ကမ္ဘာဦး ၉:၁-၂၉

  • လူအားလုံး​အတွက် ညွှန်ကြားချက် (၁-၇)

    • သွေး​နဲ့ပတ်သက်တဲ့ ပညတ် (၄-၆)

  • သက်တံ ကတိ (၈-၁၇)

  • နောဧ​ရဲ့​သားမြေး​တွေ​အကြောင်း ကြိုဟောချက် (၁၈-၂၉)

 ဘုရား​သခင်​က နောဧ​နဲ့​သား​တွေကို ကောင်းချီး​ပေးတယ်– “သားသမီး​တွေ အများကြီး​မွေး​ပြီး ကမ္ဘာမြေကို ပြည့်စေ​ကြ။+ ၂  ကုန်း​သတ္တဝါ​တွေ၊ ပျံ​တတ်တဲ့​သတ္တဝါ​တွေ၊ တွားသွား​သတ္တဝါ​တွေ၊ ပင်လယ်​ငါး​တွေ​က မင်း​တို့ကို အမြဲ​ကြောက်ရွံ့​နေ​လိမ့်မယ်။ တိရစ္ဆာန်တွေကို မင်း​တို့​လက်ထဲ ငါ​အပ်​လိုက်​ပြီ။+ ၃  မြေပေါ်​က သက်ရှိ​တိရစ္ဆာန်တွေကို စား​နိုင်တယ်။+ စိမ်းလန်း​တဲ့​အပင်​တွေ​လိုပဲ တိရစ္ဆာန်​တွေကိုလည်း မင်း​တို့​စား​ဖို့ ငါ​ပေးတယ်။+ ၄  သွေး​ဟာ အသက်​ဖြစ်လို့+ သွေး​ပါတဲ့​အ​သားကို​တော့ မစား​နဲ့။+ ၅  ဒါ့အပြင် တစ်ယောက်ယောက်​က မင်း​တို့ကို သတ်​ခဲ့​ရင် အသက်​ဖြစ်တဲ့ သူ့ရဲ့​သွေး​ကို ငါ​ပြန်​တောင်း​မယ်။ တိရစ္ဆာန်​က သတ်​ရင် အဲဒီ​တိရစ္ဆာန် သေ​ရမယ်။ လူ​လူ​ချင်း​သတ်​ရင် သတ်​တဲ့​သူ သေ​ရမယ်။+ ၆  လူကို ဘုရားသခင့် ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​ထားတာ​ဖြစ်လို့+ လူ​လူ​ချင်း​သတ်​ရင် သတ်​တဲ့​သူ​ကို ပြန်​သတ်​ရမယ်။+ ၇  မင်း​တို့​က​တော့ သားသမီး​တွေ အများကြီး​မွေး​ပြီး ကမ္ဘာမြေကို ပြည့်စေ​ကြပါ။”+ ၈  အဲဒီနောက် ဘုရား​သခင်​က နောဧ​နဲ့​သား​တွေကို ပြောတယ်– ၉  “အခု၊ မင်း​တို့​နဲ့ နောင်​သားစဉ်မြေးဆက်​တွေ၊ ၁၀  သင်္ဘော​ထဲက​ထွက်လာတဲ့ ငှက်​တွေ၊ တိရစ္ဆာန်တွေ၊ ကုန်း​သတ္တဝါ​တွေကို+ ငါ​ကတိ​ပေးတယ်။+ ၁၁  သက်ရှိ​အားလုံးကို ဘယ်တော့မှ ရေလွှမ်းမိုးဘေး​နဲ့ မဖျက်ဆီး​တော့ဘူး။ ကမ္ဘာမြေကို​လည်း ဘယ်တော့မှ ရေလွှမ်းမိုးဘေး​နဲ့ မဖျက်ဆီး​တော့ဘူးလို့ ငါ​ကတိ​ပေးတယ်။”+ ၁၂  ဘုရား​သခင် ဆက်​ပြောတယ်– “မင်း​တို့​ကိုရော သတ္တဝါ​အားလုံးကို​ပါ ငါ​ပေးထားတဲ့​ကတိ​ဟာ နောင်​လူမျိုးဆက်​တွေ​အထိ အမြဲ​တ​ည်​နေမယ်။ အဲဒီ​ကတိ​အတွက် အထောက်အထား​က​တော့၊ ၁၃  မိုးတိမ်​မှာ ငါ​ထားတဲ့ သက်တံ​ပဲ။ အဲဒီ​သက်တံ​ဟာ ကမ္ဘာမြေကို​ပေးထားတဲ့ ကတိ​အတွက် အထောက်အထား ဖြစ်​လိမ့်မယ်။ ၁၄  ကောင်းကင်မှာ မိုးတိမ်​တွေ တက်​လာတဲ့အခါ​တိုင်း တိမ်​တွေ​မှာ သက်တံ​ပေါ်လာ​မယ်။ ၁၅  အဲဒီအခါ မင်း​တို့​ကိုရော သတ္တဝါ​အားလုံးကို​ပါ ငါ​ပေးထားတဲ့​ကတိ​ကို ဆက်ဆက်​သတိရ​မယ်။ သက်ရှိ​တွေဟာ ရေလွှမ်းမိုးဘေး​ကြောင့် ဘယ်တော့မှ မပျက်စီး​ရတော့​ဘူး။+ ၁၆  မိုးတိမ်​မှာ သက်တံ​ပေါ်လာ​တာကို မြင်တဲ့အခါ ကမ္ဘာမြေပေါ်​က သတ္တဝါ​အားလုံးကို ငါ​ပေးထားတဲ့ အမြဲ​တ​ည်တဲ့​ကတိ​ကို သတိရ​မယ်။” ၁၇  “ဒါဟာ ကမ္ဘာမြေပေါ်​က သက်ရှိ​အားလုံးကို​ပေးထားတဲ့ ငါ​ရဲ့​ကတိ​အတွက် အထောက်အထား​ပဲ”+ လို့ နောဧ​ကို ဘုရား​သခင် ထပ်ပြော​တယ်။ ၁၈  သင်္ဘော​ထဲက​ထွက်လာတဲ့ နောဧ​ရဲ့​သားတွေ​က ရှေမ၊ ဟာ​မ၊ ယာ​ဖက်။+ နောက်ပိုင်းမှာ ဟာ​မက သား​ခါနန်​ကို ရတယ်။+ ၁၉  ကမ္ဘာမြေပေါ်​က လူအားလုံး​ဟာ နောဧ​ရဲ့​သား​သုံးယောက်​က​နေ ဆင်းသက်​လာပြီး နေရာအနှံ့ ပျံ့နှံ့​သွား​ကြ​တယ်။+ ၂၀  နောဧ​က လယ်ယာ​လုပ်ကိုင်ပြီး စပျစ်ခြံ စိုက်ပျိုး​တယ်။ ၂၁  တစ်နေ့၊ သူ စပျစ်ဝိုင်​သောက်​ပြီး မူး​လာတဲ့အခါ တဲ​ထဲမှာ အဝတ်​ဗလာ ဖြစ်နေတယ်။ ၂၂  ခါနန်​ရဲ့​အဖေ ဟာ​မက နောဧ အဝတ်​ဗလာ​ဖြစ်နေ​တာကို တွေ့​သွား​ပြီး အပြင်မှာ​ရှိတဲ့ အစ်ကို​နှစ်ယောက်ကို ပြောပြ​တယ်။ ၂၃  အဲဒီအခါ ရှေမ​နဲ့ ယာ​ဖက်​က အဝတ်​ကို​ယူ၊ ပခုံး​ပေါ်​တင်၊ နောက်​ပြန်လျှောက်​ပြီး အဝတ်​ဗလာ​ဖြစ်နေတဲ့ အဖေ့ကို ဖုံး​လိုက်တယ်။ သူတို့က မျက်နှာလွှဲ​ထားတဲ့အတွက် အဖေ အဝတ်​ဗလာ​ဖြစ်နေ​တာကို မမြင်​ဘူး။ ၂၄  နောဧ​က အ​မူး​ပြေပြီး နိုးလာ​တော့ သားထွေး​ရဲ့​လုပ်ရပ်​ကို သိသွား​တယ်။ ၂၅  ဒါနဲ့ နောဧ​က “ခါနန်​ဟာ ကျိန်စာသင့်​ပါ​စေ။+ ညီအစ်ကို​တွေ​ဆီမှာ အနိမ့်ကျဆုံး​ကျွန် ဖြစ်​ပါ​စေ”+ လို့​ပြောတယ်။ ၂၆  “ရှေမ​ရဲ့​ဘုရား​သခင် ယေဟောဝါကို ချီးမွမ်း​ကြ။ရှေမ​ဆီမှာ ခါနန် ကျွန်ခံ​ရ​ပါ​စေ။+ ၂၇  ယာ​ဖက်​ကို ကျယ်ဝန်း​တဲ့​မြေ ဘုရား​သခင် ပေးသနား​ပါ​စေ။ယာ​ဖက်​ဟာ ရှေမ​ရဲ့​တဲ​တွေ​မှာ နေထိုင်​ရ​ပါ​စေ။ သူ့​ဆီမှာ​လည်း ခါနန် ကျွန်ခံ​ရ​ပါ​စေ” လို့ ထပ်ပြော​တယ်။ ၂၈  နောဧ​က ရေလွှမ်းမိုးဘေး​ပြီးနောက် နှစ်ပေါင်း ၃၅​၀ ဆက်​အသက်ရှင်​တယ်။+ ၂၉  အသက် ၉၅​၀ မှာ နောဧ သေဆုံးသွားတယ်။

အောက်ခြေမှတ်ချက်များ