မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွားဖုံးရောင်ရောဂါ ဖြစ်နိုင်သလား

သွားဖုံးရောင်ရောဂါ ဖြစ်နိုင်သလား

ဒီရောဂါဟာ ကမ္ဘာတစ်ဝန်းမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ရောဂါဖြစ်ခါစမှာတော့ မသိသာဘူး။ ဒီလိုသိသာထင်ရှားမှုမရှိတာက အန္တရာယ်ပဲ။ ခံတွင်းရောဂါတွေထဲမှာ သွားဖုံးရောင်ရောဂါဟာ “ဒုက္ခအပေးဆုံးရောဂါ” ဆိုပြီး ဂျာနယ်တစ်စောင် International Dental Journal မှာ ဖော်ပြထားတယ်။ ခံတွင်းရောဂါက နာကျင်ကိုက်ခဲတဲ့အပြင် အစားအသောက် ပျက်စေတယ်။ အဖြစ်များနေတဲ့ သွားဖုံးရောင်ရောဂါအကြောင်းဆွေးနွေးတာက ရောဂါဖြစ်ဖို့အကြောင်း လျော့နည်းစေနိုင်တယ်။

သွားဖုံးရောင်ရောဂါအကြောင်း သိကောင်းစရာ

သွားဖုံးရောင်ရောဂါဖြစ်ပွားပုံ အဆင့်ဆင့်ရှိတယ်။ ဦးဆုံးအဆင့်က သွားဖုံးနီရဲရောင်ရမ်းနာ ဖြစ်တယ်။ ဒီအဆင့်မှာ သွားဖုံးကနေ သွေးထွက်တတ်တယ်။ သွားတိုက်တဲ့အခါ၊ သွားပွတ်ကြိုးနဲ့သန့်ရှင်းရေးလုပ်တဲ့အခါ၊ အဲဒီအပြင် အကြောင်းမရှိဘဲလည်း သွေးထွက်နိုင်တယ်။ သွားဖုံးကို စမ်းသပ်ချိန်မှာ သွေးထွက်လာရင် သွားဖုံးရောင်ရောဂါဖြစ်နေပြီလို့ ဆိုနိုင်တယ်။

ဒီအဆင့်ထက် အခြေအနေပိုဆိုးလာရင် ရေစီး ကမ်းပြိုရောဂါလို့ လူသိများတဲ့ သွားမြစ်ဝန်းကျင်ရောင် ရောဂါဖြစ်နေပြီ။ ဒီအဆင့်မှာ သွားဖုံးရိုးတွေ၊ သွားဖုံးသားတွေ စပျက်စီးလာတဲ့အတွက် သွားဖွဲ့စည်းပုံ ပျက်လာတယ်။ အခြေအနေ တော်တော်ဆိုးမှပဲ ရောဂါလက္ခဏာ ပြလာတယ်။ ရောဂါလက္ခဏာတချို့ကတော့ သွားကျဲလာတာ၊ သွားယိုင်နဲ့ပြီးကျွတ်ထွက်လာတာ၊ ခံတွင်းနံ့ဆိုးတာ၊ သွားဖုံးသားတွေအောက်လျှောလာလို့ သွားတွေရှည်ထွက်လာတာ၊ သွားဖုံး သွေးထွက်လာတာတို့ ဖြစ်တယ်။

သွားဖုံးရောင်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

သွားဖုံးရောင်ရောဂါဖြစ်ရတဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ သွားမျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားပါတဲ့ သွားချေးလွှာတွေကြောင့် ဒီရောဂါ အဖြစ်များတယ်။ သွားချေးလွှာကို မဖယ်ထုတ်ဘူးဆိုရင် ဘက်တီးရီးယားတွေကြောင့် သွားဖုံးရောင်လာပါ လိမ့်မယ်။ နောက်တစ်ဆင့်မှာတော့ သွားနဲ့ သွားဖုံးက ကွာဟလာလို့ အဲဒီကြားထဲကို ဘက်တီးရီးယားပါတဲ့သွားချေးတွေ ဝင်လာတယ်။ ဒီအခြေအနေအထိ ဘက်တီးရီးယားတွေ စိမ့်ဝင်လာပြီဆိုရင် သွားဖုံးရောင်လာတဲ့အပြင် သွားဖုံးရိုးနဲ့ သွားဖုံးသားတွေ ပျက်စီးကုန်တော့တယ်။ သွားအပေါ်ကနေ သွားဖုံးထဲအထိ သွားချေးလွှာထူထပ်လာတဲ့အခါ ကျောက်ချိုးစွဲကပ်လာတယ်။ ကျောက်ချိုးထဲမှာ ဘက်တီးရီးယားပိုး အများကြီးရှိတယ်။ ကျောက်ချိုးက မာပြီး သွားပေါ်မှာ ကပ်နေတဲ့အတွက် သွားချေးလွှာလို လွယ်လွယ်ဖယ်ထုတ်လို့ မရဘူး။ ဒါကြောင့် ဒီဘက်တီးရီးယား တွေက သွားဖုံးကို အကြီးအကျယ်ပျက်စီးစေတယ်။

သွားဖုံးရောင်ရောဂါဖြစ်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်။ ခံတွင်းမသန့်ရှင်းတာ၊ ကိုယ်ခံအားနည်းစေတဲ့ ဆေးဝါးသုံးတာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ စိတ်ဖိစီးတာ၊ ဆီးချိုရောဂါကို မထိန်းထားတာ၊ အရက်အလွန်အကျွံသောက်တာ၊ ဆေးရွက်ကြီးသုံးတာနဲ့ ကိုယ်ဝန်ရှိလို့ ဟော်မုန်းဓာတ်ပြောင်းလဲသွားတာတို့ ဖြစ်တယ်။

သွားဖုံးရောင်ရောဂါကြောင့် တခြားဆိုးကျိုးတွေ ပေါ်လာနိုင်သေးတယ်။ သွားကျိုး၊ သွားကိုက်တာကြောင့် အစားအစာကိုကောင်းကောင်းမဝါးနိုင်ဘဲ စားရတာလည်း မမြိန်ဘူး။ စကားပြောရင် မပီတော့သလို မျက်နှာအသွင်အပြင်လည်း ကြည့်မကောင်းတော့ဘူး။ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ခြင်းက ကျန်းမာရေးဒေါင်ဒေါင်မြည်စေဖို့ အထောက်အကူပြုတယ်။

သွားဖုံးရောင်ရောဂါကို ကုသခြင်း

သွားဖုံးရောင်ရောဂါဖြစ်နေပြီဆိုတာကို ဘယ်လို သိနိုင်မလဲ။ ဒီဆောင်းပါးမှာဖော်ပြထားတဲ့ ရောဂါ လက္ခဏာတချို့ ကိုယ့်ဆီမှာဖြစ်နေတာ သတိပြုမိပြီ ဆိုရင် သွားဆရာဝန်ဆီ သွားပြသင့်တယ်။

ဒီရောဂါကို ကုသလို့ရပါသလား။ ဖြစ်ခါစဆိုရင် ကုသရတာလွယ်ပါတယ်။ ရေစီးကမ်းပြိုအဆင့်ရောက်နေပြီဆိုရင် သွားဖုံးရိုးတွေ၊ သွားဖုံးသားတွေ ဆက်မပျက်စီးအောင် ကုသနိုင်ပါတယ်။ သွားဆရာဝန်တွေက သွားမှာကပ်နေတဲ့ သွားချေးလွှာနဲ့ ကျောက်ချိုးတွေကို အထူးကိရိယာတွေသုံးပြီး ခြစ်ထုတ်ပေးနိုင်တယ်။

သွားဆရာဝန်ဆီ မသွားနိုင်ရင်လည်း သွားဖုံးရောင် ရောဂါ မဖြစ်ရအောင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။ သွားဖုံးရောင်ရောဂါမဖြစ်အောင် ခံတွင်းကျန်းမာရေးကို မှန်မှန်ဂရုစိုက်ပေးခြင်းက အကောင်းဆုံးကာကွယ်နည်းဖြစ်တယ်။