လို့ လုတ္တရမြို့သားအများစု ယုံကြည်နေဆဲပါ။ ဒါကြောင့် ပေါလုကို ဟေရမေနတ်ဘုရား၊ ဗာနဗကို ဇုသနတ်ဘုရားလို့ သူတို့ထင်သွားကြတယ်။ နှိမ့်ချတဲ့ခရစ်ယာန်သာသနာပြုနှစ်ဦးက လူအုပ်ထဲမှ ရုန်းထွက်ပြီး သူတို့ကို ပူဇော်ပသတာမျိုးမလုပ်ဖို့ တားမြစ်ခဲ့ရတယ်။—တမန်တော် ၁၄:၁၁-၁၈

ပေါလုနဲ့ဗာနဗဟာ ပုံပြင်ထဲကနတ်ဘုရားတွေမဟုတ်ဘဲ သတင်းကောင်းဟောဖို့လာတဲ့ သာမန်လူတွေဖြစ်မှန်း လုတ္တရမြို့သားတချို့ သိထားကြတယ်။ ဥပမာ၊ ခရစ်ယာန်မဟုတ်တဲ့ ဂရိအမျိုးသား *နဲ့လက်ထပ်ထားသူ ဂျူးအမျိုးသမီးဥနိတ်၊ သူ့မိခင်လောဣတို့က ပေါလုနဲ့ဗာနဗဟောပြောတာကို စိတ်ဝင်တစား နားထောင်ကြတယ်။ ခုမှပဲ၊ သစ္စာရှိဂျူးတွေ အလွန်တမ်းတနေတဲ့ သတင်းတရားကို ကြားလိုက်ရပါပြီ။ အဲဒါကတော့ မေရှိယကြွလာပြီး ကျမ်းစာပါ ကြိုဟောချက်များစွာကို ပြည့်စုံစေခဲ့ပြီဆိုတဲ့ သတင်းတရားပါပဲ။

လုတ္တရမြို့ကို ပေါလုရောက်လာတာ တိမောသေအတွက် ဘယ်လောက်တောင် အကျိုးရှိသလဲဆိုတာ စဉ်းစားကြည့်ပါ။ တိမောသေဟာ ဟေဗြဲကျမ်းစာစောင်တွေကို လေးမြတ်ဖို့ “နို့စို့အရွယ်” ကနေစပြီး လေ့ကျင့်ပေးမှုရရှိခဲ့တယ်။ (၂ တိမောသေ ၃:၁၅) ပေါလုနဲ့ဗာနဗတို့က မေရှိယအကြောင်း ဟောနေတာလို့ အမေနဲ့အဖွားသဘောပေါက်သလို တိမောသေလည်း သဘောပေါက်တယ်။ ပေါလု ကုသပေးလိုက်တဲ့ ခြေဆွံ့သူအကြောင်း စဉ်းစားကြည့်ပါဦး။ တိမောသေ ကလေးဘဝကတည်းက လုတ္တရမြို့ကလမ်းတွေပေါ်မှာ အဲဒီလူကို ခဏခဏမြင်ဖူးနေမှာပဲ။ အခု သူလမ်းလျှောက်နေတာကို တိမောသေ ဦးဆုံးအကြိမ် မြင်လိုက်ရပြီ။ ဥနိတ်နဲ့ လောဣတို့လို တိမောသေလည်း ခရစ်ယာန်ဖြစ်လာတယ်။ ဒီနေ့ခေတ်မှာ၊ အဖိုးအဖွား၊ မိဘတွေလည်း လောဣနဲ့ ဥနိတ်တို့ဆီကနေ သင်ယူစရာအများကြီးရှိပါတယ်။ လူငယ်တွေအတွက် သင်တို့ စံနမူနာကောင်း ပြနိုင်မလား။

“ဆင်းရဲဒုက္ခများစွာခံ၍”

ခရစ်တော်နောက်လိုက်တွေရမယ့် မျှော်လင့်ချက်ကို လုတ္တရမြို့က ခရစ်ယာန်ဖြစ်လာသူတွေသိတော့ ဝမ်းသာပီတိဖြစ်ကြပေမဲ့ အဲဒီအတွက် အများကြီးပေးဆက်ရမယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့တယ်။ ဣကောနိမြို့နဲ့ အန္တိအုတ်မြို့က အစွန်းရောက်ဂျူးဆန့်ကျင်သူတွေ ရောက်လာပြီး ပေါလုနဲ့ဗာနဗကို တိုက်ခိုက်ဖို့ လုတ္တရမြို့သားတွေကို ဆူပူအောင် ဆွပေးလိုက်တယ်။ မကြာပါဘူး၊ အကြမ်းဖက်လူအုပ်က ပေါလုနောက်လိုက်ပြီး ခဲတွေနဲ့ ပေါက်ကြတယ်။ နောက်ဆုံး ပေါလုမခံနိုင်တော့ဘဲ လဲကျသွားတယ်။ လူအုပ်က ပေါလု သေပြီအထင်နဲ့ မြို့ပြင်ကိုဆွဲထုတ်သွားပြီး ပစ်ထားခဲ့ကြတယ်။​—တမန်တော် ၁၄:၁၉

လုတ္တရမြို့က တပည့်တွေဟာ ပေါလုကို သနားစိတ်နဲ့ဝိုင်းကြည့်နေတုန်း သူသတိရလာပြီး လုတ္တရမြို့ထဲ မကြောက်မရွံ့ပြန်ဝင်သွားမှ စိတ်သက်သာရာရသွားကြတယ်။ နောက်တစ်နေ့မှာ ဗာနဗနဲ့အတူ ဒေရဗေမြို့ဆီသွားပြီး ဆက်ဟောပြောကြတယ်။ အဲဒီကလူတွေကို ယေရှုတပည့်ဖြစ်လာအောင် ကူညီပေးပြီးနောက် လုတ္တရမြို့ကို သတ္တိရှိရှိ သူတို့ ပြန်လာခဲ့ကြတယ်။ ဘာအတွက်လဲ။ “တပည့်တော်တို့ကို မြဲမြံခိုင်ခံ့စေရန် ယုံကြည်ခြင်း၌ တည်မြဲတည်နေမည်အကြောင်း အားပေးတိုက်တွန်း” ဖို့ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ အနာဂတ်မျှော်လင့်ချက်အတွက် လက်ရှိမှာညှဉ်းဆဲခံရကျိုးနပ်တယ်လို့ ခရစ်ယာန်တွေကို ပေါလုနဲ့ဗာနဗ ပြောပြနေတဲ့အကြောင်း တိမောသေ မျက်လုံးအဝိုင်းသားနဲ့ အာရုံစိုက်နားထောင်နေတာကို စိတ်ကူးကြည့်ပါ။ “ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်” လို့ သူတို့ ပြောပြနေတာကိုး။​—တမန်တော် ၁၄:၂၀-၂၂

တမန်တော်ပေါလုရဲ့ သွန်သင်ချက်တွေကို တိမောသေ ခံယူပြီး နှလုံးသွင်းခဲ့

ဆင်းရဲဒုက္ခတွေကို တောင့်ခံပြီး သတင်းကောင်းဟောပြောတဲ့ ပေါလုဟာ အပြောနဲ့အလုပ်ညီမှန်း တိမောသေ သိရှိသွားပါပြီ။ ပေါလုနောက်လိုက်မယ်ဆိုရင် လုတ္တရမြို့သားတွေအပြင် သူ့အဖေတောင် ဆန့်ကျင်နိုင်တယ်ဆိုတာ တိမောသေ သဘောပေါက်ထားတယ်။ အဲဒါကြောင့်နဲ့တော့ ဘုရားအမှုတော်ထမ်းဆောင်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ကို အပျက်မခံခဲ့ဘူး။ ဒီနေ့ခေတ်မှာလည်း တိမောသေနဲ့တူတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ လူငယ်တွေက သူတို့ကို ခွန်အားပေးနိုင်တဲ့ ယုံကြည်ခြင်းခိုင်ခံ့သူတွေနဲ့ ကြိုးစားမိတ်ဆွေဖွဲ့ကြတယ်။ ဆန့်ကျင်မှုတွေကို အၡုံးမပေးဘဲ စစ်မှန်တဲ့ဘုရားသခင်ရဲ့ အမှုတော်ကို သူတို့ လုပ်ဆောင်နေကြတယ်။

“ညီအစ်ကိုတို့တွင် အသရေရှိသူဖြစ်”

ဆောင်းပါးအစမှာ ဖော်ပြထားသလို နောက် ၂ နှစ်၊ ၃ နှစ်အကြာမှာ ပေါလု ပြန်ရောက်လာတာဖြစ်နိုင်တယ်။ ပေါလုနဲ့ သူ့တွဲဖက်သိလတို့ရောက်လာလို့ စိတ်လှုပ်ရှားသွားကြတဲ့ တိမောသေတို့မိသားစုကို မြင်ယောင်ကြည့်ပါ။ ပေါလုအတွက်လည်း ပျော်စရာအချိန်ပါပဲ။ လုတ္တရမြို့မှာကြဲခဲ့တဲ့ အမှန်တရားမျိုးစေ့ ကြီးထွားလာတာကို မြင်လိုက်ရတော့ ပေါလု တအားဝမ်းသာသွားတယ်။ လောဣနဲ့ ဥနိတ်တို့သားအမိတို့က “ဟန်ဆောင်မှုကင်းသည့် ယုံကြည်ခြင်း” ရှိပြီး သစ္စာရှိခရစ်ယာန်အမျိုးသမီးတွေ ဖြစ်နေကြပြီ။ (၂ တိမောသေ ၁:၅) ဒါဆို လူငယ်တိမောသေရော။

ပထမတစ်ခေါက်လာကတည်းက တိမောသေဟာ ချီးမွမ်းစရာကောင်းလောက်အောင် ရင့်ကျက်နေပြီဆိုတာ ပေါလု သတိပြုမိတယ်။ တိမောသေဟာ လုတ္တရမြို့မှာသာမက အရှေ့မြောက် မိုင် ၂၀ အကွာက ဣကောနိမြို့မှာရှိတဲ့ “ညီအစ်ကိုတို့တွင် အသရေရှိသူ” လည်းဖြစ်တယ်။ (တမန်တော် ၁၆:၂) အဲဒီလိုနာမည်ကောင်းရအောင် သူ ဘာလုပ်ခဲ့သလဲ။

တိမောသေဟာ သူ့ “နို့စို့အရွယ်” မှာ အမေနဲ့အဖွားသင်ပေးခဲ့တဲ့ “သန့်ရှင်းသောကျမ်းဂန်” ကနေ လူငယ်တွေအတွက် ရှင်းလင်းပြတ်သားပြီး လက်တွေ့ကျတဲ့ ဆုံးမစကားတွေကို သိရှိခဲ့တာပါ။ (၂ တိမောသေ ၃:၁၅) ဥပမာ၊ “ယခု အသက်ပျိုစဉ်အခါပင် သင့်ကို ဖန်ဆင်းတော်မူသော အရှင်ကို အောက်မေ့လော့” ဆိုတဲ့ ကျမ်းစကားဖြစ်ပါတယ်။ (ဒေသနာ ၁၂:၁) ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ပြီးနောက် အဲဒီကျမ်းစကားက တိမောသေအတွက် အင်မတန်ကို အဓိပ္ပာယ်ရှိလာမှာပဲ။ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရနိုင်တဲ့ အကောင်းဆုံးနည်းထဲမှာ ဘုရားသခင့်သားတော် ခရစ်တော်အကြောင်း ဟောပြောတာလည်းပါဝင်မှန်း တိမောသေ နားလည်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ပင်ကိုရှက်စိတ် တဖြည်းဖြည်းပြယ်သွားပြီး ယေရှုခရစ်အကြောင်း မဟောရမနေနိုင်လောက်အောင် သတ္တိရှိလာတာဖြစ်မယ်။

အသင်းတော်မှာ ဦးဆောင်နေသူတွေက တိမောသေရဲ့ တိုးတက်မှုကို သတိပြုမိခဲ့ကြတယ်။ သူ့ကြောင့် ညီအစ်ကို၊ ညီအစ်မတွေ ဘယ်လောက်တောင် အားပေးတည်ဆောက်မှုဖြစ်ခဲ့သလဲဆိုတာ မြင်ရတော့ ဝမ်းသာပီတိဖြစ်ကြမှာ သေချာတယ်။ ဒါထက်ပိုအရေးကြီးတာက တိမောသေကို ယေဟောဝါဘုရား သတိပြုမိခဲ့တာပါ။ ဒါကြောင့် သူနဲ့ပတ်သက်ပြီး ကြိုဟောချက်တချို့ကို စွမ်းအားတော်နဲ့ ရေးခိုင်းတယ်၊ အသင်းတော်များစွာမှာ တစ်နေ့ သူထမ်းဆောင်ရမယ့် တာဝန်တွေနဲ့ပတ်သက်တာ ဖြစ်နိုင်တယ်။ လုတ္တရမြို့ကို ပေါလုရောက်လာတဲ့အခါ သာသနာပြုခရီးစဉ်မှာ တိမောသေဟာ သူ့ကို ကူညီပေးနိုင်မယ့် ခရီးသွားဖော်ဖြစ်နိုင်မှန်း သိသွားတယ်။ လုတ္တရမြို့က ညီအစ်ကိုတွေလည်း သဘောတူကြတယ်။ ဒါနဲ့ လူငယ်တိမောသေရဲ့ ခေါင်းပေါ် လက်တင်လိုက်တယ်။ အဲဒီလိုလုပ်တာက ယေဟောဝါဘုရားရဲ့ အမှုဆောင်အဖြစ် အထူးတာဝန်ပေးလိုက်တယ်ဆိုတဲ့ အမှတ်အသားတစ်ခုပါ။—၁ တိမောသေ ၁:၁၈; ၄:၁၄

ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းခံရလို့ အံ့သြမှင်သက်ပြီး မဝံ့မရဲဖြစ်နေရှာတဲ့ တိမောသေကို စိတ်ကူးကြည့်နိုင်တယ်။ အခု၊ သူ တာဝန်ထမ်းဆောင်ဖို့ ကြိုတင်ပြင်ဆင်နေပြီ။ * ဒါပေမဲ့ နယ်လှည့်အမှုဆောင်အဖြစ် တိမောသေလုပ်တာကို ခရစ်ယာန်မဟုတ်တဲ့ သူ့အဖေ လက်ခံမှာလား။ သူ့အဖေလည်း သားအတွက် အနာဂတ်စီမံကိန်းတွေ ချထားမှာပဲ။ အမေနဲ့ အဖွားရော ဘယ်လိုနေမလဲ။ သားလေးအတွက် စိုးရိမ်တာတွေကို မျိုသိပ်ထားရင်း ဂုဏ်ယူဝင့်ကြွားနေမလား။ ဒါ ဖြစ်တတ်တဲ့သဘာဝပါပဲ။

အခု တိမောသေ ခရီးထွက်ဖို့ သေချာနေပြီ။ ဆောင်းပါးအစမှာဖော်ပြထားတဲ့ တစ်မနက်မှာ တမန်တော်ပေါလုနဲ့အတူ တိမောသေ ခရီးစထွက်လာပါပြီ။ လုတ္တရမြို့ကနေ ထွက်လာရာလမ်းတစ်လျှောက် ကျောက်စရစ်ခဲတွေပေါ် နင်းလိုက်တဲ့ခြေလှမ်းတိုင်း၊ မြက်တွေပေါ် ဖြတ်လျှောက်တဲ့ခြေလှမ်းတိုင်းဟာ သူ့အတွက်တော့ ကိုယ့်အိမ်နဲ့ ဝေးသည်ထက်ဝေးလာပြီ၊ တစ်နယ်တစ်ကျေးနဲ့ နီးသည်ထက်နီးလာပြီဆိုတဲ့ အတွေးဝင်လာလေလေပဲ။ ခရီးသွားဖော် ၃ ယောက်က တစ်နေ့လုံး လမ်းလျှောက်ပြီးနောက် ဣကောနိမြို့ကို ရောက်သွားကြတယ်။ ပေါလုနဲ့ သိလက ဂျေရုဆလင်မြို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ နောက်ဆုံးညွှန်ကြားချက်တွေကို ဣကောနိမြို့က ညီအစ်ကို၊ ညီအစ်မတွေကို ပြောပြပြီး သူတို့ရဲ့ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံအောင် တည်ဆောက်ပေးတာကို တိမောသေ သတိပြုမိတယ်။ (တမန်တော် ၁၆:၄၊ ၅) ဒါက အစပဲရှိသေးတယ်။

သာသနာပြုတွေဟာ ဂလာတိမြို့က အသင်းတော်တွေဆီ လည်ပတ်ပြီးနောက် ကျောက်ပြားကြီးတွေခင်းထားတဲ့ ရောမလမ်းမတွေကနေ ထွက်လာကြတယ်။ ဖြုဂိပြည် ကုန်းမြင့်ကြီးတွေကို မိုင်ရာနဲ့ချီ ဖြတ်ကျော်ပြီး မြောက်ဘက်၊ ပြီးတော့ အနောက်ဘက်ဆီ ဦးတည်ခဲ့ကြတယ်။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ တရောမြို့ကို ရောက်သွားပြီးနောက် မက်ဆီဒိုးနီးယားပြည်ကို သင်္ဘောနဲ့ထွက်လာတယ်။ (တမန်တော် ၁၆:၆-၁၂) တိမောသေကိုခေါ်လာတာ ဘယ်လောက်အကျိုးရှိမှန်း ပေါလု သိလိုက်ပြီ။ တိမောသေကို ဗေရိမြို့မှာ သိလနဲ့အတူ ထားခဲ့တယ်။ (တမန်တော် ၁၇:၁၄) ဒါ့အပြင် တိမောသေကို သက်သာလောနိတ်မြို့ဆီ တစ်ယောက်တည်း လွှတ်လိုက်တယ်။ အဲဒီက သစ္စာရှိခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းခိုင်ခံ့လာအောင် ပေါလုနည်းအတိုင်း တိမောသေ တည်ဆောက်ပေးခဲ့တယ်။—၁ သက်သာလောနိတ် ၃:၁-၃

နောက်ပိုင်းမှာ တိမောသေအကြောင်း ပေါလုဒီလိုရေးခဲ့တယ်– “ထိုသူကဲ့သို့ သင်တို့အကျိုးကို အမှန်လိုလားသော စိတ်ထားမျိုးရှိသူ တစ်ယောက်မျှ ငါ၌မရှိ။” (ဖိလိပ္ပိ ၂:၂၀) နာမည်ကောင်းကို သူ့အလိုလို တိမောသေ ရခဲ့တာလား။ မဟုတ်ပါဘူး။ ဘုရားအမှုတော်ကို နှိမ့်ချစွာ ကြိုးစားလုပ်ဆောင်ပြီး အခက်အခဲတွေကို သစ္စာရှိရှိခံရပ်ခဲ့လို့ပါ။ ဒီနေ့ခေတ် လူငယ်တွေအတွက် အတုယူထိုက်တဲ့ စံနမူနာကောင်း မဟုတ်လား။ ကိုယ်တိုင်ကြိုးစားမှ နာမည်ကောင်းရမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ သင်လည်း လူငယ်တစ်ဦးဆိုရင် ယေဟောဝါဘုရားကို ဘဝမှာဦးစားထားပြီး သူတစ်ပါးကို ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံခြင်းအားဖြင့် နာမည်ကောင်းရဖို့ အခွင့်အရေးရှိပါတယ်။

“သင်သည် ငါ့ထံသို့ အမြန်ဆုံးလာရန် ကြိုးစားလော့”

တိမောသေဟာ ငယ်ရွယ်ချိန်ကတည်းက ခရစ်ယာန်အမှုဆောင်ဖြစ်ဖို့ အသက်တာကို အပ်နှင်းခဲ့

နှစ်ပေါင်း ၁၄ နှစ်ကျော်အထိ တမန်တော်ပေါလုနဲ့တွဲပြီး တိမောသေ အမှုဆောင်ခဲ့တယ်။ အသက်အန္တရာယ်တွေ ကြုံခဲ့ရသလို ပျော်ရွှင်ရတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ (၂ ကောရိန္သု ၁၁:၂၄-၂၇) သူ့ရဲ့ယုံကြည်ခြင်းကြောင့် ထောင်ကျတဲ့အခါလည်း ရှိတယ်။ (ဟေဗြဲ ၁၃:၂၃) ပေါလုလိုပဲ သူလည်း ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေကို တအားချစ်ပြီး သူတို့အတွက် စိုးရိမ်ပေးတယ်။ ဒါကြောင့် ပေါလုက “သင်၏မျက်ရည်ကို ငါသတိရ” တယ်လို့ ရေးတာဖြစ်မယ်။ (၂ တိမောသေ ၁:၄) တိမောသေဟာ “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေး” ပြီး မျှဝေခံစား၊ အားပေးနှစ်သိမ့်ပေးနိုင်အောင် ပေါလုဆီကနေ သင်ယူခဲ့တာဖြစ်နိုင်တယ်။ (ရောမ ၁၂:၁၅) ကျွန်ုပ်တို့လည်း ပေါလုနဲ့တိမောသေကို အတုယူကြရအောင်။

တိမောသေဟာ ခရစ်ယာန်ကြီးကြပ်မှူးအဖြစ် လူသိများလာတာ အံ့အားသင့်စရာမဟုတ်ပါဘူး။ အသင်းတော်တွေဆီ လည်ပတ်ပြီး အားပေးတည်ဆောက်ဖို့သာမက အရည်အချင်းရှိ ညီအစ်ကိုတွေကို အကြီးအကဲတွေ၊ အသင်းတော်အမှုထမ်းတွေအဖြစ် ခန့်အပ်ဖို့ပါ တိမောသေကို ပေါလု တာဝန်အပ်နှင်းခဲ့တယ်။—၁ တိမောသေ ၅:၂၂

တိမောသေကို သားတစ်ယောက်လို ပေါလုချစ်ခင်လို့ ဆိုဆုံးမပြီး အကြံဉာဏ်ကောင်းတွေ ပေးတယ်။ ဘုရားရေးရာတာဝန်ကို ကျေပွန်ဖို့၊ ရင့်ကျက်နေဖို့၊ ဆက်တိုးတက်နေဖို့လည်း အားပေးခဲ့တယ်။ (၁ တိမောသေ ၄:၁၅၊ ၁၆) မှန်ရာကိုပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့်အချိန်မှာ အသက်အရွယ်ငယ်နေတာကြောင့် ရှက်ကြောက်တွန့်ဆုတ်တာမျိုးမရှိဖို့ တိမောသေကို ပေါလုတိုက်တွန်းခဲ့တယ်။ (၁ တိမောသေ ၁:၃; ၄:၆၊ ၇၊ ၁၁၊ ၁၂) တိမောသေ မကြာခဏခံစားနေရတဲ့ အစာအိမ်ရောဂါအတွက် ဘာလုပ်ရမယ်ဆိုတာတောင် ပေါလု အကြံပြုခဲ့သေးတယ်။—၁ တိမောသေ ၅:၂၃

မကြာခင် ကွပ်မျက်ခံရတော့မယ်ဆိုတာ ပေါလုသိလိုက်ပြီ။ ဒါနဲ့ တိမောသေဆီ နောက်ဆုံးစာတစ်စောင် ပို့လိုက်တယ်။ “သင်သည် ငါထံသို့ အမြန်ဆုံးလာရန် ကြိုးစား” ပါလို့ ရေးခဲ့တယ်။ (၂ တိမောသေ ၄:၉) ပေါလုက တိမောသေကို အလွန်ချစ်တဲ့အတွက် “သခင်၌ သစ္စာရှိသော ငါ၏ချစ်သား” လို့တောင် ခေါ်တယ်။ (၁ ကောရိန္သု ၄:၁၇) ကွပ်မျက်ခံရခါနီးမှာ တိမောသေကို သူ့အနားမှာရှိစေချင်တယ် မဟုတ်လား။ ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘နှစ်သိမ့်မှုရဖို့အတွက် ဆင်းရဲဒုက္ခရောက်နေသူတွေ ငါ့ကို မျှော်နေသလား။’

ပေါလုဆီ တိမောသေ အချိန်မီရောက်သွားသလား။ ကျမ်းစာမှာ မပြောထားပါဘူး။ ပေါလုနဲ့ တခြားသူတွေကို အားပေးနှစ်သိမ့်ဖို့ တိမောသေ အမြဲကြိုးစားခဲ့တယ်ဆိုတာတော့ ကျမ်းစာမှာဖော်ပြထားတယ်။ တိမောသေဟာ “ဘုရားသခင်ကို ဂုဏ်တင်သူ” လို့အဓိပ္ပာယ်ရတဲ့ သူ့နာမည်နဲ့အညီ နေထိုင်ခဲ့သူဖြစ်တယ်။ အသက်အရွယ်မရွေး ကျွန်ုပ်တို့အားလုံး တုပထိုက်တဲ့ စံနမူနာကောင်းကိုလည်း ပြခဲ့ပါတယ်။

^ စာပိုဒ်၊ 9 ဒီစာစောင်မှာပါတဲ့ “သင် သိပါသလား” ဆောင်းပါးကို ဖတ်ပါ။

^ စာပိုဒ်၊ 20 အရေဖျားလှီးဖို့ ပေါလုပြောတဲ့အခါ တိမောသေ လိုလိုလားလား လက်ခံခဲ့တယ်။ ခရစ်ယာန်တွေက အရေဖျားလှီးဖို့မလိုအပ်ပါဘူး။ ဒါပေမဲ့ တိမောသေရဲ့အဖေက လူမျိုးခြားဖြစ်တယ်လို့ ဂျူးတွေ ဆင်ခြေတက်မှာစိုးလို့ အရေဖျားလှီးခိုင်းရတာပါ။—တမန်တော် ၁၆:၃