မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေ​တဲ့​လမ်း

ရောင့်ရဲခြင်းနဲ့ ရက်ရောခြင်း

ရောင့်ရဲခြင်းနဲ့ ရက်ရောခြင်း

ပျော်ရွှင်​ခြင်းနဲ့ အောင်မြင်ခြင်း​ကို စည်းစိမ်ချမ်းသာ​နဲ့ တိုင်းတာ​ကြတာ မကြာမကြာ ကြား​ရတယ် မဟုတ်လား။ ဒါကြောင့် လူသန်းပေါင်းများစွာဟာ ငွေ​များများ​ရဖို့ ပင်ပင်ပန်းပန်း လုပ်ကြ​ရတယ်။ ဒါပေမဲ့ ငွေ​နဲ့ ပစ္စည်းဥစ္စာ​တွေ​က တည်မြဲ​တဲ့​ပျော်ရွှင်မှု ရစေ​ပါသလား။ အထောက်အထားတွေ​က ဘာဖော်ပြသလဲ။

Journal of Happiness Studies အရ အခြေခံ​လိုအပ်ရာ​တွေ ရှိပြီ​ဆိုရင် ဝင်ငွေ ပို​ရလို့​လည်း ပို​ပျော်​သွား​မှာ မဟုတ်ဘူး။ ငွေက ဖြေရှင်းနည်း မဟုတ်ဘူး။ “ငွေ ကုန်း​ရု​န်း​ရှာ​ခြင်းက ပျော်ရွှင်မှု နည်း​တာနဲ့ ဆက်စပ်နေတယ်” လို့ Monitor on Psychology မဂ္ဂဇင်း ဆောင်းပါး​တစ်ပုဒ်​မှာ ဖော်ပြတယ်။ အဲဒီ​စကား​တွေဟာ လွန်ခဲ့တဲ့​အနှစ် ၂,၀​၀​၀ နီးပါး​က ကျမ်းစာအကြံပြုချက်​နဲ့ ကိုက်ညီတယ်– “ငွေ​ကို တပ်မက်​တဲ့​စိတ်​ဟာ အကျိုး​ပျက်​စေတဲ့​အရာ အမျိုးမျိုး​ရဲ့ ဇာစ်မြစ်​ဖြစ်လို့ပဲ။ လူတချို့​က ငွေ​ကို​တပ်မက်​လာတဲ့အတွက် . . . ဝေဒနာများ​စွာ​နဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်​ကြ​တယ်။” (၁ တိမောသေ ၆:၉၊ ၁၀) ဘာ​ဝေဒနာ​တွေ ရ​နိုင်သလဲ။

စည်းစိမ်​ကို ကာကွယ်​နေရလို့ စိုးရိမ်ပူပန်​မယ်၊ အိပ်ရေးပျက်​မယ်။ “အလုပ်အကျွေးပြု​တဲ့​သူ​ဟာ နည်းနည်း စားရသည်​ဖြစ်စေ၊ များများ စား​ရ​သည်​ဖြစ်စေ နှစ်ခြိုက်​စွာ အိပ်စက်​နိုင်တယ်။ သူဌေး​သူကြွယ်​က​တော့ စည်းစိမ်​တွေကြောင့် အိပ်ရေးပျက်​ရတယ်။”—ဒေသနာ ၅:၁၂

မျှော်လင့်​ထားတဲ့​အတိုင်း မပျော်ရွှင်​လို့ စိတ်ဓာတ်ကျ​မယ်။ ငွေ​ကို တပ်မက်​တဲ့​စိတ်​ဟာ ရလေ​လို​လေ အိုတစေ ဖြစ်လို့ပဲ။ “ငွေ​မက်​တဲ့​သူ​ဟာ ဘယ်တော့မှ ငွေ​နဲ့ ရောင့်ရဲ​နိုင်မှာ မဟုတ်ဘူး။ စည်းစိမ်​မက်​တဲ့​သူ​ဟာ ရတဲ့​ဝင်ငွေ​နဲ့ ရောင့်ရဲ​နိုင်မှာ မဟုတ်ဘူး။” (ဒေသနာ ၅:၁၀) ချမ်းသာ​ချင်တဲ့​သူတွေဟာ မိသားစုဝင်​တွေ၊ မိတ်ဆွေတွေ​ကို အချိန်ပေး​ခြင်း၊ ဝတ်ပြုရေး​ဆိုင်ရာ လုပ်ဆောင်မှု​တွေမှာ ပါဝင်ခြင်း​စတဲ့ ပျော်ရွှင်​စေတဲ့​အရာတွေ၊ တကယ်​အရေးကြီးတဲ့​အရာတွေကို လျစ်လျူရှု​လာကြတယ်။

ငွေ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး​ကျ၊ အၡုံး​ပေါ်​တဲ့အခါ စိတ်ပျက်​ကြေကွဲ​မယ်။ “စည်းစိမ်ဥစ္စာ​ရဖို့ ရေ​ကုန်​ရေ​ခန်း မကြိုးစား​နဲ့။ ရပ်​တန်း​က ရပ်​ပြီး သိနားလည်မှု ရှိကြောင်း ပြပါ။ စည်းစိမ်ဥစ္စာ​တွေဟာ မျက်စိ​တစ်မှိတ်​အတွင်းမှာ ပျောက်​သွား​တတ်တယ်။ လင်းယုန်​လို အတောင်​တွေ ပေါက်​ပြီး . . . ပျံ​သွား​လိမ့်မယ်။”—ပညာအလိမ္မာ ၂၃:၄၊ ၅

ပျော်ရွှင်မှု တိုးများ​စေတဲ့ အရည်အသွေး​များ

ရောင့်ရဲခြင်း။ “ငါ​တို့ ဒီ​လောက​ကို ရောက်လာ​တုန်းက ဘာမှ ပါမလာ​ဘူး။ ထွက်သွား​ရင်​လည်း ဘာမှ ယူသွား​နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် စားစရာ၊ ဝတ်စရာ ရှိနေ​တယ်ဆိုရင် ရှိတာ​လေး​နဲ့ ရောင့်ရဲ​နေ​ရမယ်။” (၁ တိမောသေ ၆:၇၊ ၈) ရောင့်ရဲ​တဲ့​သူတွေဟာ မကျေမနပ် ညည်းညူ​တာမျိုး မရှိ​ကြဘူး။ မငြူစူ​တတ်ကြ​ဘူး။ မတတ်နိုင်​တာကို လိုချင်​စိတ် မရှိကြ​တဲ့အတွက် ပူပင်သောက၊ ဖိစီးမှုတွေ မရှိ​ကြဘူး။

ရက်ရော​ခြင်း။ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေ​တယ်။” (တမန်တော် ၂၀:၃၅) ရက်ရော​တဲ့​သူတွေဟာ ပျော်ရွှင်​ကြ​တယ်။ အချိန်​နဲ့ ခွန်အား​ပဲ ပေးနိုင်​ရင်တောင်​မှ တခြား​သူတွေကို ပျော်ရွှင်​စေ​ကြ​လို့​ပါပဲ။ ငွေ​နဲ့ ဝယ်​လို့ မရနိုင်​တဲ့ ချစ်ခြင်းမေတ္တာ၊ လေးစားမှု၊ မိတ်​စစ်​ဆွေ​စစ် ပြန်​ရ​တတ်ကြတယ်။—လုကာ ၆:၃၈

ပစ္စည်း​ထက် လူ​ကို ဦးစားပေးခြင်း။ “မေတ္တာ လွှမ်းခြုံတဲ့​နေရာမှာ စား​ရတဲ့ ဟင်းသီးဟင်းရွက် တစ်​နပ်​စာ​ဟာ အမုန်းစိတ် ပြည့်နေ​တဲ့​နေရာမှာ စား​ရတဲ့ ဆူဖြိုး​တဲ့ အ​မဲ​သား​ဟင်း​ထက် ပိုကောင်းတယ်။” (ပညာအလိမ္မာ ၁၅:၁၇) ဘာ​ဆိုလို​သလဲ။ မေတ္တာပြည့်ဝ​တဲ့ မိတ်ဆွေတွေ ရှိတာ​က စည်းစိမ်း​ချမ်းသာ​ထက် ပိုတန်ဖိုး​ရှိတယ်။ ချစ်ခြင်းမေတ္တာ​ဟာ ပျော်ရွှင်မှု​အတွက် အရေးပါ​ကြောင်း နောက်ပိုင်းမှာ တွေ့ရ​ပါမယ်။

တောင်အမေရိက,က ဆာ​ဘီ​နာ​ဟာ ကျမ်းစာ​အခြေခံ​မူတွေ​ရဲ့ တန်ဖိုး​ကို သိလာ​ခဲ့တယ်။ ခင်ပွန်း စွန့်ခွာ​သွား​လို့ သမီး​နှစ်ယောက်ရဲ့ စားဝတ်နေရေး​အတွက် ရုန်းကန်​ခဲ့ရတယ်။ အလုပ်​နှစ်ခု လုပ်​ရတယ်။ မနက် လေး​နာရီ အိပ်ရာထ​ရတယ်။ မ​အားလပ်​တဲ့​ကြား​က​နေ ကျမ်းစာ လေ့လာဖို့ ဆုံးဖြတ်​လိုက်တယ်။ ဘာ​အကျိုး​ရသလဲ။

ငွေကြေး​အခြေအနေ​က​တော့ အရင်​အတိုင်း​ပါပဲ။ ဒါပေမဲ့ ဘဝနဲ့​ပတ်သက်တဲ့ သဘောထား သိသိသာသာ တိုးတက်ကောင်းမွန်​လာတယ်။ ဥပမာ၊ ဘုရား​သခင်​ကို မှီခို​ဖို့ လိုမှန်း သိမြင်​လာတဲ့အတွက် ပျော်ရွှင်မှု ခံစား​ရတယ်။ (မဿဲ ၅:၃) ယုံကြည်​သူတွေ​ကြားမှာ မိတ်​စစ်​ဆွေ​စစ်​တွေ ရလာ​တယ်။ သိထားတာတွေကို တခြား​သူတွေကို ပြန်​ဝေမျှပေး​တဲ့အခါ ပျော်ရွှင်မှု ခံစား​ရတယ်။

“ဉာဏ်ပညာ​ဟာ ဖြောင့်မတ်​တယ်ဆိုတာ​ကို လုပ်ရပ်​တွေနဲ့ သက်သေပြ​လိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (မဿဲ ၁၁:၁၉) အဲဒါကြောင့် ရောင့်ရဲခြင်း​နဲ့ ရက်ရော​ခြင်း၊ ပစ္စည်း​ထက် လူ​ကို ဦးစားပေးခြင်း​က တကယ် ရှိ​သင့်​ရှိ​အပ်​တဲ့​အရာတွေ​ပါပဲ။