မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေမှာ ချိန်းတွေ့ခြင်းနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းထုတ်ထားတာ ရှိသလား

ယေဟောဝါသက်သေတွေမှာ ချိန်းတွေ့ခြင်းနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းထုတ်ထားတာ ရှိသလား

 ဘုရားသခင်လည်း နှစ်သက်၊ ကျွန်ုပ်တို့အတွက်လည်း အကျိုးရှိတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ သမ္မာကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေနဲ့ မိန့်မှာချက်တွေက ထောက်ကူပေးတယ်လို့ ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) အဲဒီလမ်းညွှန်ချက်တွေကို ကျွန်ုပ်တို့ထုတ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမ်းစာလမ်းညွှန်ချက်တွေအတိုင်း ကျွန်ုပ်တို့ နေထိုင်ကြတယ်။ ချိန်းတွေ့ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်တချို့ကို သုံးသပ်ကြည့်ရအောင်။ a

  •   အိမ်ထောင်ရေးဆိုတာ ရာသက်ပန်တည်မြဲတဲ့အနှောင်အဖွဲ့တစ်ခု ဖြစ်တယ်။ (မဿဲ ၁၉:၆) ယေဟောဝါသက်သေတွေက ချိန်းတွေ့ခြင်းကို အလေးအနက် သဘောထားတယ်။ ဘာကြောင့်လဲဆိုတော့ ချိန်းတွေ့ခြင်းဟာ အိမ်ထောင်ပြုဖို့အတွက် အစပျိုးခြေလှမ်းဖြစ်လို့ပါ။

  •   အိမ်ထောင်ပြုဖို့ သင့်တော်တဲ့အသက်အရွယ်ရှိသူတွေသာ ချိန်းတွေ့သင့်တယ်။ သူတို့ဟာ “အပွင့်လန်းဆုံးအချိန်လည်း လွန်ပြီဖြစ်၊” တစ်နည်းအားဖြင့် လိင်ဆန္ဒအပြင်းပြဆုံးအချိန်ကို ကျော်လွန်သူတွေ ဖြစ်ကြတယ်။—၁ ကောရိန္သု ၇:၃၆

  •   ချိန်းတွေ့သူတွေဟာ အိမ်ထောင်ပြုဖို့ လွတ်လပ်သူတွေဖြစ်ရမယ်။ တချို့သူတွေက တရားဝင်ကွာရှင်းထားရင်တောင် ဘုရားသခင်အမြင်မှာ ပြန်အိမ်ထောင်ပြုဖို့ လွတ်လပ်သူတွေ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသောအကြောင်းရင်းက အိမ်ထောင်ရေးဖောက်ပြန်မှုဖြစ်တယ်လို့ ကျမ်းစာမှာဆိုထားလို့ပါ။—မဿဲ ၁၉:၉

  •   အိမ်ထောင်ပြုချင်တဲ့ခရစ်ယာန်တွေဟာ ယုံကြည်သူချင်းကိုပဲ ရွေးချယ်သင့်တယ်လို့ ကျမ်းစာမှာ မိန့်မှာထားတယ်။ (၁ ကောရိန္သု ၇:၃၉) အဲဒီမိန့်မှာချက်မှာပါတဲ့ သခင်၌ရှိသောသူဆိုတာက ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေကို လေးစားသူကို ဆိုလိုတာမဟုတ်ဘဲ ယုံကြည်ချက်၊ ခံယူချက်တူတဲ့ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတစ်ဦးကို ဆိုလိုတာဖြစ်တယ်။ (၂ ကောရိန္သု ၆:၁၄) ယုံကြည်ချင်းတူတဲ့သူကိုသာ အိမ်ထောင်ပြုဖို့ မိမိကျေးကျွန်တွေကို ဘုရားသခင် အမြဲမိန့်မှာခဲ့တယ်။ (ကမ္ဘာဦး ၂၄:၃; မာလခိ ၂:၁၁) အဲဒီမိန့်မှာချက်ဟာ လက်တွေ့ကျကြောင်း ဒီနေ့ခေတ်ပညာရှင်တွေလည်း လက်ခံထားကြတယ်။ b

  •   သားသမီးတွေဟာ မိဘစကားကို နားထောင်ရပါမယ်။ (သုတ္တံ ၁:၈; ကောလောသဲ ၃:၂၀) အဲဒီမိန့်မှာချက်ထဲမှာ မိဘအုပ်ထိန်းမှုအောက်မှာရှိနေတဲ့ သားသမီးတွေဟာ ချိန်းတွေ့ခြင်းနဲ့ပတ်သက်ပြီး မိဘတွေရဲ့သဘောထားကို နားထောင်တာလည်း ပါဝင်တယ်။ သားသမီးတစ်ဦးဦးဟာ ဘယ်အရွယ်ကျမှ ချိန်းတွေ့သင့်တယ်၊ ဘယ်လုပ်ရပ်တွေကိုတော့ လုပ်ခွင့်ပြုတယ်ဆိုတာတို့လည်း ပါတယ်။

  •   ယေဟောဝါသက်သေတွေက ချိန်းတွေ့သင့် မသင့်၊ ဘယ်သူနဲ့ ချိန်းတွေ့မလဲဆိုတာ ကျမ်းစာလမ်းညွှန်ချက်တွေအပေါ် အခြေခံပြီး ကိုယ်တိုင်ဆုံးဖြတ်ကြတယ်။ ဒါကလည်း ဒီကျမ်းစာမူနဲ့ ကိုက်ညီပါတယ်– “လူအသီးသီးသည် မိမိတို့၏ဝန်ကို ထမ်းရွက်ကြရမည်။” (ဂလာတိ ၆:၅) ဒါပေမဲ့ ချိန်းတွေ့ခြင်းနဲ့ပတ်သက်လာရင် ယေဟောဝါသက်သေတွေဟာ သူတို့အကျိုးကို အကောင်းဆုံးလိုလားတဲ့ ရင့်ကျက်တဲ့ခရစ်ယာန်ချင်းတွေဆီမှာ အကြံဉာဏ်တောင်းခံကြတယ်။—သုတ္တံ ၁:၅

  •   ချိန်းတွေ့တဲ့အခါ လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူတွေက ကြီးလေးတဲ့အပြစ်တွေဖြစ်တယ်။ ဥပမာ၊ လိင်အကျင့်ယိုယွင်းတာကိုရှောင်ဖို့ ကျမ်းစာမှာ မိန့်ဆိုထားတယ်။ အဲဒီမိန့်မှာချက်ထဲမှာ လက်မထပ်ထားသူနှစ်ဦး လိင်ဆက်ဆံတာတင်မကဘူး၊ တခြားသူရဲ့လိင်အင်္ဂါကို လိင်စိတ်နဲ့ကိုင်တွယ်တာ၊ ပါးစပ်၊ စအိုနဲ့ လိင်ဆက်ဆံတာ စတဲ့ မသန့်ရှင်းတဲ့အကျင့်တွေပါ အကျုံးဝင်တယ်။ (၁ ကောရိန္သု ၆:၉–၁၁) လိင်အကျင့်ယိုယွင်းတဲ့အဆင့်ထိမရောက်ပေမဲ့ လက်မထပ်ခင် လိင်စိတ်နှိုးဆွစေတဲ့ အပြုအမူတွေကလည်း ဘုရားသခင် ရွံမုန်းတဲ့ “မသန့်ရှင်း” တဲ့အကျင့်အကြံ ဖြစ်တယ်။ (ဂလာတိ ၅:၁၉–၂၁) လိင်ကိစ္စအကြောင်း မဖွယ်မရာ အပြန်အလှန်ပြောဆိုခြင်းကလည်း “ညစ်ညမ်းသောစကား” ထဲမှာပါပြီး ကျမ်းစာမှာ အဲဒါကို ပြစ်တင်ရှုတ်ချထားတယ်။—ကောလောသဲ ၃:၈

  •   လူ့စိတ်နှလုံးက လှည့်စားတတ်တယ်။ (ယေရမိ ၁၇:၉) လူတစ်ဦးဟာ မှားတယ်လို့သိထားတဲ့ကိစ္စကိုတောင် စိတ်အလိုလိုက်ပြီး လုပ်မိသွားနိုင်တယ်။ ချိန်းတွေ့သူတွေဟာ မကောင်းတာတွေမလုပ်မိဖို့ သူတို့ နှစ်ဦးတည်းသီးသန့်ရှိနေတဲ့ သွေးဆောင်မှုဖြစ်စေတဲ့ အခြေအနေမျိုးကို ရှောင်ရမှာဖြစ်တယ်။ ချိန်းတွေ့သူတွေဟာ လူမြင်ကွင်းမှာ အများနဲ့သွားလာပေါင်းသင်းခြင်း၊ သင့်တော်တဲ့အဖော်တစ်ဦးခေါ်သွားခြင်းဖြင့် မဖြစ်သင့်တာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်။ (သုတ္တံ ၂၈:၂၆) အိမ်ထောင်ဖက်ရှာနေတဲ့ တစ်ကိုယ်ရည်ခရစ်ယာန်တွေလည်း အင်တာနက်မှာ ချိန်းတွေ့ခြင်းရဲ့အန္တရာယ်ကို သတိထားဖို့လိုတယ်။ အထူးသဖြင့် အင်တာနက်မှာ သူစိမ်းတစ်ယောက်နဲ့ သံယောဇဉ်တွယ်မိသွားတဲ့အခါ အန္တရာယ်ရှိနိုင်တယ်။—ဆာလံ ၂၆:၄

a တချို့ယဉ်ကျေးမှုမှာ ချိန်းတွေ့တဲ့ထုံးစံရှိပေမဲ့ တချို့ယဉ်ကျေးမှုမှာ မရှိပါ။ ချိန်းတွေ့ဖို့လိုအပ်တယ်၊ အိမ်ထောင်ပြုဖို့အတွက် မဖြစ်မနေ ချိန်းတွေ့ရမယ်လို့ ကျမ်းစာမှာ မသွန်သင်ထားပါဘူး။

b ဥပမာ၊ Marriage & Family Review ဂျာနယ်ထဲက ဆောင်းပါးတစ်ပုဒ်မှာ အခုလိုဖော်ပြထားတယ်–“သက်တမ်းကြာတဲ့အိမ်ထောင်သည် (အိမ်ထောင်သက် ၂၅–၅၀ အထက်) တွေကို လေ့လာကြည့်တဲ့အခါ အိမ်ထောင်ရေးခိုင်မြဲဖို့အတွက် အဓိကအချက်တွေမှာ ဘာသာရေး ယုံကြည်ချက်၊ ဘာသာရေးခံယူချက်၊ ဘာသာတရားကိုင်းရှိုင်းမှုမှာ တူညီတာဖြစ်ကြောင်း တွေ့ရတယ်။”​—Volume 38, issue 1, page 88 (2005).