မာတိကာဆီ ကျော်သွား

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်မှာ တည်ရှိတဲ့ ပက်တာစင် ဧည့်သည်လည်ပတ်ရေးစင်တာ။ အတွင်းပုံ– “ပထမရာစု ကျမ်းစာရွာ” ပြခန်းကို ဧည့်သည်တွေ ပျော်ရွှင်စွာလည်ပတ်နေ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆
ကမ္ဘာတစ်ဝန်းက သတင်းများ

ကိုယ်တိုင်ကိုယ်ကျ ပါဝင်လေ့လာကြည့်ရှုနိုင်တဲ့ ပက်တာစင် ဧည့်သည်လည်ပတ်ရေးစင်တာ

ကိုယ်တိုင်ကိုယ်ကျ ပါဝင်လေ့လာကြည့်ရှုနိုင်တဲ့ ပက်တာစင် ဧည့်သည်လည်ပတ်ရေးစင်တာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ပက်တာစင် ကင်းမျှော်စင် ပညာပေးဌာနမှာတည်ရှိတဲ့ ဧည့်သည်လည်ပတ်ရေးစင်တာကို ဖွင့်လှစ်လိုက်ပါပြီ။ စင်တာရဲ့ အထူးပြခန်းကို “ပထမရာစု ကျမ်းစာရွာ” လို့ နာမည်ပေးထားပါတယ်။ “ယေရှုခေတ်က လူတွေရဲ့ လူနေမှုဘဝကို မြင်နိုင်တွေ့နိုင်၊ သင်ယူနိုင်အောင် ကျမ်းစာရွာကို ဖွင့်လှစ်ထားတာပါ” လို့ ဗေသလ ပြတိုက်ဌာနက ညီအစ်ကို အိုင်ဇေးယား မီလာ ဆိုတယ်။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လေ့လာနိုင်တဲ့နည်းနဲ့ သင်ယူခြင်းဟာ အရွယ်မျိုးစုံအတွက် အင်မတန် ထိရောက်တယ်လို့ လေ့လာမှုတွေက ဖော်ပြတယ်။ “ရှေးခေတ်တုန်းက အစ္စရေးနိုင်ငံကို ရောက်သွားသလိုပဲ၊ ကောင်းလိုက်တာ” လို့ ပြခန်းကို လည်ပတ်ခဲ့တဲ့ ဧည့်သည်တစ်ယောက် ပြောပြတယ်။

ပြခန်းထဲမှာ ပထမရာစုခေတ် အစ္စရေးရွာသူ/သားတွေရဲ့ နေ့စဉ်ဘဝပုံစံ၊ တိရစ္ဆာန်၊ အစားအစာနဲ့ အပင်တွေကို မြင်တွေ့နိုင်တယ်။ လက်နဲ့ သေချာဖန်တီးထားတဲ့ အစ္စရေးနိုင်ငံက သံလွင်ပင်တွေကို တွေ့နိုင်သလို ကောက်နှံတွေကိုလည်း ကြိတ်ဆုံမှာ ကိုယ်တိုင် ကြိတ်ကြည့်လို့ရတယ်။ ယေရှုနဲ့တပည့်တွေ သုံးခဲ့တဲ့ ငါးဖမ်းလှေနဲ့ ဆင်တူတဲ့ လှေပေါ်လည်း တက်နိုင်တယ်။ “ပင်လယ်ကို ‘တိတ်ဆိတ်ငြိမ်သက်စေ’ လို့ ယေရှုပြောတုန်းက ကျွန်တော်လည်း ရှိနေခဲ့သလို ခံစားလိုက်ရတယ်” လို့ ညီအစ်ကိုတစ်ယောက် ဝမ်းပန်းတသာ ပြောပြတယ်။ (မာ ၄:၃၉) ပုံစံတူတည်ဆောက်ထားတဲ့ ရှေးခေတ်တရားဇရပ်ကိုလည်း သွားလည်နိုင်တယ်။ တရားဇရပ်မှာ ထိုင်ရင်း ဘုရားစကားတော် အသံကျယ်ကျယ်ဖတ်ပြနေတာကို အာရုံစိုက်နားထောင်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်နိုင်တယ်။

ကျမ်းစာရွာရဲ့ မြင်ကွင်းများ (လက်ယာရစ်)– ပထမရာစု ငါးဖမ်းလှေ၊ ကြိတ်ဆုံ၊ တရားဇရပ်၊ စျေး

ကျမ်းစာရွာကို လာလည်တဲ့ ရေဗက္ကာနဲ့ မားကို့စ်တို့ ခွေးခြေလုပ်နည်း သင်ယူနေကြ

ထူးခြားတဲ့ နောက်ကဏ္ဍတစ်ခုကတော့ “အစ္စရေးရွာသူ/သားတွေ” လို သရုပ်ဆောင်ထားတဲ့ ညီအစ်ကို/မတွေနဲ့ စကားပြောပြီး ပထမရာစုခေတ် နေထိုင်ပုံကို သင်ယူနိုင်တဲ့ အခွင့်အရေးပါ။ ယေရှုခေတ်က လုပ်ငန်းကိုင်ငန်းတွေမှာလည်း ကိုယ်တိုင် ပါဝင်လုပ်ကိုင်နိုင်တယ်။ “သားကြိုက်တဲ့အပိုင်းက ခွေးခြေလုပ်နေတဲ့ အစ္စရေးလက်သမားကို ကူညီပေးရတာ” လို့ ဆယ်နှစ်အရွယ် မားကို့စ် ပြောတယ်။ “သမီးလည်း အဲဒါကို ကြိုက်တယ်။ ဂျုံစေ့တွေ ကြိတ်ရတာကိုလည်း ကြိုက်တယ်” လို့ ရှစ်နှစ်အရွယ် ရေဗက္ကာ ပြောတယ်။

စင်တာမှာ နောက်ထပ်ပြခန်းသုံးခုလည်း ရှိတယ်။ “ဂရိကျမ်းစောင်ပါ ဒင်္ဂါးများ” ဆိုတဲ့ပြခန်းမှာတော့ ရှားပါးတဲ့ တက်ထရာဒရက်မာ အပါအဝင် ပထမရာစုခေတ်က ဒင်္ဂါးတွေကို တွေ့နိုင်တယ်။ “မင်းရဲ့သားသမီးအားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်” ဆိုတဲ့ပြခန်းမှာတော့ အဖွဲ့အစည်းရဲ့ သင်တန်းကျောင်းတွေအကြောင်း၊ ကျမ်းစာပညာရေးရဲ့ အကျိုးကျေးဇူးတွေအကြောင်း လေ့လာနိုင်မယ်။ “သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်ခြင်း” ဆိုတဲ့ ပြခန်းမှာ နှိပ်စက်ညှဉ်းပန်းမှုကြုံရတဲ့ ညီအစ်ကို/မများစွာရဲ့ သစ္စာရှိပုံသက်သေအကြောင်း၊ သူတို့ကို ယေဟောဝါရဲ့အဖွဲ့အစည်း သစ္စာရှိရှိ ထောက်မပေးနေပုံအကြောင်း တွေ့နိုင်တယ်။

ဘယ်မှ ညာ– “ဂရိကျမ်းစောင်ပါ ဒင်္ဂါးများ” ပြခန်း၊ “မင်းရဲ့သားသမီးအားလုံး ယေဟောဝါ သွန်သင်ပေးတာကို ခံရလိမ့်မယ်” ပြခန်း၊ “သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်ခြင်း” ပြခန်း

ပက်တာစင် ဧည့်သည်လည်ပတ်ရေးစင်တာကို လာလည်ကြဖို့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို ဖိတ်ခေါ်ပါတယ်။ ယုံကြည်ခြင်း ခိုင်ခံ့အောင် ကူညီပေးတဲ့ ဒီစင်တာဟာ လူမျိုးတော်ကို အလွန် ချစ်ခင်တန်ဖိုးထားတဲ့ ယေဟောဝါဆီက ဆုကျေးဇူးပါပဲ။—ယာ ၁:၁၇