မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်မှု ရစေ​တဲ့​လမ်း

ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်း

“အချင်းချင်း ဆဲဆို​အော်ငေါက်​တတ်တဲ့ မိသားစု​မှာ ကြီးပြင်း​လာတယ်။ ကျွန်မ ခွင့်မလွှတ်​တတ်​ဘူး။ အရွယ်ရောက်​လာ​တော့​လည်း အိပ်ရေးပျက်​ခံ​ပြီး ရက်​အတန်ကြာ စိတ်နာ​စ​ရာ​ပဲ တွေး​နေ​တတ်တယ်” လို့ ပက်​ထရစ်​ရှာ ပြောပြ​တယ်။ ဒေါသ​နဲ့ အငြိုးအတေး ပြည့်နေ​တဲ့​ဘဝဟာ ပျော်ရွှင်မှု မပေး​သလို ကျန်းမာရေး​လည်း ထိခိုက်​စေတယ်။ လေ့လာမှု​တွေ​အရ ခွင့်မလွှတ်​တတ်တဲ့​သူတွေဟာ . . .

  • ဒေါသ​စိတ်၊ နာ​ကြ​ည်း​စိတ်ကြောင့် မိတ်ပျက်​ရတယ်၊ အထီးကျန်​တယ်

  • စိတ်ဆိုး​လွယ်​တယ်၊ စိတ်ပူ​တတ်တယ်၊ စိတ်ကျဝေဒနာ​တောင် ခံစား​တတ်တယ်

  • မပျော်​နိုင်​လောက်အောင် အမှား​ကို​ပဲ အာရုံစိုက်​လွန်း​တတ်တယ်

  • ခွင့်မလွှတ်​လို့ အပြစ်​ရှိတယ်လို့ ခံစား​ရတယ်

  • စိတ်ဖိစီးမှု များ​လာတယ်။ သွေး​တိုး၊ နှလုံးရောဂါ၊ လေး​ဖက်​နာ၊ ခေါင်းကိုက်​ဝေဒနာ​စတဲ့ ကျန်းမာရေး​ပြဿနာတွေ ခံစားရ​တတ်တယ် *

ခွင့်လွှတ်ခြင်း​ဆိုတာ ဘာလဲ။ ခွင့်လွှတ်ခြင်း​ဆိုတာ အပြစ်ကျူးလွန်​သူ​ကို ဗွေမယူ​ခြင်း၊ အငြိုး​အာဃာတ မထား​ခြင်း၊ လက်တုံ့မပြန်​ခြင်း​ကို ဆိုလိုတယ်။ အမှား​ကို လျစ်လျူရှု​ခြင်း၊ လျှော့ပေါ့​စေခြင်း၊ ဘာမှ မ​ဖြစ်သယောင် ဟန်ဆောင်ခြင်း​ကို မဆိုလို​ဘူး။ ခွင့်လွှတ်ခြင်း​ဆိုတာ သူတစ်ပါး​နဲ့ သင့်မြတ်​ဖို့၊ ဆက်ဆံရေးကောင်း ရှိနေ​စေဖို့ သေသေချာချာ စဉ်းစား​ရွေးချယ်မှု ဖြစ်တယ်။

ခွင့်လွှတ်ခြင်း​က နားလည်​ပေး​တတ်​ခြင်း​လည်း ဖြစ်တယ်။ ကျွန်တော်တို့​အားလုံး ပြောမှားဆိုမှား၊ လုပ်​မှား​တတ်ကြတယ်​ဆိုတာ ခွင့်လွှတ်​တတ်တဲ့​သူ သိနားလည်​တယ်။ (ရောမ ၃:၂၃) အဲဒါကို ကျမ်းစာမှာ ဒီလို​ဖော်ပြထားတယ်– “အချင်းချင်း မကျေနပ်စရာ ရှိ​နေရင်​တောင် ဆက်​ပြီး​သည်းခံ​ကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြပါ။”—ကောလောသဲ ၃:၁၃

ခွင့်လွှတ်ခြင်း​ဆိုတာ “စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး” ချစ်ခြင်းမေတ္တာ​ရဲ့ အရေးကြီးတဲ့ အသွင်အပြင်​တစ်ခု ဖြစ်တယ်။ (ကောလောသဲ ၃:၁၄) Mayo ဆေးခန်း​ဝက်ဘ်ဆိုက်​အရ ခွင့်လွှတ်ခြင်း​က . . .

  • ပြစ်မှားသူ​ကို ထောက်ထား၊ စာနာ၊ နားလည်​ပေးတယ်။ ဆက်ဆံရေးကောင်း ရှိစေတယ်

  • စိတ်ပိုင်း၊ ဘုရားရေးရာ​ပိုင်း တိုးတက်ကောင်းမွန်​စေတယ်

  • ပူပင်သောက၊ စိတ်ဖိစီးမှု၊ ရန်လိုမှု​တို့ လျော့နည်း​စေတယ်

  • စိတ်ကျဝေဒနာ လျော့နည်း​စေတယ်

ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်​ပါ။ Disability & Rehabilitation အရ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ခြင်း​ဟာ “အခက်အခဲ​ဆုံး” ဖြစ်နိုင်​ပေ​မဲ့ ကိုယ်​စိတ်​နှစ်​ဖြာ “ကျန်းမာရေး​အတွက် အရေးကြီးဆုံး ဖြစ်တယ်။” ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်​ဖို့ ဘာက ကူညီ​ပေးနိုင်သလဲ။

  • ပြီးပြည့်စုံလင်​သူ​ဖြစ်ဖို့ မမျှော်လင့်​ပါနဲ့။ ဘယ်သူမှ အမှား​နဲ့ မကင်း​နိုင်​ကြောင်း လက်ခံ​ပါ။—ဒေသနာ ၇:၂၀

  • နောက်​တစ်ကြိမ် ထပ်​မ​မှား​စေဖို့ ကိုယ့်​အမှားတွေ​က​နေ သင်ခန်းစာ ယူပါ

  • စိတ်ရှည်​ပါ။ တချို့​အားနည်းချက်၊ အကျင့်​ဆိုး​တွေကို ည​တွင်း​ချင်း မ​ဖျောက်​နိုင်​ဘူး။—ဧဖက် ၄:၂၃၊ ၂၄

  • အားပေး​တတ်တဲ့၊ အပြုသဘော​ရှိတဲ့၊ ကြင်ကြင်နာနာ၊ ရိုးရိုးသားသား တည့်မတ်ပေး​နိုင်တဲ့ မိတ်ဆွေတွေ​နဲ့ ပေါင်း​ပါ။—ပညာအလိမ္မာ ၁၃:၂၀

  • တစ်ယောက်​ယောက်ကို စိတ်​ထိခိုက်အောင် လုပ်မိ​ရင် ကိုယ့်​အမှား​ကို ဝန်ခံ​ပါ၊ ချက်ချင်း တောင်းပန်​ပါ။ သင့်မြတ်​သွား​ရင် စိတ်ငြိမ်သက်မှု ခံစားရပါလိမ့်မယ်။—မဿဲ ၅:၂၃၊ ၂၄

ကျမ်းစာ​အခြေခံ​မူတွေ တကယ် အသုံးဝင်

ကျမ်းစာ လေ့လာပြီး​တဲ့​နောက် ပက်​ထ​ရစ်​ရှာ​ဟာ ခွင့်လွှတ်​တတ်​လာတယ်။ “ကျွန်မ​ဘဝကို အဆိပ်သင့်​စေတဲ့ ဒေါသ​က​နေ ရုန်းထွက်​နိုင်ပြီ​လို့ ခံစား​ရတယ်။ အခု ထိခိုက်ခံစား​မနေ​တော့ဘူး၊ တခြား​သူတွေကို​လည်း ထိခိုက်​မခံစား​စေ​တော့ဘူး။ ကျွန်မတို့​ကို ဘုရား​သခင် ချစ်​မှန်း၊ အကောင်းဆုံး ဖြစ်စေ​ချင်​မှန်း ကျမ်းစာ​အခြေခံ​မူတွေ​က ဖော်ပြတယ်။”

ရွန် ဒီလိုပြောတယ်– “တခြား​သူတွေ​ရဲ့ အတွေး​တွေ၊ လုပ်ရပ်​တွေကို ကျွန်တော် မထိန်းချုပ်​နိုင်​ဘူး။ ဒါပေမဲ့ ကိုယ့်​အတွေး၊ လုပ်ရပ်​တွေကို ထိန်းချုပ်​လို့ ရတယ်။ သင့်မြတ်​ချင်​ရင် နာကြည်းစိတ်​ကို ဖျောက်ပစ်​ရမယ်။ သင့်မြတ်မှု​နဲ့ နာကြည်းမှု​ကို တောင်​အရပ်​နဲ့ မြောက်​အရပ်​လို သဘောထား​လာတယ်။ နှစ်​နေရာ​လုံးမှာ တစ်ချိန်​တည်း မရှိ​နိုင်​ဘူး။ အခုတော့ ကြည်လင်​တဲ့​သိစိတ် ရှိနေ​ပြီ။”

^ စာပိုဒ်၊ 8 ရင်းမြစ်​များ။ Mayo ဆေးခန်း။ John​s H​op​k​in​s Me​di​c​in​e ဝက်ဘ်ဆိုက်။ So​c​ia​l P​s​y​c​h​ia​t​r​y and P​s​y​c​h​ia​t​r​i​c E​p​i​de​m​i​o​l​o​g​y ဂျာနယ်။