မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ

“အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ

“အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ

ဂျေရိခိုမြို့ဝန်းကျင်က လွင်ပြင်ပေါ် အရုဏ်ဦးအလင်း ဖြာကျနေချိန်မှာ ရာခပ်က ပြတင်းပေါက်ကနေ အဲဒီနေရာကို စူးစူးစိုက်စိုက် လှမ်းကြည့်နေပါတယ်။ ဝင်ရောက်သိမ်းပိုက်တော့မယ့် အစ္စရေးစစ်တပ်က အဲဒီလွင်ပြင်မှာ စုရုံးရောက်ရှိနေကြပြီ။ အရင်နေ့တွေလို မြို့ကိုပတ်ပြီး သူတို့ ချီတက်တဲ့အခါ လမ်းကြောင်းတစ်လျှောက်မှာ ဖုန်တွေ တထောင်းထောင်း ထသွားပြီး တံပိုးမှုတ်သံအကျယ်ကြီးကလည်း လေကိုခွင်းပြီး ထွက်ပေါ်လာပါတယ်။

ဂျေရိခိုမြို့က ရာခပ်ရဲ့ ဇာတိမြေလေးပါ။ ဒါကြောင့် သူဟာ အဲဒီမြို့မှာရှိတဲ့ လမ်းတွေ၊ အိမ်တွေ၊ စည်ကားနေတဲ့ဈေးတွေအကြောင်း ကောင်းကောင်း သိထားတယ်။ အဲဒါထက် မြို့သားတွေအကြောင်းကို ပိုလို့တောင် သိသေးတယ်။ နေ့တွေကုန်လွန်လာတာနဲ့အမျှ မြို့ကို တစ်နေ့တစ်ခါ အဲဒီလိုထူးဆန်းတဲ့နည်းနဲ့ ချီတက်နေကြတဲ့ အစ္စရေးစစ်တပ်ကို မြင်တဲ့အခါ မြို့သားတွေ ကြောက်ဒူးတုန်နေတာကို ရာခပ် သတိထားမိတယ်။ အစ္စရေးစစ်တပ်ရဲ့တံပိုးမှုတ်သံတွေက ဂျေရိခိုမြို့ရဲ့ လမ်းတွေနဲ့ ပြည်သူ့ရင်ပြင်တွေမှာ ပဲ့တင်ထပ်သွားတဲ့အခါ မြို့သားတွေ ကြောက်ရွံ့တုန်လှုပ်နေကြတယ်။ ရာခပ်ကတော့ အဲဒီလိုမဖြစ်ဘဲ အေးဆေးတည်ငြိမ်နေတယ်။

ခုနစ်ရက်မြောက်နေ့ ဝေလီဝေလင်းအချိန်မှာ ချီတက်နေတဲ့ အစ္စရေးစစ်တပ်ကို ရာခပ် ကြည့်နေတယ်။ အစ္စရေးစစ်သားတွေရဲ့အလယ်မှာ ယဇ်ပုရောဟိတ် (ဘာသာရေးဆရာ) တွေက တံပိုးမှုတ်နေတာ၊ သူတို့ရဲ့ ဘုရားသခင် ယေဟောဝါရှိနေတယ်ဆိုတဲ့ အထိမ်းအမှတ်ဖြစ်တဲ့ သေတ္တာတော်ထမ်းထားတာကို တွေ့နေရတယ်။ ဂျေရိခိုမြို့ရိုးကြီးရဲ့အပြင်ဘက်က လှမ်းမြင်နိုင်တဲ့ ပြတင်းပေါက်ကနေချထားတဲ့ အနီရောင်ကြိုးကို ရာခပ် ဆုပ်ကိုင်ထားတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ အဲဒီမြို့ ဖျက်ဆီးခံရချိန်မှာ ရာခပ်နဲ့ သူ့မိသားစုဟာ ဒီအနီရောင်ကြိုးကြောင့် လွတ်မြောက်နိုင်မှာဖြစ်တယ်။ ရာခပ်ဟာ သစ္စာဖောက်လား။ ယေဟောဝါဘုရားအမြင်မှာတော့ သူဟာ သစ္စာဖောက်မဟုတ်ဘဲ စံတင်လောက်တဲ့ ယုံကြည်ခြင်းရှိသူဖြစ်တယ်။ ရာခပ်ရဲ့ ဇာတ်လမ်းအစကို ပြန်သွားပြီး သူ့ဆီကနေ ဘာတွေသင်ယူနိုင်သလဲဆိုတာ ကြည့်ကြရအောင်။

ပြည့်တန်ဆာ ရာခပ်

ရာခပ်ဟာ ပြည့်တန်ဆာမ ဖြစ်ပါတယ်။ အဲဒီအချက်ကြောင့် ကျမ်းစာအနက်ဖွင့်ဆိုသူတချို့ဟာ အရမ်းတုန်လှုပ်သွားခဲ့ကြတယ်။ တကယ်တော့ ရာခပ်ဟာ အသေးစား တည်းခိုခန်းပိုင်ရှင်လေးသာဖြစ်တယ်လို့ သူတို့ပြောခဲ့ကြတယ်။ သမ္မာကျမ်းစာကတော့ အဖြစ်မှန်တွေကို မဖုံးကွယ်ထားဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြပေးတယ်။ (ယောရှု ၂:၁; ဟေဗြဲ ၁၁:၃၁; ယာကုပ် ၂:၂၅) ခါနာန်အသိုင်းအဝိုင်းမှာ ရာခပ်ရဲ့ ပြည့်တန်ဆာအလုပ်ကို အထင်မသေးကြပေမဲ့ ဒီအလုပ်က မှားတယ်ဆိုတာ ရာခပ် သိပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယေဟောဝါဘုရားက လူတိုင်းဆီမှာ အမှား၊ အမှန် ခွဲခြားသိနိုင်တဲ့ အတွင်းစိတ်ကို ထည့်ထားပေးလို့ပါပဲ။ (ရောမ ၂:၁၄၊ ၁၅) ဒါကြောင့်လည်း ရာခပ်ဟာ သူ့အလုပ်ကြောင့် ရှက်ကြောက်မိနိုင်တယ်။ ဒီနေ့ခေတ် ပြည့်တန်ဆာအလုပ် လုပ်နေကြတဲ့သူ အတော်များများလို ရာခပ်လည်း မိသားစုကို ကျွေးမွေးစောင့်ရှောက်ချင်တဲ့အတွက် ပြည့်တန်ဆာအလုပ်ကနေ ရုန်းမထွက်နိုင်တော့ဘူးလို့ ခံစားနေရနိုင်တယ်။

ကိုယ်ကျင့်တရားကောင်းတဲ့ အသက်တာကို ရာခပ် လိုချင်နေမှာ သေချာပါတယ်။ သူ့ရဲ့ ဇာတိမြို့မှာ တိရစ္ဆာန်တွေ၊ သွေးသားရင်းချာတွေနဲ့ လိင်ဆက်ဆံကြတဲ့ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ၊ အကြမ်းဖက်မှုတွေကို နေရာတကာမှာ တွေ့နေရတယ်။ (ဝတ်ပြုရာ ၁၈:၃၊ ၆၊ ၂၁-၂၄) ခါနာန်ပြည်မှာ အဲဒီလိုမကောင်းမှုတွေ ပျံ့နှံ့နေတာက ဘာသာတရားနဲ့ အတော်လေး ဆက်စပ်နေတယ်။ သူတို့ရဲ့ ဘုရားရှိခိုးကျောင်းတွေမှာ ပြည့်တန်ဆာအလုပ်ကိုလုပ်တာ ထုံးစံလို ဖြစ်နေပြီ။ ဗာလနဲ့ မောလုတ် အစရှိတဲ့ နတ်ဘုရားတွေကို ဝတ်ပြုကိုးကွယ်တဲ့အခါ ကလေးတွေကို အရှင်လတ်လတ် မီးနဲ့ ယဇ်ပူဇော်ကြတယ်။

ခါနာန်ပြည်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို ယေဟောဝါဘုရား မြင်ပါတယ်။ ခါနာန်လူတွေရဲ့ ဆိုးညစ်တဲ့ လုပ်ရပ်ကြောင့် ယေဟောဝါဘုရား ဒီလိုပြောခဲ့တယ်– “သူတို့၏ အလေ့အကျင့်များသည် သူတို့နေထိုင်ရာပြည်ကို ညစ်ညမ်းစေသည်။ ထိုကြောင့် ထာဝရဘုရားသည် ထိုပြည်ကို ဒဏ်ခတ်သဖြင့် ပြည်သားတို့သည် ထိုပြည်မှ နှင်ထုတ်ခြင်း ခံရကြလိမ့်မည်။” (ဝတ်ပြုရာ ၁၈:၂၅ခမ) ခါနာန်လူတွေကို ဘုရားသခင် ဘယ်လိုနည်းနဲ့ “ဒဏ်ခတ်” မလဲ။ အစ္စရေးလူမျိုးကို ဘုရားသခင် ဒီလိုကတိပေးခဲ့တယ်– “သင်၏ဘုရားသခင် ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ထံက တရွေ့ရွေ့ နှင်ထုတ်တော်မူလိမ့်မည်။” (တရားဟောရာ ၇:၂၂) လွန်ခဲ့တဲ့ ရာစုနှစ်များစွာက အာဗြဟံရဲ့မိသားစုကို ခါနာန်ပြည်မှာ နေထိုင်ခွင့်ပေးမယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ ဘုရားသခင်က “မုသားနှင့်ကင်းစင်” ပါတယ်။—တိတု ၁:၂; ကမ္ဘာဦး ၁၂:၇

ဒါပေမဲ့ ယေဟောဝါဘုရားက ခါနာန်ပြည်မှာရှိတဲ့ လူမျိုးတချို့ကို အပြီးအပိုင် ရှင်းပစ်ရမယ်လို့လည်း မိန့်မှာခဲ့တယ်။ (တရားဟောရာ ၇:၁၊ ၂) “ကမ္ဘာမြေကြီးတစ်ခုလုံးကို တရားစီရင်” တဲ့ ဖြောင့်မတ်ရှင် ယေဟောဝါဘုရားက ခါနာန်လူတွေရဲ့ နှလုံးကို သိမြင်တဲ့အတွက် သူတို့ ဘယ်လောက်ထိ ဆိုးညစ်ပြီး ကိုယ်ကျင့်တရားပျက်ပြားနေတယ်ဆိုတာကို ကောင်းကောင်းသိတယ်။ (ကမ္ဘာဦး ၁၈:၂၅ခမ; ၁ ရာဇဝင်ချုပ် ၂၈:၉) ပြစ်ဒဏ်စီရင်ဖို့ သတ်မှတ်ခံရတဲ့ ဒီမြို့မှာ ရာခပ် နေချင်ပါ့မလား။ အစ္စရေးလူမျိုးရဲ့သတင်းကို ကြားတဲ့အခါ ရာခပ် ဘယ်လိုခံစားရမလဲဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ ကမ္ဘာ့အင်အားအကြီးဆုံး အီဂျစ်တပ်မဟာကို အောင်ပွဲဆင်နိုင်ဖို့ ဖိနှိပ်ကျွန်ခံနေရတဲ့ အစ္စရေးလူမျိုးကို ဘုရားသခင်ကူညီပေးခဲ့တာ ရာခပ် ကြားခဲ့တယ်။ အခု၊ အစ္စရေးလူတွေဟာ ဂျေရိခိုမြို့ကို တိုက်ခိုက်တော့မယ်။ ဒါတောင်မှ အဲဒီမြို့သားတွေဟာ ဆိုးညစ်မှုတွေကို ဆက်လုပ်နေတုန်းပဲ။ ဒါကြောင့် သမ္မာကျမ်းစာမှာ ခါနာန်လူတွေကို “နာခံမှုမရှိ” တဲ့သူတွေလို့ ဖော်ပြထားတယ်။—ဟေဗြဲ ၁၁:၃၁

ရာခပ်က ခါနာန်လူတွေနဲ့ မတူပါဘူး။ နှစ်တွေတစ်လျှောက် အစ္စရေးလူမျိုး၊ သူတို့ရဲ့ဘုရားသခင် ယေဟောဝါနဲ့ပတ်သက်ပြီး ကြားရတဲ့သတင်းတွေကို ရာခပ် ဆင်ခြင်နေပါလိမ့်မယ်။ ဘုရားသခင်က အစ္စရေးလူတွေအပေါ် ရက်စက်မဲ့အစား သူတို့ဘက်ကနေ တိုက်ခိုက်ပေးခဲ့တယ်။ ဒါ့အပြင် သူတို့ကို ကိုယ်ကျင့်တရား ညစ်ညမ်းစေမဲ့အစား ကောင်းမွန်အောင် သွန်သင်ပေးခဲ့တယ်။ အမျိုးသမီးတွေကိုလည်း ညစ်ညမ်းတဲ့ ဝတ်ပြုရေးမှာ လိင်ဆိုင်ရာအသုံးခံဖို့နဲ့ နိမ့်ကျတဲ့သူတွေအဖြစ် သဘောမထားဘဲ ဂုဏ်တင်ပါတယ်။ ဒါကြောင့် ယေဟောဝါဘုရားက ခါနာန်လူတွေရဲ့ နတ်ဘုရားတွေနဲ့ ဘယ်လောက်တောင် ကွာလိုက်သလဲ။ အစ္စရေးလူမျိုးဟာ ဂျော်ဒန်မြစ်တစ်ဘက်မှာ စခန်းချပြီး ဝင်ရောက်သိမ်းပိုက်ဖို့ အသင့်ဖြစ်နေပြီလို့ ရာခပ်ကြားတဲ့အခါ ခါနာန်လူတွေရဲ့ ရှေ့ရေးကို တွေးပြီး ရင်လေးနေမှာ သေချာပါတယ်။ ယေဟောဝါဘုရားက ရာခပ်ကို သတိပြုမိပြီး သူ့ရဲ့စိတ်ရင်းကောင်းကို တန်ဖိုးထားခဲ့သလား။

ဒီနေ့ခေတ် လူတော်တော်များများဟာလည်း ရာခပ်လိုပါပဲ။ သူတို့ဟာ ဂုဏ်သိက္ခာနဲ့ ပျော်ရွှင်မှုမရှိတဲ့ ဘ၀လမ်းစဉ်ကနေ ရုန်းထွက်လို့မရအောင် နစ်မြုပ်နေကြတယ်၊ သူတို့ကို ဘယ်သူမှ ဂရုစိုက်မှာ၊ တန်ဖိုးထားမှာမဟုတ်ဘူးလို့ ခံစားနေရတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးကို ဘုရားသခင် ဂရုစိုက်တယ်ဆိုတာ ရာခပ်ရဲ့ အဖြစ်ကနေ သိရတဲ့အတွက် နှစ်သိမ့်မှုဖြစ်စေတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းနိမ့်ကျတယ်လို့ ခံစားရပေမဲ့ ဘုရားသခင်ကတော့ “ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။” (တမန်တော် ၁၇:၂၇) ဘုရားသခင်ဟာ မိမိကို ယုံကြည်တဲ့သူအားလုံးရဲ့ အနီးမှာရှိပြီး ကူညီပေးဖို့ စိတ်ပြင်းပြနေပါတယ်။ ရာခပ်ကော ဘုရားသခင်ကို ယုံကြည်ခဲ့ပါသလား။

သူလျှိုများကို လက်ခံခဲ့

အစ္စရေးလူတွေ ဂျေရိခိုမြို့ကို ချီတက်မလာခင် တစ်နေ့မှာ ရာခပ်ရဲ့အိမ်ပေါက်ဝကို သူစိမ်းနှစ်ယောက် ရောက်လာကြတယ်။ အဲဒီလူတွေက သူတို့ကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးလို့ ထင်နေကြတယ်။ ဒါပေမဲ့ ဒီမြို့ထဲမှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ လူအတော်များများက အစ္စရေးဘက်ကနေ ရောက်လာနိုင်တဲ့ သူလျှိုတွေကို သတိနဲ့ ထောက်လှမ်းနေကြတယ်။ မျက်စိရှင်တဲ့ ရာခပ်က ဒီသူစိမ်းနှစ်ယောက်ဟာ ဘယ်သူတွေလဲဆိုတာကို ချက်ချင်း သိသွားမှာပဲ။ တကယ်တော့ သူ့ရဲ့ အိမ်ရှေ့ကို သူစိမ်းတွေရောက်လာတာက မဆန်းပါဘူး။ ဒါပေမဲ့ ဒီလူနှစ်ယောက်ရောက်လာတာက ပျော်ပါးဖို့မဟုတ်ဘဲ တည်းခိုဖို့ပဲဖြစ်တယ်။

ဒီလူနှစ်ယောက်ဟာ အစ္စရေးစစ်တပ်က သူလျှိုတွေဖြစ်တယ်။ ဂျေရိခိုမြို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိချင်လို့ အစ္စရေးခေါင်းဆောင် ယောရှုဟာ သူတို့ကို လွှတ်လိုက်တာဖြစ်တယ်။ ဂျေရိခိုမြို့ဟာ အစ္စရေးလူတွေ ဝင်ရောက်သိမ်းပိုက်မယ့် ခါနာန်ပြည်ရဲ့ ပထမဆုံးမြို့ဖြစ်ပြီး အင်အားအကြီးမားဆုံးမြို့လည်း ဖြစ်နိုင်တယ်။ သူလျှိုနှစ်ယောက်ကို ယောရှု စေလွှတ်ရတဲ့ အကြောင်းရင်းက ရင်ဆိုင်ကြုံတွေ့ရမယ့်အရာတွေကို သိချင်ရုံသက်သက်ပါ။ ဒီသူလျှိုတွေဟာ ရာခပ်ရဲ့အိမ်ကိုမှ တမင်ရွေးသွားတယ်ဆိုတာ ထင်ရှားပါတယ်။ ပြည့်တန်ဆာအိမ်ကို ဝင်ထွက်သွားလာနေတဲ့ သူစိမ်းတွေကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ သူလျှိုတွေဟာ လူတွေအမှတ်တမဲ့ ပြောဆိုနေတဲ့ စကားတွေကနေ အရေးကြီးတဲ့ သတင်းတွေရဖို့လည်း မျှော်လင့်နေကြတယ်။

ရာခပ်က “စေတမန်တို့ကို ဧည့်၀တ်ကျေပွန်စွာ လက်ခံ” ခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာကုပ် ၂:၂၅) သူတို့ ဘယ်သူတွေလဲ၊ ဘာကြောင့် ဒီကို ရောက်လာတာလဲဆိုတာ သံသယရှိပေမဲ့ အိမ်ထဲခေါ်သွားပြီး တည်းခိုခွင့်ပြုလိုက်တယ်။ ရာခပ်ဟာ ယေဟောဝါဘုရားအကြောင်း သူတို့ဆီကနေ ထပ်သိနေချင်ပုံရတယ်။

ဒါပေမဲ့ ချက်ချင်းဆိုသလို ဂျေရိခိုဘုရင်ရဲ့ စေတမန်တွေ ရောက်လာကြတယ်။ အစ္စရေးသူလျှိုတွေ ရာခပ်အိမ်မှာ ရောက်နေပြီဆိုတဲ့ သတင်းဟာ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတယ်။ အခု ရာခပ် ဘာလုပ်တော့မလဲ။ အဲဒီသူစိမ်းနှစ်ယောက်ကို ကာကွယ်ပေးမယ်၊ ဝှက်ထားပေးမယ်ဆိုရင် ရာခပ်နဲ့ သူ့မိသားစုတစ်စုလုံးကို ဂျေရိခိုမြို့သားတွေ အပြတ်ရှင်းပစ်လိုက်နိုင်တယ် မဟုတ်လား။ အခု ရာခပ်က သူတို့ ဘယ်သူတွေလဲဆိုတာ သေချာပေါက် သိသွားပြီဆိုတော့ ခါနာန်ဘုရားတွေထက် သာလွန်မြင့်မြတ်တဲ့ ယေဟောဝါဘုရားဘက် ရပ်တည်နိုင်တဲ့ အခွင့်အရေးတစ်ခုလည်း ပေါ်လာတယ်မဟုတ်ဘူးလား။

ရာခပ်မှာ စဉ်းစားဖို့ အချိန်မရှိလို့ မြန်မြန်ဆန်ဆန်ပဲ အကွက်ဆင်ပြီး လုပ်ဆောင်ခဲ့တယ်။ သူလျှိုနှစ်ယောက်ကို အိမ်အမိုးပေါ်ခေါ်သွားပြီး အခြောက်လှန်းထားတဲ့ ပိုက်ဆန်လျှော်ပင်ရိုးတံတွေအောက်မှာ ဝှက်ထားလိုက်တယ်။ ပြီးတော့ ဘုရင်ရဲ့ စေတမန်တွေကို ဒီလိုပြောလိုက်တယ်– “ကျွန်မဆီသို့ လူရောက်သည်မှန်ပါ၏။ သို့ရာတွင် အဘယ်အရပ်က လာသည်ကို မသိပါ။ မိုးချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ သူတို့သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွားသည်ကို မသိပါ။ အလျင်အမြန်လိုက်ကြလော့။ မီကောင်းမီပါလိမ့်မည်။” (ယောရှု ၂:၄၊ ၅) အဲဒီလိုပြောပြီး ဘုရင့်စေတမန်တွေရဲ့ မျက်နှာတွေကို ကြည့်နေတဲ့ ရာခပ်ကို မြင်ယောင်ကြည့်ပါ။ သူတို့များ ရိပ်မိသွားမလားလို့ ရာခပ် စိုးရိမ်ခဲ့မှာပဲ။

ရာခပ်ဟာ အသက်အန္တရာယ်ရှိတဲ့ကြားက ယေဟောဝါဘုရားရဲ့ ကျေးကျွန်နှစ်ယောက်ကို ပိုက်ဆန်လျှော်ပင်ရိုးတံတွေအောက်မှာ ဝှက်ထား

ရာခပ်ရဲ့ ပရိယာယ် အောင်မြင်သွားပါပြီ။ ရှင်ဘုရင်ရဲ့ စေတမန်တွေဟာ ဂျော်ဒန်မြစ်ရဲ့ ရေတိမ်ပိုင်းဘက်ကို ချက်ချင်းလိုက်သွားကြတယ်။ (ယောရှု ၂:၇) အဲဒီအခါမှ ရာခပ်လည်း စိတ်အေးသွားပြီး သက်ပြင်းချနိုင်တော့တယ်။ အမှန်အတိုင်းပြောဖို့မလိုတဲ့ လူသတ်သမားတွေကို ရိုးရိုးလေးအကွက်ဆင်ပြီး လမ်းလွဲသွားအောင် ရာခပ် လမ်းညွှန်ပေးလိုက်တယ်။ ဒီလိုနဲ့ စစ်မှန်တဲ့ဘုရား ယေဟောဝါရဲ့ ကျေးကျွန်တွေကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးလိုက်တယ်။

ပြီးတဲ့နောက် ရာခပ်ဟာ အိမ်မိုးပေါ်ပြေးတက်သွားပြီး သူလျှိုနှစ်ယောက်ကို သူလုပ်ခဲ့တာတွေ ပြောပြလိုက်တယ်။ ဒါ့အပြင် ဂျေရိခိုမြို့သားတွေဟာ စိတ်ပျက်အားလျော့ပြီး ဝင်ရောက်သိမ်းပိုက်တော့မယ့်သူတွေကို ကြောက်လန့်နေတယ်ဆိုတဲ့ အရေးကြီးသတင်းတစ်ခုကိုပါ ပြောပြလိုက်တယ်။ သူလျှိုတွေဟာ အဲဒီသတင်းကို ရလိုက်တဲ့အခါ အားတက်သွားမှာ သေချာတယ်။ ဒီဆိုးညစ်တဲ့ခါနာန်မြို့သားတွေဟာ အစ္စရေးလူမျိုးရဲ့ဘုရား ယေဟောဝါရဲ့တန်ခိုးတော်ကို ကြောက်ရွံ့ထိတ်လန့်နေကြပြီ။ ရာခပ်ပြောတဲ့ ဒီစကားတွေကနေ ကျွန်ုပ်တို့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ကို သိရတယ်– “သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက်ကောင်းကင်ဘုံ၌လည်းကောင်း၊ အောက်အရပ်မြေကြီး၌လည်းကောင်း အစိုးရသောဘုရားသခင် ဖြစ်တော်မူ၏။” (ယောရှု ၂:၁၁) ယေဟောဝါဘုရားနဲ့ပတ်သက်ပြီး သူကြားခဲ့ရတဲ့ သတင်းတွေကြောင့် အစ္စရေးလူမျိုးရဲ့ ဘုရားက ယုံကြည်ကိုးစားထိုက်တဲ့ ဘုရားဖြစ်တယ်ဆိုတာကို သေချာပေါက် သိသွားတယ်။ ဒါကြောင့် ရာခပ်ဟာ ယေဟောဝါဘုရားကို ယုံကြည်ခဲ့တာပါ။

ယေဟောဝါဘုရားက အစ္စရေးလူမျိုးကို အနိုင်ရစေမယ်ဆိုတာ ရာခပ် ယုံကြည်စိတ်ချခဲ့တယ်။ ဒါကြောင့် သူနဲ့အတူ မိသားစုကို ကရုဏာပြပြီး အသက်ချမ်းသာပေးဖို့ အသနားခံခဲ့တယ်။ သူလျှိုတွေလည်း သဘောတူလိုက်တယ်။ ဒါပေမဲ့ သူတို့အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဖို့နဲ့ မြို့ရိုးပေါ်မှာရှိတဲ့ ပြတင်းပေါက်ကနေ အနီရောင်ကြိုးချထားဖို့ ရာခပ်ဆီကနေ ကတိတောင်းခဲ့တယ်။ ဒါမှသာ အစ္စရေးစစ်သားတွေက သူနဲ့သူ့မိသားစုကို ကာကွယ်ပေးနိုင်မှာဖြစ်တယ်။—ယောရှု ၂:၁၂-၁၄၊ ၁၈

ရာခပ်ဆီကနေ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အမှန်တရားတစ်ခုကို သိရှိနိုင်တယ်။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ရောမ ၁၀:၁၇) ယေဟောဝါဘုရားရဲ့ တန်ခိုးတော်၊ တရားမျှတခြင်းတို့နဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သတင်းတွေကို ကြားထားတဲ့အတွက် ရာခပ်ဟာ ကိုယ်တော့်အပေါ် ယုံကြည်ကိုးစားနိုင်ခဲ့တယ်။ ဒီနေ့ခေတ်မှာ ယေဟောဝါဘုရားနဲ့ပတ်သက်တဲ့ အသိပညာအများကြီးကို ကျွန်ုပ်တို့ ရရှိနိုင်ပါတယ်။ သမ္မာကျမ်းစာကို လေ့လာပြီး ယေဟောဝါဘုရားကို သိကျွမ်းလာအောင်၊ ယုံကြည်လာအောင် ကြိုးစားမလား။

ခိုင်ခံ့တဲ့မြို့ရိုး ပြိုလဲ

ရာခပ်အကြံပေးတဲ့အတိုင်း သူလျှိုနှစ်ယောက်ဟာ ပြတင်းပေါက်ကနေ ကြိုးနဲ့ဆင်းပြီး လူတွေမသိအောင် တောင်ပေါ်ကို မြန်မြန်ဆန်ဆန် တက်သွားကြတယ်။ ဂျေရိခိုမြို့မြောက်ဘက်က မတ်စောက်တဲ့ တောင်စောင်းတစ်လျှောက်မှာ ဥမင်လိုဏ်ခေါင်းတွေ အများကြီးရှိတယ်။ အဲဒီနေရာမှာ သူလျှိုတွေ ပုန်းနေနိုင်ခဲ့တယ်။ ပြီးတဲ့နောက် သူတို့ဟာ အစ္စရေးတပ်စခန်းဆီကို ဘေးမသီရန်မခပြန်လာပြီး ရာခပ်ဆီကရခဲ့တဲ့ သတင်းတွေကို ပြန်ပြောပြကြတယ်။

အစ္စရေးလူတွေရဲ့ ဘုရားသခင်ကို ရာခပ် ယုံကြည်ခဲ့

ယေဟောဝါဘုရားက ဂျော်ဒန်မြစ်ရေစီးဆင်းနေတာကို အံဖွယ်နည်းနဲ့ ရပ်တန့်သွားစေပြီး ခြောက်သွေ့နေတဲ့ မြစ်ကြမ်းပြင်ကနေ အစ္စရေးလူမျိုးကို ဖြတ်ကျော်ခွင့် ပေးခဲ့တယ်။ ဒါကို နောက်ပိုင်းမှာ ဂျေရိခိုမြို့သားတွေ သိရှိသွားတဲ့အခါ ကြောက်ရွံ့ထိတ်လန့်ခဲ့မှာ သေချာတယ်။ (ယောရှု ၃:၁၄-၁၇) ဒါပေမဲ့ ရာခပ်အတွက် အဲဒီသတင်းက ယေဟောဝါဘုရားကို ပိုပြီးယုံကြည်စေဖို့ အထောက်အထားဖြစ်ခဲ့တယ်။

အစ္စရေးတပ်က ဂျေရိခိုမြို့ကို တစ်နေ့တစ်ခါ ပတ်ပြီး ချီတက်နေတာ ခြောက်ရက်ရှိသွားပါပြီ။ ဒီနေ့ ခုနစ်ရက်မြောက်နေ့မှာ သူတို့ ချီတက်တာက ခါတိုင်းရက်တွေနဲ့ မတူပါဘူး။ ဒီဆောင်းပါးရဲ့ နိဒါန်းမှာဖော်ပြထားတဲ့အတိုင်း သူတို့ဟာ ဝေလီဝေလင်းအချိန်မှာ ဂျေရိခိုမြို့ကို စပတ်ကြတယ်။ တစ်ပတ်ပတ်ပြီးပေမဲ့လည်း ထပ်ခါထပ်ခါ ပတ်နေကြတယ်။ (ယောရှု ၆:၁၅) အစ္စရေးစစ်တပ် ဘာတွေများ လုပ်နေကြတာလဲ။

ခုနစ်ရက်မြောက်နေ့ ခုနစ်ခါပတ်ပြီးချိန်မှာတော့ ချီတက်တာ ရပ်သွားတယ်။ တံပိုးမှုတ်သံတွေလည်း ရပ်သွားတယ်။ တိတ်ဆိတ်သွားလိုက်တာများ အပ်ကျသံတောင် မကြားရဘူး။ မြို့သားတွေလည်း တော်တော်ကြီးကို ထိတ်လန့်နေကြမှာပဲ။ အဲဒီနောက် ယောရှု အချက်ပြလိုက်တဲ့အချိန်မှာ အစ္စရေးစစ်တပ်က အားမာန်ပါပါ အော်ကြပါလေရော။ ဒီအသံက စစ်ညာသံပေးတာလား၊ အော်ရုံသက်သက်ပဲလားဆိုပြီး ဂျေရိခိုမြို့ရိုးထိပ်မှာရှိတဲ့ အစောင့်တွေ တွေးနေကြမလား။ အဲဒီလိုသာတွေးခဲ့ရင် သူတို့ရဲ့ တွေးထင်မှုဟာ မကြာလိုက်ပါဘူး။ သူတို့ခြေအောက်က မြို့ရိုးကြီးဟာ တုန်ခါကွဲအက်လာပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားပါလေရော။ နောက်ဆုံးတော့ မြို့ရိုးကြီးဟာ မြေပြင်နဲ့ တစ်သားတည်း ဖြစ်သွားတယ်။ ဖုန်မှုန့်တွေ တဖြည်းဖြည်းနဲ့ ရှင်းသွားတဲ့အခါ မြို့ရိုးတစ်ပိုင်းတစ်စကတော့ မပြိုကျဘဲ ကျန်ရှိနေတယ်။ အဲဒါကတော့ ရာခပ်ရဲ့အိမ်ပါပဲ။ ယုံကြည်ခြင်းကြောင့် သူ့ရဲ့အိမ် မပြိုကျဘဲ ကျန်ရစ်ခဲ့တာပါ။ အခု မိသားစုတစ်စုလုံး အသက်ဘေးကနေ လွတ်မြောက်သွားပြီ။ ယေဟောဝါဘုရား ကာကွယ်လိုက်ပုံကို ရာခပ် မြင်တွေ့ရတဲ့အခါ သူ ဘယ်လိုခံစားနေမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါဦး။ *ယောရှု ၆:၁၀၊ ၁၆၊ ၂၀၊ ၂၁

အစ္စရေးလူတွေက ရာခပ်ရဲ့ယုံကြည်ခြင်းကြောင့် သူ့ကို လေးစားခဲ့ကြတယ်။ မြေပြင်နဲ့တစ်သားတည်းကျနေတဲ့ အုတ်ပုံတွေအလယ်မှာ ရာခပ်ရဲ့အိမ်တစ်လုံးတည်း ထီးထီးကြီးရှိနေတာကို သူတို့ မြင်လိုက်တဲ့အခါ အဲဒီအမျိုးသမီးနဲ့ ယေဟောဝါဘုရား အတူရှိနေပါလားဆိုတာကို သိလိုက်ကြတယ်။ ဆိုးညစ်တဲ့ ဒီမြို့ကို ဖျက်ဆီးချိန်မှာ ရာခပ်နဲ့ သူ့မိသားစုကတော့ လွတ်မြောက်သွားပါတယ်။ စစ်ပွဲပြီးတဲ့နောက် ရာခပ်ဟာ အစ္စရေးတပ်စခန်းနားမှာ နေထိုင်ခွင့်ရခဲ့တယ်။ နောင်တစ်ချိန်မှာ ရာခပ်ဟာ အစ္စရေးလူမျိုးအဝင် ဖြစ်လာတယ်။ စာလမုန်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ပြီး သားယောက်ျားလေး ဗောဇကို မွေးဖွားခဲ့တယ်။ ဗောဇ ကြီးပြင်းလာတဲ့အခါ အတုယူထိုက်တဲ့ ယုံကြည်ခြင်းရှိသူ ဖြစ်လာတယ်။ သူဟာ မောဘအမျိုးသမီး ရုသကို လက်ထပ်ခဲ့တယ်။ * (ရုသ ၄:၁၃၊ ၂၂) ယုံကြည်ခြင်းမှာ စံတင်လောက်တဲ့ ရာခပ်မျိုးနွယ်ကနေ ဘုရင်ဒါဝိဒ်နဲ့ မေရှိယဖြစ်တဲ့ ယေရှုခရစ်တို့ ဆင်းသက်လာကြတယ်။—ယောရှု ၆:၂၂-၂၅; မဿဲ ၁:၅၊ ၆၊ ၁၆

ကျွန်ုပ်တို့တစ်ဦးစီဟာ ယေဟောဝါဘုရားရှေ့မှာ အရေးပါတယ်ဆိုတာ ရာခပ်ရဲ့ ဇာတ်လမ်းကနေ သိရှိရပါတယ်။ ကိုယ်တော်ဟာ အားလုံးကိုသိတဲ့အပြင် ကျွန်ုပ်တို့ရဲ့အတွင်းစိတ်ကိုလည်း မြင်ပါတယ်။ ဘုရားသခင်က ရာခပ်ရဲ့ ယုံကြည်ခြင်းကို တွေ့မြင်သလို ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို တွေ့မြင်တဲ့အခါ ကျေနပ်အားရတယ်။ ရာခပ်ဟာ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ တင်ပြခဲ့တယ်။ သူ့ကို “အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူလို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ယာကုပ် ၂:၂၅) ဒါကြောင့် ရာခပ်ရဲ့ ယုံကြည်ခြင်းကို ကျွန်ုပ်တို့ တုပသင့်တယ် မဟုတ်ဘူးလား။

^ စာပိုဒ်၊ 27 စိတ်ဝင်စားစရာက သူလျှိုနှစ်ဦးဟာ ရာခပ်နဲ့ သဘောတူညီချက် ရယူခဲ့တာကို ယေဟောဝါဘုရား အလေးထားတယ်။

^ စာပိုဒ်၊ 28 ရုသနဲ့ဗောဇအကြောင်း ထပ်သိချင်တယ်ဆိုရင် ၂၀၁၂၊ ဇူလိုင် ၁ ရက်ထုတ် နဲ့ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်တွေမှာပါတဲ့ “သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ” ဆောင်းပါးတွေကို ဖတ်ကြည့်ပါ။