မာတိကာဆီ ကျော်သွား

လူငယ်များအမေး

လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ

လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ

 လူမှုမီဒီယာသုံးဖို့ မိဘတွေ ခွင့်ပြုသလား။ ခွင့်ပြုတယ်ဆိုရင် ဒီဆောင်းပါးက သင့်ဘဝရဲ့အရေးကြီးကဏ္ဍသုံးခုကို အထောက်အကူပြုပါလိမ့်မယ်။

ဒီဆောင်းပါးမှာ

 လူမှုမီဒီယာက ငါ့အချိန်ကို ဘယ်လိုထိခိုက်နေသလဲ

 လူမှုမီဒီယာကို သုံးတာက ကဆုန်ပေါက်နေတဲ့မြင်းကို စီးတာနဲ့တူတယ်။ သူတို့ကို ထိန်းချုပ်ရင်ထိန်းချုပ်၊ မထိန်းချုပ်ရင် သူတို့က ကိုယ့်ကို ထိန်းချုပ်လိမ့်မယ်။

 “လူမှုမီဒီယာက စွဲတယ်။ အချိန်လည်း အများကြီးကုန်တယ်။ ခဏလောက်ပဲဆိုပြီး ကြည့်လိုက်တာ နာရီနဲ့ချီ ကြာသွားရော။”—ဂျိုအန်နာ။

 သင်သိပါသလား။ အဲဒီလိုစွဲလန်းအောင်ကို လူမှုမီဒီယာကို တီထွင်ထားကြတာ။ ဆိုက်တစ်ခု နာမည်ပိုကြီးလေ လူကြည့်ပိုများလေ ကြော်ငြာခပိုရလေဆိုတာ လူမှုမီဒီယာ တီထွင်သူတွေ သိကြတယ်။

 ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘လူမှုမီဒီယာကြည့်ပြီး ဖုန်းပွတ်နေတာနဲ့တင် အချိန်တွေ ကုန်ကုန်သွားသလား။ အဲဒီအချိန်တွေကို ပိုအကျိုးရှိတာတွေလုပ်ဖို့ သုံးနိုင်မလား။’

 လုပ်ဆောင်နိုင်ရာ။ လူမှုမီဒီယာကို အချိန်ဘယ်လောက်ပဲ သုံးမယ်ဆိုပြီး ဆုံးဖြတ်ထားပါ။ သတ်မှတ်ထားချိန်ထက် ပိုမသုံးပါနဲ့။

လူမှုမီဒီယာ သုံးတဲ့အချိန်ကို ကန့်သတ်ပါ

 “ဖုန်းထဲမှာ အက်ပ်တချို့ကို သတ်မှတ်ထားချိန်ထက် ပိုကြည့်လို့မရအောင် လုပ်ထားလိုက်တယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်လိုက်တော့ လူမှုမီဒီယာမှာ အချိန်အများကြီး မဖြုန်းဖြစ်တော့ဘူး။”—တီနာ။

 ကျမ်းစာအခြေခံမူ။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၆

 လူမှုမီဒီယာက ငါ့အိပ်ချိန်ကို ဘယ်လိုထိခိုက်နေသလဲ

 ဆယ်ကျော်သက်တွေဟာ တစ်ညကို အနည်းဆုံး ရှစ်နာရီ အိပ်ဖို့လိုတယ်လို့ ပညာရှင်အများစု ဆိုကြတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်တွေရဲ့ အိပ်ချိန် ပိုပိုနည်းလာတယ်။ အကြောင်းရင်းတစ်ခုက လူမှုမီဒီယာကြောင့် ဖြစ်နိုင်တယ်။

 “မအိပ်ခင် တစ်ချက်လောက် ဖုန်းစစ်ကြည့်မယ်ဆိုပြီး ကိုင်လိုက်ရာကနေ တင်ထားတဲ့ပုံတွေ လိုက်ကြည့်ရင်း နာရီနဲ့ချီ အချိန်ကုန်သွားရော။ အဲဒီအကျင့်ဆိုးကို ကျွန်မ ကြိုးစားဖြတ်နေပါတယ်။”—မာရီယာ။

 သင်သိပါသလား။ အိပ်ရေးမဝရင် စိုးရိမ်ပူပန်ပြီး စိတ်ဓာတ်ကျနိုင်တယ်။ နေလို့ထိုင်လို့ မကောင်းရတဲ့၊ မပျော်ရွှင်နိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုက အိပ်ရေးမဝတာကြောင့်ဖြစ်တယ်၊ အိပ်ရေးပျက်တာ များလာရင် စိတ်ပိုင်းဆိုင်ရာ ပြဿနာကြီးကြီးမားမားတွေ ဖြစ်လာနိုင်တယ်ဆိုပြီး စိတ်ပညာ ပါမောက္ခ ဂျင်း အမ်တွမ် ပြောတယ်။ a

 ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘တစ်ည အိပ်ချိန် ဘယ်လောက်ရှိသလဲ။’ ‘အိပ်ရာဝင်ဖို့ နားနားနေနေ နေရမယ့်အချိန်မှာ ဖုန်းပွတ်ပြီး လူမှုမီဒီယာ သုံးနေသလား။’

 လုပ်ဆောင်နိုင်ရာ။ ညဘက်မှာ အီလက်ထရွန်နစ် ကိရိယာတွေကို အိပ်ခန်းထဲ မထားပါနဲ့။ ဖြစ်နိုင်ရင် အိပ်ရာမဝင်ခင် နှစ်နာရီလောက်ကတည်းက မကြည့်ပါနဲ့။ မနက်အိပ်ရာထဖို့ နှိုးစက်လိုတယ်ဆိုရင်လည်း ဖုန်း၊ တက်ဘလက်ထဲက မဟုတ်တဲ့ နှိုးစက်ကို သုံးကြည့်ပါ။

အိပ်ရာမဝင်ခင် နာရီအနည်းငယ်အလိုကတည်းက လူမှုမီဒီယာ မသုံးပါနဲ့

 “တစ်ခါတလေ ညနက်တဲ့အထိ ဖုန်းသုံးဖြစ်တယ်။ ဒါပေမဲ့ အဲဒီအကျင့်ကို ပြင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော် ပိုရင့်ကျက်တဲ့သူ၊ တာဝန်ယူနိုင်စွမ်းရှိတဲ့သူ ဖြစ်ချင်တယ်။ အိပ်ရာ စောစောဝင်မှပဲ နောက်တစ်နေ့ လန်းလန်းဆန်းဆန်းနဲ့ လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်နိုင်မှာ။”—ဂျေရမီ။

 ကျမ်းစာအခြေခံမူ။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ။’—ဖိလိပ္ပိ ၁:၁၀

 လူမှုမီဒီယာက ငါ့စိတ်ကို ဘယ်လို ထိခိုက်နေသလဲ

 လေ့လာမှုတစ်ခုအရ အထက်တန်းကျောင်းသူ တစ်ဝက်နီးပါးဟာ “အမြဲလိုလို ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့သလို ခံစားကြတယ်။” အကြောင်းရင်းတစ်ခုက လူမှုမီဒီယာကြောင့် ဖြစ်နိုင်တယ်။ “လူမှုမီဒီယာမှာ အချိန်ပိုသုံးပြီး တခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်မိလေ ပိုစိတ်ဓာတ်ကျလေပဲ” လို့ ဒေါက်တာ လဲနာ့ဆက် ပြောတယ်။ b

 “လူငယ်တွေက ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်။ လူမှုမီဒီယာသုံးတော့ ပိုဆိုးသွားတာပေါ့။ သူများတွေ တင်ထားတဲ့ ပုံကို ဟိုဟိုဒီဒီ နာရီနဲ့ချီ ကြည့်ပြီး သူတို့ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်မိနိုင်တယ်။ သူငယ်ချင်းတွေ ပျော်ပါးနေတဲ့ပုံကို ကြည့်ပြီး သူတို့လောက် ငါမပျော်ရပါလားလို့ ခံစားမိနိုင်တယ်။”—ဖီးဘီ။

 သင်သိပါသလား။ လူမှုမီဒီယာသုံးပြီး သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်ပေမဲ့ လူချင်းတွေ့ပြီး စကားပြောရတဲ့ အရသာနဲ့တော့ ဘယ်လိုမှ မတူနိုင်ဘူး။ “လူတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ ဆက်သွယ်နားလည်နိုင်ဖို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဖို့လိုတယ်။ ဒါကြောင့် အီလက်ထရောနစ် ကိရိယာသုံးပြီး ဆက်သွယ်တာက လူကိုယ်တိုင် ဆက်သွယ်တာလို လေးနက်မှု၊ ပျော်ရွှင်ကျေနပ်မှု မပေးနိုင်ဘူး” လို့ ဒေါက်တာ နီကလပ်စ် ခါဒရက် ရေးခဲ့တယ်။ c

 ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘သူငယ်ချင်းတွေ သွားလာလှုပ်ရှားခဲ့တဲ့ပုံတွေကို ကြည့်ပြီးတဲ့နောက် အထီးကျန်သလို ခံစားရသလား။’ ‘လူမှုမီဒီယာမှာ သူတို့တင်ထားတဲ့ ပုံတွေကို ကြည့်ပြီး သူတို့ဘဝက ပျော်စရာကြီး၊ ငါ့ဘဝက ပျင်းစရာကြီးလို့ ခံစားရသလား။’ ‘ငါတင်လိုက်တဲ့ ပုံ/ဗီဒီယိုကို ကြိုက်တဲ့သူ နည်းရင်/မရှိရင် စိတ်ဓာတ်ကျသလား။’

 လုပ်ဆောင်နိုင်ရာ။ လူမှုမီဒီယာကို ရက်အနည်းငယ်၊ တစ်ပတ် ဒါမှမဟုတ် တစ်လလောက် မသုံးဘဲ နေကြည့်ပါ။ သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ ပိုဆက်သွယ်နိုင်ဖို့ ကြိုးစားပါ။ လူမှုမီဒီယာကို ဖြတ်လိုက်တဲ့အခါ စိတ်ဓာတ်သိပ်မကျတော့ဘဲ ပိုပျော်လာတာကို သတိထားမိပါလိမ့်မယ်။

မိတ်ဆွေတွေနဲ့ လူကိုယ်တိုင်တွေ့ဆုံပြီး အချိန်ပိုသုံးနိုင်မလား

 လူမှုမီဒီယာ သုံးတုန်းက တခြားသူတွေ ဘာလုပ်နေသလဲဆိုတာကိုပဲ အာရုံစိုက်နေမိတယ်။ ကျွန်မရဲ့အကောင့်ကို ဖျက်လိုက်တော့ လွတ်လပ်ပေါ့ပါးသွားသလို ခံစားရတယ်။ ပိုအကျိုးရှိတာတွေလုပ်ဖို့ အချိန်ရလာတယ်။”—ဘရီအန်နာ။

 ကျမ်းစာအခြေခံမူ။ “လူတိုင်း ကိုယ့်လုပ်ရပ်တွေကိုပဲ ဆန်းစစ်ပါ။ သူတစ်ပါးနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒါဆိုရင် ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ပျော်ရွှင်ကျေနပ်ရလိမ့်မယ်။”—ဂလာတိ ၆:၄

a iGen စာအုပ်။

b Why Gender Matters စာအုပ်။

c Glow Kids စာအုပ်။