မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တာလဲ

ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တာလဲ

 ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တယ်ဆိုတာ ဘာလဲ

 ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့ပုံစံ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့အထဲမှာ ကိုယ့်အသားကို မီးနဲ့တို့တာ၊ ထုတာ၊ ရိုက်နှက်တာနဲ့ ထက်တဲ့အရာတစ်ခုခုနဲ့ ကိုယ့်အသားကို ရှအောင်လှီးတာတွေ ပါဝင်တယ်။ ဒီဆောင်းပါးမှာ ကိုယ့်အသားကို ရှအောင်လှီးတဲ့အကြောင်း ဆွေးနွေးထားပေမဲ့ ဖော်ပြထားတဲ့ အကြံပြုချက်တွေက ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့ ပုံစံအားလုံးနဲ့ သက်ဆိုင်တယ်။

 ဖြေကြည့်ပါ– မှန်သလား၊ မှားသလား။

  1.  ၁။ မိန်းကလေးတွေပဲ ကိုယ့်အသားကို ရှအောင်လှီးပြီး အနာတရဖြစ်အောင် လုပ်ကြတယ်။

  2.  ၂။ ကိုယ့်အသားကို ရှအောင်လှီးတာက “ကိုယ့်အသားကို မခုတ်မရှရ” လို့ ပြောထားတဲ့ ဝတ်ပြုရာ ၁၉:၂၈ ပါ ကျမ်းစာပညတ်ကို ချိုးဖောက်ရာရောက်တယ်။

 အဖြေမှန်–

  1.  ၁။ မှား။ ကိုယ့်အသားကို ရှအောင်လှီးတာက မိန်းကလေးတွေ ပိုလုပ်ကြပုံပေါက်ပေမဲ့ တချို့ယောက်ျားလေးတွေလည်း ကိုယ့်အသားကို ရှအောင်လှီးတာအပြင် တခြားနည်းတွေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တတ်ကြတယ်။

  2.  ၂။ မှား။ ဝတ်ပြုရာ ၁၉:၂၈ ကရှေးခေတ် အယူမှားထုံးတမ်းတစ်ခုကို ပြောတာ ဖြစ်တယ်။ ဒီဆောင်းပါးမှာ ဆွေးနွေးတဲ့ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် လုပ်တဲ့အကျင့်ကို ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ မေတ္တာပြည့်ဝတဲ့ ဖန်ဆင်းရှင်က ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်အောင် မလုပ်စေချင်ဘူးလို့ ကောက်ချက်ချတာ ယုတ္တိရှိပါတယ်။—၁ ကောရိန္သု ၆:၁၂; ၂ ကောရိန္သု ၇:၁; ၁ ယောဟန် ၄:၈

 ဘာကြောင့် လူတွေ အဲဒီလိုလုပ်ကြတာလဲ

 ဖြေကြည့်ပါ– ဘယ်ဖော်ပြချက်က ပိုမှန်မယ်လို့ သင်ထင်သလဲ။

 လူတွေ မိမိကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်ရတာက . . .

  1.  က။ စိတ်ခံစားချက်ကို ဖြေဖို့ ကြိုးစားတာ ဖြစ်တယ်။

  2.  ခ။ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားနေတာ ဖြစ်တယ်။

 အဖြေမှန်– က။ ကိုယ့်အသားကို ရှအောင်လှီးတဲ့သူ အများစုက မသေချင်ကြဘူး။ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို ပြေစေချင်လို့သာ ဖြစ်တယ်။

 ကိုယ်အသားကို ရှအောင်လှီးတဲ့ အကျင့်နဲ့ပတ်သက်ပြီး လူငယ်တချို့ ပြောတာကို သတိပြုကြည့်ပါ။

 စယ်လီယာ– “အဲဒီလိုလုပ်တာက စိတ်သက်သာရာရစေတယ်။”

 တာမရာ– “ထွက်ပေါက်ရသွားသလိုပဲ။ အသားနာတာက စိတ်နာကျင်တာထက် ခံရတာသက်သာတယ်။”

 ကာရီ– “စိတ်ထဲမှာ နာကျင်နေတာမျိုး မကြိုက်ဘူး။ ကိုယ့်အသားကို ရှအောင်လှီးလိုက်တဲ့အခါ စိတ်ခံစားချက်ပေါ် အာရုံမရောက်တော့ဘဲ အသားနာတာဘက် ရောက်သွားတယ်။”

 ဂျရင်း– “ကျွန်မကိုယ်ကျွန်မ အနာတရဖြစ်အောင်လုပ်တိုင်း ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ဘူး။ ကျွန်မရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ကျွန်မထင်တယ်။ ကျွန်မကိုယ်ကျွန်မ အနာတရဖြစ်အောင်လုပ်ပြီး အာရုံပြောင်းလိုက်တော့မှပဲ စိတ်သက်သာသွားတော့တယ်။”

 သင့်မှာ အဲဒီလိုလုပ်တဲ့အကျင့်ရှိနေရင် ဘယ်လိုဖြတ်နိုင်မလဲ

 ယေဟောဝါဘုရားသခင်ကို ဆုတောင်းတာက အဲဒီအကျင့်ကို ဖြတ်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်။ “ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထားလော့” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ပေတရု ၅:၇

 အကြံပြုချက်– “ယေဟောဝါဘုရားသခင်၊ ကူညီပေးပါ” ဆိုပြီး ရိုးရိုးရှင်းရှင်း၊ တိုတိုတုတ်တုတ် စဆုတောင်းပါ။ နောက်ပိုင်းမှာ “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ထံ သင့်ရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ အရှိကိုအရှိအတိုင်း ဆုတောင်းတတ်လာပါလိမ့်မယ်။—၂ ကောရိန္သု ၁:၃၊ ၄

 ဆုတောင်းခြင်းက သင့်ရဲ့ စိတ်ခံစားချက်တွေကို သက်သာစေရုံလောက်ပဲ မဟုတ်ဘူး။ “သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်” လို့ ကတိပြုထားတဲ့ မေတ္တာရှင်ဘုရားသခင်နဲ့ စကားပြောခြင်း ဖြစ်တယ်။—ဟေရှာယ ၄၁:၁၀

 မိမိကိုယ်ကိုယ် အနာတရဖြစ်အောင်လုပ်တဲ့အကျင့်ကို ဖြတ်ချင်တဲ့သူများစွာဟာ မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ လူကြီးတစ်ဦးဦးကို ရင်ဖွင့်ခြင်းကနေလည်း နှစ်သိမ့်မှုရရှိကြတယ်။ အဲဒီလိုလုပ်ခဲ့ကြတဲ့ လူငယ်သုံးယောက်ရဲ့ စကားတွေကို သုံးသပ်ကြည့်ပါ။

 အသေအချာစဉ်းစားထားရမယ့် မေးခွန်းများ

  • သင်အကူအညီ လိုအပ်တဲ့အချိန်မှာ သင် ယုံကြည်စိတ်ချစွာ ရင်ဖွင့်နိုင်တဲ့သူက ဘယ်သူလဲ။

  • ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါဘုရားသခင်ထံ ဆုတောင်းမယ်ဆိုရင် ဘာတွေပြောမလဲ။

  • သင့်ရဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို (ကိုယ့်ကိုယ်ကိုယ်အနာတရ ဖြစ်အောင် မလုပ်ဘဲ) ဖြေလျှော့နိုင်တဲ့ နည်းနှစ်နည်းက ဘာလဲ။