မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေ​တဲ့​လမ်း

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာ

လူတွေဟာ ချစ်ခြင်းမေတ္တာ ရ​ချင်​ကြ​တယ်။ အိမ်ထောင်၊ မိသားစု၊ မိတ်ဆွေတွေ​မှာ မေတ္တာ မရှိရင် မတည်မြဲ​နိုင်​ဘူး။ ဒါကြောင့် စိတ်ရော ကိုယ်ပါ ပျော်ရွှင်ဖို့ ချစ်ခြင်းမေတ္တာ မရှိမဖြစ် လိုတယ်။ ဒါဆိုရင် “ချစ်ခြင်းမေတ္တာ” ဆိုတာ ဘာလဲ။

ဒီ​မှာ​ပြော​နေတဲ့ ချစ်ခြင်းမေတ္တာ​ဆိုတာ စိတ်ကူးယဉ်​ဆန်​တဲ့​မေတ္တာကို မဆိုလို​ဘူး။ ကိုယ်ကျိုးထက် သူတစ်ပါး​အကျိုး​ကို အလေးထား​တဲ့၊ သာလွန်​ကောင်းမွန်​တဲ့ မေတ္တာ​မျိုး​ကို ဆိုလိုတယ်။ ဘုရားရေးရာ အခြေခံ​မူ​နဲ့ လမ်းညွှန်​ခံရတဲ့ မေတ္တာ ဖြစ်ပေမဲ့ ခံစားချက် မဲ့​တာ မဟုတ်ဘူး။

ချစ်ခြင်း​မေတ္တာကို ဒီလို​လှပ​စွာ ဖော်ပြထားတယ်– “မေတ္တာ​ဟာ စိတ်ရှည်​တတ်တယ်။ ကြင်နာ​တတ်တယ်။ မေတ္တာ​ဟာ မနာလို မဖြစ်​တတ်​ဘူး၊ မ​ဝါကြွား​တတ်​ဘူး၊ မာန်မာန မရှိဘူး။ မတော်မလျော် မကျင့်​တတ်​ဘူး။ ကိုယ်ကျိုး မ​ရှာ​တတ်​ဘူး။ ဒေါသ မ​ထွက်​တတ်​ဘူး။ နစ်နာမှု​တွေကို မ​မှတ်ထား​တတ်​ဘူး။ မတရားမှု​ကြောင့် ဝမ်း​မသာ​တတ်​ဘူး။ အမှန်တရား​ကြောင့် ဝမ်းသာ​တတ်တယ်။ မေတ္တာ​ဟာ အရာရာ​ကို သည်းခံ​တတ်တယ်။ . . . အရာရာ​ကို မျှော်လင့်​တတ်တယ်။ အရာရာ​ကို ကြံ့ကြံ့ခံ​တတ်တယ်။ မေတ္တာ​ဟာ အစဉ်​တ​ည်​တယ်။”—၁ ကောရိန္သု ၁၃:၄-၈

အဲဒီလို​မေတ္တာ​မျိုး​ဟာ “အစဉ်​တ​ည်​တယ်။” ကြာလေ ပို​ခိုင်မြဲ​လေ​ပဲ။ စိတ်ရှည်၊ ကြင်နာ၊ ခွင့်လွှတ်​တတ်​လို့ “စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး​ပဲ။” (ကောလောသဲ ၃:၁၄) အဲဒီ​မေတ္တာ​မျိုး​ရှိတဲ့ မိတ်ဆွေတွေ​ဟာ အားနည်းချို့ယွင်း​ချက်​တွေ ရှိပေမဲ့ လုံခြုံမှု၊ ပျော်ရွှင်မှု ခံစား​ကြ​တယ်။ ဥပမာ၊ အိမ်ထောင်နှောင်ကြိုး​ကို သုံးသပ်ကြည့်ပါ။

“စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး”

ယေရှု​ခရစ်​က အိမ်ထောင်ရေး​နဲ့ပတ်သက်ပြီး အရေးကြီးတဲ့​အခြေခံ​မူတွေ သင်ပေး​ခဲ့တယ်။ ဥပမာ၊ “‘ယောက်ျား​က မိဘ​ကို ထားခဲ့​ပြီး ဇနီးနဲ့ မခွဲအတူ နေ​လိမ့်မယ်။ သူတို့​နှစ်ယောက်​ဟာ တစ်​သား​တစ်ကိုယ်တည်း ဖြစ်​လိမ့်မယ်။’ . . . ဒါကြောင့် ဘုရား​သခင် တွဲဖက်​ထား​သူတွေကို ဘယ်သူမှ မ​ခွဲ​ကြ​နဲ့” လို့ပြောခဲ့တယ်။ (မဿဲ ၁၉:၅၊ ၆) အရေးကြီးတဲ့ အခြေခံ​မူ​နှစ်ခု တွေ့ရတယ်။

သူတို့​နှစ်ယောက်​ဟာ တစ်​သား​တစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။” အိမ်ထောင်​ဟာ အရင်းနှီးဆုံး​နှောင်ကြိုး ဖြစ်တယ်။ ချစ်ခြင်းမေတ္တာ​က အချင်းချင်း သစ္စာ​မ​ဖောက်​ဖို့ ကာကွယ်​ပေး​နိုင်တယ်။ အိမ်ထောင်ရေး​သစ္စာဖောက်​ခြင်းက ကိုယ့်​အိမ်ထောင်ဖက်​နဲ့ မဟုတ်ဘဲ တခြား​သူနဲ့ “တစ်​သား​တစ်ကိုယ်တည်း” ဖြစ်လာ​စေတယ်။ (၁ ကောရိန္သု ၆:၁၆။ ဟီဘရူး ၁၃:၄) သစ္စာမဲ့​ခြင်းက ယုံကြည်မှုကို ပျက်ပြား​စေတယ်။ အိမ်ထောင် ပြိုကွဲ​စေနိုင်​တယ်။ သားသမီး ရှိမယ်​ဆိုရင် စိတ်ဒဏ်ရာ ရသွား​နိုင်တယ်။ အချစ်​မခံရ​ဘူး၊ လုံခြုံမှု မရှိဘူးလို့ ခံစားရ​ပြီး နာကြည်းစိတ်​တောင် ဝင်​လာမယ်။

“ဘုရား​သခင် တွဲဖက်​ထား​သူတွေ။” အိမ်ထောင်​ဆိုတာ ဘုရား​တွဲဖက်​ပေးထား​တာပါ။ အဲဒါကို လေးစား​တဲ့​မောင်နှံ​တွေ​က အိမ်ထောင် ခိုင်မြဲ​အောင် ကြိုးစား​ကြ​တယ်။ အခက်အခဲ​တွေ ပေါ်လာ​တဲ့အခါ ထွက်ပေါက် မ​ရှာ​ကြဘူး။ သူတို့ရဲ့ မေတ္တာ​ဟာ ခိုင်မြဲတည်တံ့​တယ်။ မေတ္တာ​က “အရာရာ​ကို သည်းခံ​တတ်” တဲ့အတွက် အခက်အခဲ​တွေ ရင်ဆိုင်ဖြေရှင်း​ပြီး အိမ်ထောင် သာယာ​အောင် ကြိုးစား​ကြ​တယ်။

မိဘတွေ​မှာ ကိုယ်ကျိုးစွန့်​မေတ္တာ ရှိမယ်​ဆိုရင် သားသမီးတွေကို များစွာ​အကျိုးပြု​တယ်။ ဂျက်​စီ​ကာ​ဆိုတဲ့​မိန်းကလေး ဒီလိုပြောတယ်– “အဖေ​နဲ့ အမေ တစ်ယောက်​ကို တစ်ယောက် တကယ်​ချစ်​ကြ​တယ်၊ လေးစား​ကြ​တယ်။ အဖေ့ကို အမေ လေးစား​တာကို မြင်ရ​တော့ အမေ့​လိုပဲ ဖြစ်ချင်​လာတယ်။”

ယေဟောဝါ​ဘုရားရဲ့ အထင်ရှားဆုံး အရည်အသွေး​ဟာ ချစ်ခြင်းမေတ္တာ​ပဲ။ ကျမ်းစာမှာ ‘ဘုရား​သခင်​ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်’ လို့ ဆိုထား​တယ်။ (၁ ယောဟန် ၄:၈) ဒါကြောင့် “ပျော်ရွှင်​တဲ့ ဘုရား​သခင်” လို့လည်း ခေါ်ထား​တာ အံ့ဩစရာ မဟုတ်ပါဘူး။ (၁ တိမောသေ ၁:၁၁) ကျွန်တော်တို့လည်း ဖန်ဆင်းရှင်ရဲ့ အရည်အသွေး​တွေ၊ အထူးသဖြင့် ချစ်ခြင်း​မေတ္တာကို ကြိုးစားတုပ​မယ်ဆိုရင် ပျော်ရွှင်​ကြပါမယ်။ ဧဖက် ၅:၁၊ ၂ မှာ “ခင်ဗျားတို့​ဟာ ဘုရား​သခင် ချစ်​ရတဲ့ သားသမီး​တွေ ဖြစ်နေတဲ့​အတွက် ဘုရား​သခင်​ကို အတုယူ​ကြပါ။ မေတ္တာ​လမ်းစဉ်​မှာ လျှောက်လှမ်း​နေကြပါ” လို့ ဖော်ပြထားတယ်။