မာတိကာဆီ ကျော်သွား

ပူနစ် အက်ဂါဝါ၊ ဒါလ်ရွိုင် ဝီလျံစန်၊ အရှုပ်ခ် ပတဲယ် (အပေါ်တန်း၊ ဝဲမှယာ)။ မာ့ခ် စလက်ဂျာ၊ ဂျူနီ ပါလမူ၊ ဟီရိုရှီ အာအိုကီ (အောက်တန်း၊ ဝဲမှယာ)

ဇူလိုင် ၁၀၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ဒုတိယအပတ်မှာ နောက်ထပ် ကျမ်းစာခြောက်မျိုး ထုတ်ဝေ

ဒုတိယအပတ်မှာ နောက်ထပ် ကျမ်းစာခြောက်မျိုး ထုတ်ဝေ

ဒုတိယအပတ်မှာလည်း နောက်ထပ် ကျမ်းစာခြောက်မျိုး ထုတ်ဝေကြောင်း ယေဟောဝါသက်သေတွေ ကြေညာပါတယ်။ ၂၀၂၀၊ ဇူလိုင် ၄ ရက်မှာ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာကို ဘစ်လာမာ၊ အိုရိုမို ဘာသာစကားနဲ့ ထုတ်ဝေလိုက်ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာတော့ လတ်ဗီးယားနဲ့ မာရသီလို ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ ဘင်ဂါလီနဲ့ (စကော)ကရင်လို ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေပါတယ်။ အီလက်ထရောနစ်ပုံစံနဲ့ ကျမ်းစာတွေကို ကြိုတင်အသံသွင်းထားတဲ့ ဟောပြောချက်ကတစ်ဆင့် ထုတ်ဝေခြင်း ဖြစ်တယ်။ ဒီအထူးအစီအစဉ်တွေကို ဗီဒီယိုချိတ်ဆက်မှုနဲ့ ကြည့်ရှုကြပြီး ယေဟောဝါဆီကရတဲ့ ဒီလက်ဆောင်ကြောင့် ဝမ်းသာပျော်ရွှင်နေကြတယ်။

ဘစ်လာမာ

ဖီဂျီဌာနခွဲကော်မတီဝင် ညီအစ်ကို မာ့ခ် စလက်ဂျာက ဘစ်လာမာ ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် တည်းဖြတ်ကျမ်းကို ထုတ်ဝေတယ်။ ဗန်ဝါတူးကျွန်းက ကြေညာသူတွေ ရုပ်သံချိတ်ဆက်ပြီး ကြည့်ရှုကြတယ်။ ဘစ်လာမာလို ဟောပြီး ဘစ်လာမာ လက်သင်္ကေတပြ ဘာသာစကားနဲ့ ဘာသာပြန်ပေးတယ်။

ကျမ်းစာဘာသာပြန်အဖွဲ့ နှစ်ဖွဲ့က ဒီကျမ်းစာကို သုံးနှစ်ကျော် ဘာသာပြန်ခဲ့ကြတယ်။ “တည်းဖြတ်ထားတဲ့ ဒီကမ္ဘာသစ်ဘာသာပြန်ကျမ်းက ဖတ်ရလွယ်တယ်။ နေ့စဉ်သုံး၊ ခေတ်သုံးစကားနဲ့ ပြန်ဆိုထားတာဖြစ်လို့ ညီအစ်ကိုတွေ သဘောကျမှာပါ။ ဒီကျမ်းစာကြောင့် အမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်နိုင်တော့မယ်” လို့ ဘာသာပြန်တစ်ယောက် ပြောတယ်။

ဒီကျမ်းစာက အမှုဆောင်ထွက်တဲ့အခါ၊ ကိုယ်ပိုင်လေ့လာမှု လုပ်တဲ့အခါ ဘစ်လာမာစကားပြော ကြေညာသူ ၇၀၀ ကျော်အတွက် အကူအညီဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။

အိုရိုမို

အီသီယိုးပီးယား ဌာနခွဲကော်မတီဝင် ညီအစ်ကို ဒါလ်ရွိုင် ဝီလျံစန်က အိုရိုမိုဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေတယ်။ အိုရိုမိုဘာသာစကားပြော ကြေညာသူ ၂,၀၀၀ အပါအဝင် ညီအစ်ကို/မ စုစုပေါင်း ၁၂,၅၄၈ ဦးက အစီအစဉ်ကို ရုပ်သံချိတ်ဆက် ကြည့်ရှုခဲ့ကြတယ်။

နည်းပညာပစ္စည်းတွေ မပြည့်စုံတဲ့အတွက် ကြိုတင်အသံသွင်းထားတဲ့ အစီအစဉ်ကို အသံလွှင့်ရုံကတစ်ဆင့် ထုတ်လွှင့်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုပေးတယ်။ ကြေညာသူတချို့ ဖုန်းနဲ့ချိတ်ဆက်ပြီး နားထောင်ခဲ့ကြတယ်။

ဒီပရောဂျက် ပြီးစီးဖို့ ဘာသာပြန် ငါးယောက်က ငါးနှစ်ကြာ ဘာသာပြန်ခဲ့ကြတယ်။ အိုမိုရိုစကားပြောသူတွေကို သတင်းကောင်း ဟောပြောနေတဲ့ ညီအစ်ကို/မတွေအတွက် ဒီကျမ်းစာဟာ အဖိုးတန် ကိရိယာတစ်ခုပါပဲ။

လတ်ဗီးယား

၁၂ နှစ်ကြာ ကြိုးစားပမ်းစား လုပ်ဆောင်မှုကြောင့် လတ်ဗီးယားလို ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထွက်လာပါပြီ။ လတ်ဗီးယားနိုင်ငံက လတ်ဗီးယားစကားပြော အသင်းတော်တွေ၊ ရုရှားစကားပြော အသင်းတော်တွေအားလုံး အစီအစဉ်ကို ချိတ်ဆက်ကြည့်ရှုခဲ့ကြတယ်။

ဖင်လန်ဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဂျူနီ ပါလမူက ကျမ်းစာထုတ်ဝေတဲ့ ဟောပြောချက် ပေးတယ်။ “လတ်ဗီးယား စာဖတ်သူတွေအတွက် ဖတ်ရလွယ်တဲ့ ဒီခေတ်သုံး ဘာသာပြန်ကျမ်းကို ထုတ်ဝေခွင့်ရလို့ ဝမ်းသာပါတယ်။ ဘုရားသခင့် တရားစကားကို လေ့လာပြီး စဉ်းစားဆင်ခြင်တဲ့အခါ ပိုအရသာတွေ့ကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ သူပြောတယ်။

ကျမ်းစာအသစ်မှာ ပါတဲ့ ရှာဖွေလေ့လာစရာ ကဏ္ဍတွေနဲ့ပတ်သက်ပြီး ဘာသာပြန်တစ်ယောက်က “ဒီကျမ်းစာအသစ်က သုံးရလွယ်ရုံဘဲ မဟုတ်ဘူး။ ထဲထဲဝင်ဝင် လေ့လာပြီး စဉ်းစားဆင်ခြင်ဖို့ သိပ်ကောင်းတဲ့ စာအုပ်ပါ” လို့ပြောတယ်။

မာရသီ

အိန္ဒိယနိုင်ငံက မာရသီစကားပြော အသင်းတော်တွေအတွက် ကျင်းပတဲ့ အစီအစဉ်တစ်ခုမှာ မာရသီလို ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထုတ်ဝေတယ်။ အိန္ဒိယဌာနခွဲ ကော်မတီဝင် ညီအစ်ကို ပူနစ် အက်ဂါဝါက ကျမ်းစာထုတ်ဝေကြောင်း ကြေညာတယ်။

ဘာသာပြန် ခြောက်ယောက်က ဒီပရောဂျက် ပြီးစီးဖို့ သုံးနှစ် ဘာသာပြန်ခဲ့ကြတယ်။ ဘာသာပြန်အဖွဲ့ဝင်တစ်ယောက်က “မိဘတွေအနေနဲ့ သားသမီးကို သွန်သင်ပေးတဲ့အခါ၊ ကျမ်းစာသင်ပေးသူတွေက စိတ်ဝင်စားသူတွေကို ကျမ်းစာအမှန်တရား သွန်သင်ပေးတဲ့အခါ ဒီကျမ်းစာက သိပ်အထောက်အကူပြုပါလိမ့်မယ်” လို့ပြောတယ်။

ဘာသာပြန်နောက်တစ်ယောက်က “ဒီကျမ်းစာမှာ ယေဟောဝါဆိုတဲ့ ဘုရားနာမည်ကို မူရင်းမှာလို သူ့နေရာမှန်မှာ ပြန်ထည့်ထားလို့ သိပ်စိတ်ချမ်းသာတာပဲ။ ဒီဘာသာပြန်ကျမ်း စာမျက်နှာအားလုံးလိုလိုမှာ ယေဟောဝါရဲ့နာမည်ကို ဖတ်နိုင်တော့မယ်။ ယေဟောဝါရဲ့ နာမတော် ရသင့်ရထိုက်တဲ့ ချီးမွမ်းမှုကို ရရှိပါတော့မယ်” လို့ပြောတယ်။

အိန္ဒိယနိုင်ငံအလယ်ပိုင်းမှာ မာရသီဘာသာစကား ပြောဆိုသူ ၈၃ သန်းကျော် ရှိတယ်။

ဘင်ဂါလီ

အိန္ဒိယဌာနခွဲ ကော်မတီဝင် ညီအစ်ကို အရှုပ်ခ် ပတဲယ်က ဘင်ဂါလီလို ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ ကြေညာသူ ၁,၂၀၀ ကျော်က အစီအစဉ်ကို ရုပ်သံချိတ်ဆက်ပြီး ကြည့်ရှုကြတယ်။

ဘင်ဂါလီဘာသာစကား ပြောဆိုသူ ၂၆၅ သန်းကျော် ရှိတယ်။ ကမ္ဘာ့အပြောအများဆုံး ဘာသာစကားထဲမှာ နံပါတ်ခုနစ် ချိတ်တယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအသီးသီးက လာတဲ့ ဘာသာပြန်အဖွဲ့က လူအများစု နားလည်လွယ်တဲ့ ဘာသာပြန်ကျမ်း ဖြစ်ဖို့ သုံးနှစ်ကျော် ဘာသာပြန်ခဲ့ကြတယ်။

ဟောပြောချက်မှာ ညီအစ်ကို ပတဲယ် ဒီလိုပြောတယ်- “ကျမ်းစာကို ဦးဆုံးဘာသာပြန်ဆိုတဲ့ အိန္ဒိယနိုင်ငံသုံး ဘာသာစကားတွေထဲမှာ ဘင်ဂါလီစကားလည်း ပါဝင်တယ်။ ခရစ်ယာန်ဂရိကျမ်းစာ အပြည့်အစုံကို ၁၈၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ ရှေးအကျဆုံး ဘင်ဂါလီကျမ်းစာရဲ့ အားသာချက်တစ်ခုက ဘုရားနာမည် ယေဟောဝါကို ထည့်သွင်းပြန်ဆိုထားခြင်းပါပဲ။ ခေတ်သုံးဘာသာပြန်ကျမ်းတွေမှာတော့ ဘုရားနာမည်ကို ‘သခင်’ နဲ့ အစားထိုးထားကြတယ်။ ဒီကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကတော့ တိကျမှန်ကန်ပြီး နားလည်ရလွယ်မှာ သေချာတယ်။”

ဘာသာပြန်တစ်ယောက်က “အလွှာပေါင်းစုံက လူတွေကို ယေဟောဝါ ချစ်တယ်၊ မိမိအကြောင်း၊ သားတော်ယေရှုအကြောင်း လေ့လာသင်ယူစေချင်တယ်ဆိုတာ ဒီကျမ်းစာက သက်သေပဲ” လို့ပြောတယ်။

ကရင် (စကော)

မြန်မာဌာနခွဲ ကော်မတီဝင် ညီအစ်ကို ဟီရိုရှီ အာအိုကီက စကောကရင်လို ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေတယ်။ အသင်းတော် ခြောက်ခုနဲ့ အုပ်စုလေးစုမှာ ရှိတဲ့ လူပေါင်း ၅၁၀ တို့က အစီအစဉ်ကို ရုပ်သံချိတ်ဆက်ပြီး ကြည့်ရှုကြတယ်။

တစ်နှစ်ကျော်လေးအတွင်းမှာ စကောကရင်လို ဘာသာပြန်တဲ့ ပရောဂျက် ပြီးစီးခဲ့တယ်။ ဘာသာပြန်တစ်ယောက် အခုလိုပြောပြတယ်- “ယေဟောဝါရဲ့နာမည်ကို နေရာမှန်မှာ ပြန်ထည့်ထားပြီး ခေတ်သုံးစကားနဲ့ ပြန်ဆိုထားလို့ ဒီဘာသာပြန်ကျမ်းကို ညီအစ်ကို/မတွေကော ရပ်ကွက်ကလူတွေပါ ဖတ်ပျော်ကြမှာပါ။ ရှင်းလင်းတိကျရုံမက နားလည်ရလွယ်တယ်။ ကိုယ့်မိခင်ဘာသာစကားနဲ့ ကျမ်းစာကို ဖတ်ရင်း ဘုရားနဲ့ ပိုရင်းနှီးလာစေမယ့် ဒီအထူးလက်ဆောင်အတွက် ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။”

ဘာသာပြန် နောက်တစ်ယောက်က ဒီလိုပြောတယ်- “ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို နေ့စဉ်သုံးစကားနဲ့ ပြန်ဆိုထားတာမို့လို့ ဖတ်ရှုသူတွေအနေနဲ့ ကျမ်းစာဇာတ်ကောင်တွေရဲ့ ခံစားချက်တွေကို နားလည်နိုင်တယ်၊ အခြေအနေတွေကို မြင်ယောင်နိုင်တယ်၊ သူတို့ရဲ့ယုံကြည်ခြင်းကိုလည်း အတုယူနိုင်တယ်။”

ကျွန်တော်တို့လည်း ဒီကျမ်းစာတွေ ရရှိတဲ့ ညီအစ်ကို/မတွေနဲ့ထပ်တူ ဝမ်းသာကြပါတယ်။ ဒီကျမ်းစာတွေ ဖတ်ရှုတဲ့ ကြေညာသူတွေလည်း ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်၊ အမှန်တရားကို ဝေမျှပေးကြမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ယောဟန် ၁၇:၁၇