မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ရည်းစားထားခြင်း​—အပိုင်း ၃–လမ်းခွဲသင့်သလား

ရည်းစားထားခြင်း​—အပိုင်း ၃–လမ်းခွဲသင့်သလား

 ရည်းစားနဲ့ တွဲလာခဲ့တာ အချိန်တစ်ခုကြာပြီ။ ဒါပေမဲ့ အခု စိတ်ထဲ ဒွိဟဖြစ်လာတယ်။ သူနဲ့ ရှေ့ဆက်ရမလား၊ လမ်းခွဲရမလား။ ဆုံးဖြတ်နိုင်ဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

ဒီဆောင်းပါးမှာ သိရမှာက

 ဒွိဟစိတ်နဲ့ ရင်ဆိုင်ခြင်း

 အချိန်တစ်ခုကြာအောင် တွဲကြည့်ပြီးတဲ့အခါ ထင်ထားသလောက် ရည်းစားနဲ့ သဘောထားချင်း မတိုက်ဆိုင်ပါလားဆိုတာ သတိပြုမိလာနိုင်တယ်။ ဥပမာ–

  •   တစ်ယောက်က ကမ်းခြေသွားချင်တယ်၊ နောက်တစ်ယောက်က တောင်တက်ချင်တယ်။

  •   တစ်ယောက်က အပေါင်းအသင်းဆံ့တယ်၊ နောက်တစ်ယောက်က လူအေး။

  •   တစ်ယောက်က လိမ်ညာတတ်တယ်၊ နောက်တစ်ယောက်က ရိုးသားတယ်။

 ဒီအခြေအနေ သုံးခု မတူညီဘူးဆိုတာ မှတ်သားပါ။ ပထမတစ်ခုက အကြိုက် မတူတာ။ ဒုတိယတစ်ခုက စရိုက်မတူတာ။ တတိယတစ်ခုက စံနှုန်းမတူတာ။

 စဉ်းစားစရာအချက်က ဒီသုံးခုထဲမှာ ဘယ်တစ်ခုက အိမ်ထောင်သည်ဘဝမှာ ဒုက္ခအပေးနိုင်ဆုံး ဖြစ်မလဲ။ ဘယ်ဟာကိုတော့ ညှိယူလို့ ရနိုင်မလဲ။

 လင်နဲ့မယား အကြိုက်မတူ၊ စရိုက် မတူရင်တောင် အိမ်ထောင် သာယာနိုင်ပါတယ်။ လူနှစ်ယောက် ချွတ်စွပ်တူနေမှ လိုက်ဖက်တာ မဟုတ်ဘူး။ တစ်ယောက်အကြိုက် တစ်ယောက်လိုက်လုပ်ပေးနိုင်သလို အကျင့်စရိုက်မတူလို့ အပြန်အလှန် အကျိုးရတာမျိုးလည်း ရှိနိုင်ပါတယ်။ a

 ဒါပေမဲ့ သင်လက်ထပ်မယ့်သူဟာ သင်နဲ့ စံနှုန်းတူဖို့ သိပ်အရေးကြီးတယ်။ ဘာသာရေးယုံကြည်ချက်စံနှုန်း၊ ကိုယ်ကျင့်တရားခံယူချက်စံနှုန်း၊ အမှားအမှန်စံနှုန်းတွေ မတူဘူးဆိုရင်တော့ အခြေအနေမဟန်ဘူး။

 ဘာသာရေးယုံကြည်ချက် မတူဘူးဆိုပါစို့။ စာအုပ်တစ်အုပ် (Fighting for Your Marriage) မှာ ဒီလိုဖော်ပြထားတယ်– “ကိုးကွယ်ရာဘာသာမတူတဲ့ အိမ်ထောင်တွေ သိပ်မမြဲတတ်ဘူးဆိုတာ လေ့လာတွေ့ရှိချက်တွေက ထပ်ခါထပ်ခါ ဖော်ပြနေတယ်။”

 ကျမ်းစာအခြေခံမူ။ “မယုံကြည်သောသူတို့နှင့် တွဲဖက်၍ မလုပ်ဆောင်ကြနှင့်။ တွဲဖက်၍ လုပ်ဆောင်ရန်မဖြစ်နိုင်။”—၂ ကောရိန္သု ၆:၁၄ခေတ်သုံးမြန်မာသမ္မာကျမ်း။

 ဆုံးဖြတ်ချက် ချခြင်း

 အိမ်ထောင်သည်တွေဟာ “ဘဝဒုက္ခ” ခံရလိမ့်မယ်ဆိုပြီး ကျမ်းစာ ဆိုတယ်။ (၁ ကောရိန္သု ၇:၂၈) ဒါကြောင့် ရည်းစားဘဝမှာကတည်းက အခုလို အဆင်မပြေမှုလေးတွေ ရှိတာ မဆန်းပါဘူး။

 သဘောထားကွဲလွဲမှု နည်းနည်းပါးပါး ရှိတာနဲ့ပဲ ဒီလူနဲ့ အဆင်မပြေနိုင်ဘူးလို့ ပြောလို့မရဘူး။ အဓိက စဉ်းစားရမှာက ဖြစ်လာတဲ့ ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းတတ်သလား။ ဒါဟာ အိမ်ထောင်ပြုရင် နှစ်ယောက်စလုံးမှာ မရှိမဖြစ် လိုအပ်မယ့် အရည်အချင်းပဲ။

 ကျမ်းစာအခြေခံမူ။ “အချင်းချင်း သနားကြင်နာကြပါ။ ကရုဏာပြကြပါ။ . . . အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ဧဖက် ၄:၃၂

 သဘောထားကွဲလွဲမှုတွေ ခဏခဏ ဖြစ်တယ်၊ အကြီးအကျယ် ဖြစ်တတ်တယ်ဆိုရင်တော့ သင်တို့နှစ်ယောက် သိပ်မလိုက်ဖက်တာ ဖြစ်နိုင်တယ်။ ဒီလိုဆိုရင်တော့ အိမ်ထောင်ပြုပြီးမှ သိရတာထက် အခုကတည်းက သိသွားတာ ပိုအကျိုးရှိပါတယ်။

သဘောထားကွဲလွဲမှုတွေ ခဏခဏ ဖြစ်တယ်၊ အကြီးအကျယ် ဖြစ်တတ်တယ်ဆိုရင်တော့ သင်တို့နှစ်ယောက် မလိုက်ဖက်တာ ဖြစ်နိုင်တယ်

 အဓိကအချက်။ ရည်းစားနဲ့ ရှေ့ဆက်သင့်သလား၊ ကိုယ်တိုင်ကော အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်နေရဲ့လားဆိုပြီး စိတ်ထဲမှာ အတော်လေး မတင်မကျဖြစ်နေရင် ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။

 ကျမ်းစာအခြေခံမူ။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ သွားမြဲသွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။”—ပညာအလိမ္မာ ၂၂:၃

 လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရင်

 လမ်းခွဲတဲ့အခါ နာကျင်ခံစားရနိုင်တယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာတဲ့အထိ တစ်ဖက်ဖက် ဒါမှမဟုတ် နှစ်ဦးနှစ်ဖက်က ရှေ့ဆက်ဖို့ မသေချာဘူးဆိုရင် လမ်းခွဲလိုက်တာ အကောင်းဆုံးဖြစ်နိုင်တယ်။

 ဘယ်လိုပုံစံနဲ့ လမ်းခွဲသင့်သလဲ။ ဖြစ်နိုင်မယ်ဆိုရင် လမ်းခွဲစကားကို စာ၊ အီးမေးလ်နဲ့ မပို့ပါနဲ့။ လူချင်းတွေ့ပြီး လေးလေးနက်နက် ဆွေးနွေးဖို့ သင့်တော်တဲ့ အချိန်နဲ့ နေရာကို ရွေးချယ်ပါ။

 ကျမ်းစာအခြေခံမူ။ “အချင်းချင်း မှန်သောစကားကိုပဲ ပြောကြပါ။”—ဇာခရိ ၈:၁၆

 လမ်းခွဲလိုက်လို့ ကိုယ်ဟာ အရှုံးသမား ဖြစ်သွားတာ မဟုတ်ဘူး။ ရည်းစားထားတဲ့ ရည်ရွယ်ချက်ဟာ ကိုယ်တွဲနေတဲ့သူနဲ့ အိမ်ထောင်ပြုသင့်၊ မပြုသင့် ဆုံးဖြတ်နိုင်ဖို့ဆိုတာ မမေ့ပါနဲ့။ ရည်းစားနဲ့ ပြတ်သွားရင်တောင် အဖိုးတန် သင်ခန်းစာတွေ ကျန်နေဦးမှာပါ။

 ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ဒီဆက်ဆံရေးကနေ ငါ့အကြောင်း ဘာတွေ ပိုသိလာသလဲ။ ငါတိုးတက်ရမယ့်အပိုင်းတွေ ရှိသလား။ နောက်တစ်ခါ ရည်းစားထားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အခုလို မဖြစ်အောင် ဘာလုပ်မလဲ။’

a ဒီမတူညီမှုတွေက အိမ်ထောင်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲ။ “မိသားစုအတွက် အကူအညီ—အကြိုက် မတူတာလေးတွေကို ရင်ဆိုင်ဖြေရှင်းခြင်း” နဲ့ “မိသားစုအတွက် အကူအညီ—စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်တွေကို အကောင်းဘက်ကနေ ရှုမြင်ပါ” ဆောင်းပါးတွေကို ကြည့်ပါ။